ဂန်းနားတိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီ ဟာ ယနေ့ နံနက် က ပေါ်တူဂီ ကလပ် ဗီတိုးရီးယား ဂွီမာရေစ့် အသင်းကို သုံးဂိုး နှစ်ဂိုး နဲ့ ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်း လူငယ် ကြယ်ပွင့် မာတီနယ်လီ ရဲ့ ခြေစွမ်းကို အထူး ချီးမွမ်း သွားခဲ့ပါတယ် ။

ဗီတိုးရီးယား ဂွီမာရေစ့် အသင်းနဲ့ ပွဲမှာ မာတီနယ်လီ ဟာ အာဆင်နယ် အသင်း တိုက်စစ်ကို လာကာဇက် နဲ့ အတူ ဦးဆောင် ပွဲထွက် လာပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သလို ချေပဂိုး တစ်ဂိုးကိုလည်း ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ် ။

ဘရာဇီး လူငယ် ကြယ်ပွင့် မာတီနယ်လီ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလကမှ ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာသူလည်း ဖြစ်ပါတယ် ။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ မာတီနယ်လီ ဟာ နော်တင်ဟမ်ဖောရက်စ် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲမှာကော စတန်းဒက်လိဂ် အသင်းနဲ့ ယူရိုပါလိဂ် ပွဲမှာပါ အသင်းအတွက် ပွဲထွက် ကစားပြီး နှစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့တာကြောင့် ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် စုစုပေါင်း သွင်းဂိုး ငါးဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကစားသမား ဘဝက အနားယူပြီးနောက် ဘောလုံး ဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဗန်ပါစီ က BT Sport မှာ မာတီနယ်လီ ဟာ အသက်အရွယ် ငယ်ရွယ်တဲ့ အချိန်မှာတင် သူ့ထက် ပိုကောင်းတဲ့ ကစားသမား တစ်ဦး ဆိုတာ ပြသထားနိုင်ကြောင်း ဝန်ခံ ချီးကျူး သွားခဲ့ပါတယ် ။

ဗန်ပါစီ က ” သူ(မာတီနယ်လီ ) က ဂိုးပေါက်က ဘယ်နေရာမှာ ရှိတယ် ၊ ဘယ်လို ပိတ်သွင်း ရမလဲဆိုတာ ကောင်းကောင်း သိပုံပါပဲ ၊ သူနဲ့ ပတ်သက်ပြီး ကျနော် သဘောကျ နှစ်သက်မိတာက အသင်းနဲ့ ချိတ်ဆက် ကစားမှု အားကောင်းတာပါ ။ ”

” နောက်ပြီး နည်းစနစ်ပိုင်းလည်း ကျွမ်းကျင် ကြေညက်ပါတယ် ၊ သူ ကစားတာကို ကြည့်ရတာ အတော်လေး ကြည့်ကောင်းသလို အသက်ကလည်း ခုမှ ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ရွေ့လျားပုံ ၊နေရာယူပုံတွေက ကောင်းမွန်ပြီး နေရာလွှတ်တွေကို အမြဲတမ်း ရှာဖွေ နေတတ်သူပါ ။ ”

” ကျနော်လည်း သူ့ အသက်အရွယ်လောက်တုန်းက သူ့လိုပဲ တောင်ပံမှာ ကစားခဲ့ရတာပါ ၊ နောက်ပိုင်းကျရင် သူက ပိုတောင် ကောင်းလာဦးမှာပါ ။ ” လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။ မာတီနယ်လီ ဟာ ယူရိုပါလိဂ် အုပ်စု ဒုတိယပွဲစဉ်ရဲ့တစ်ပတ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR