အာဆင်နယ် အသင်းဟာ ခံစစ်ပိုင်း အားဖြည့်ဖို့ အတွက် အထူး လိုအပ် နေပေမယ့်လည်း မန်စီးတီး စတား ဂျွန်စတုန်းဟာ အာဆင်နယ် အတွက် လက်တွေ့ မကျတဲ့ ရွေးချယ်မှုလို့ ပြောခံလိုက် ရပါတယ်။ တော့တင်ဟမ် ကွင်းလယ်လူဟောင်း အိုဟားရား က ဂျွန်စတုန်း နဲ့ မန်စီးတီး တို့ရဲ့ ပက်သက်မှုဟာ အဆုံးသတ်ပိုင်းကို ရောက်လာတော့မှာ ဖြစ်တယ်လို့ မှန်းဆလိုက်ပြီး အင်္ဂလန် စတား အနေနဲ့ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့ဖို့ အတွက် ပစ်မှတ် ထားသင့်တယ်လို့ ဆိုလိုက်ကာ အကြောင်းရင်း ကတော့ ၎င်းဟာ အာဆင်နယ် အသင်း အတွက် အရမ်း ကောင်းလွန်း နေတာကြောင့်လို့ ပြောသွား ပါတယ်။

စတုန်းဟာ စီးတီးမှာ ဒဏ်ရာ ပြသနာတွေ ၊ ခြေစွမ်း မတည်ငြိမ် မှုတွေနဲ့ ရုန်းကန် နေခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ပွဲသာ ပွဲထွက်ခွင့် ရခဲ့ ပါတယ်။ မန်နေဂျာ ပက်ဂွာဒီယိုလာ ဟာ ခရစ်စတယ်ပဲလေ့စ်ကို အနိုင် ရခဲ့တဲ့ ပွဲစဉ်နဲ့ ကြားရက်က အတ္တလန်တာ အသင်းကို ၅-၁ နဲ့ အနိုင် ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ စတုန်းကို အရန်ခုံမှာသာ ထိုင်ခိုင်း ခဲ့ပြီး ကွင်းလယ် ခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ ရိုဒရီ နဲ့ ဖာနန်ဒင်ညို တို့ အတွဲကို ပိုမို ယုံကြည်ကာ ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

အိုဟားရား ကတော့ စီးတီးမှာ စတုန်းရဲ့ အနာဂတ် မရှိနို်င်တော့ ဘူးလို့ သုံးသပ်လိုက်ပြီး အင်္ဂလန် စတားဟာ ရီးရဲယ် အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ထောက်ခံလိုက် ပါတယ်။

အိုဟားရား က “ကျွန်တော် စတုန်းကို တကယ် ကြိုက်ပါတယ်။ ကျွန်တော် ကတော့ စီးတီးမှာ သူ့ရဲ့ အနာဂတ် ပြီးဆုံး သွားပြီလို့ ထင်ပါတယ်။ ပက်ဟာ သူ့ထက် စာရင် ဗဟို နောက်ခံလူ နေရာမှာ ကွင်းလယ် ခံစစ် ကစားသမား ၂ ဦးကို ဦးစားပေး ရွေးချယ် ခဲ့ပါတယ်။ ကျွန်တော့် အတွက် ကတော့ ဒါဟာ သူ့အတွက် နောက်ဆုံး ရာသီလို့ ထင်ပါတယ်။ ကျွန်တော် သူ့ကို ကြည့်လိုက်တဲ့ အခါမှာ သူ ရီးရဲယ်မက်ဒရစ်ကို သွားသင့် တယ်လို့ ပြောချင် ပါတယ်။

ရီးရဲယ်မှာ ရာဖေး ဗာရန်း နဲ့ ဆာဂျီယို ရာမို့စ် တို့ ရှိနေ ပါတယ်။ ဒါပေမယ့် ရာမို့စ်ဟာ ကစားသမား ဘဝ အဆုံးသတ်ပိုင်းကို ရောက်နေပြီး သူတို့ဟာ ခံစစ်ပိုင်းမှာ ရုန်းကန် နေရပါတယ်။ သူတို့မှာ ဒီအပြင် အခြား အားကိုး ရတဲ့ ခံစစ်မှုး မရှိပါဘူး။ စတုန်းဟာ ရီးရဲယ်မက်ဒရစ် လို အသင်း နဲ့ အံကိုက်ပဲလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ကမ္ဘာ့အဆင့် ကစားသမား ပြန်ဖြစ် လာနိုင် ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ စီးတီးမှာ လမ်းပျောက် သွားခဲ့လို့ပါ။

အခု ဆိုရင် အင်္ဂလန် ကစားသမားတွေ ပြည်ပထွက် ကစား နေကြတာကို မြင်နေ ရမှာပါ။ ကျွန်တော် ကတော့ သူဟာ လာလီဂါ ရဲ့ ကစားဟန် နဲဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ်။ ထရစ်ပီယား ကလည်း ပြည်ပ ထွက်ကစား နေပြီး အက်သလက်တီကို မှာ အကောင်းဆုံး လုပ်ပြ နေပါတယ်။ ကျွန်တော် ကတော့ စတုန်းဟာ ရီးရဲယ်မက်ဒရစ် အသင်းနဲ့ အံဝင် ခွင့်ကျ ဖြစ်ကာ ကမ္ဘာ့အဆင့် ကစားသမား ပြန်ဖြစ်လာ နိုင်တယ်လို့ ထင်ပါတယ်။” လို့ ပြောခဲ့ ပါတယ်။

အာဆင်နယ် အသင်းဟာ ခံစစ်ပိုင်း ပြသနာတွေ ကြုံတွေ့ နေရပြီး စတုန်း အနေနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွေ့ သင့်သလား ဆိုပြီး အိုဟားရားကို မေးမြန်း ခဲ့ပါတယ်။

တော့တင်ဟမ် ကွင်းလယ်လူဟောင်း က “ကျွန်တော် ကတော့ သူ အာဆင်နယ် အသင်း ကို မပြောင်းသင့်ဘူးလို့ ထင်ပါတယ်။ သူ့အနေနဲ့ အာဆင်နယ် နောက်တန်း မှာ ပုံမှန် ပွဲထွက်ခွင့် ရမှာ ဖြစ်ပေမယ့် ကျွန်တော် ကတော့ သူဟာ အာဆင်နယ် အသင်း အတွက် အရမ်း ကောင်းလွန်း နေတဲ့ ကစားသမားလို့ ထင်ပါတယ်။ အမှန်ပါပဲ။ သူဟာ အရမ်း ကောင်းလွန်း နေပါတယ်။

ကျွန်တော်ဟာ ဂျွန်စတုန်းကို အရမ်း နှစ်သက်တဲ့ ကစားသမားပါ။ သူဟာ အမှားအယွင်းတွေ ကျူးလွန် ခဲ့သလို ဒဏ်ရာ ပြသနာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာ့ ထိပ်တန်း ဗဟို နောက်ခံလူ ဖြစ်လာ နိုင်တဲ့ အလားအလာ ကို ပိုင်ဆိုင် ထားဆဲလို့ ထင်ပါတယ်။ သူ အသင်း ပြောင်းရွေ့ ရတော့မယ် ဆိုရင် ရီးရဲယ်မက်ဒရစ် လို နေရာမျိုးကိုပဲ သွားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

SM