ဟော်လန် အသင်းရဲ့ဂိုးသမား ဖြစ်သူ ဆီလက်စ်ဆန် ကနိုင်ငံအသင်းဖော် ဒီလစ်ဂ်ျဟာ ဘာစီလိုနာ အသင်းမှာ ကစားနိုင်တဲ့ အရည် အသွေးရှိသူဖြစ်ပြီး နူးကမ့် မြေကို ပြောင်းလာဖို့ စဉ်းစားကောင်းစဉ်းစားနိုင်ဖွယ်ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ဒီလစ်ဂ်ျ ဟာ ဥရောပရဲ့ အထွန်းတောက် ဆုံး ကြယ်ပွင့်တွေထဲက တဦးဖြစ်ပြီး ဒီရာသီမှာ အေဂျက် အသင်းအတွက် ဟော်လန်လိဂ်ချန်ပီယံ ဆုကြီးနဲ့ ဟော်လန် FA ဖလားတွေကို ရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။သူဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် အသင်းခေါင်းဆောင် အဖြစ် အကောင်းဆုံးဦးဆောင်ပြီး ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်ထားစေခဲ့လို့ ဥရောပ ထိပ်တန်း အသင်း အများစု ရဲ့ ပစ်မှတ်အဖြစ် ရှိနေတာဖြစ်ပါတယ်။

သတင်းတွေ အရ သူ့ကို ဂျူဗီ၊ ဘိုင်ယန်၊ PSG ၊ မန်ချက်စတာမြို့ခံနှစ်သင်း နဲ့ လီဗာပူးတို့ က စိတ်ဝင်စားနေတယ်လို့ သိရပြီးအသင်းဖော် ဒီဂျောင် ပြောင်းရွှေ့သွားခဲ့တဲ့ ဘာစီလိုနာကို ရောက်ဖို့ ရေပန်းအစားဆုံး အဖြစ်ရှိနေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၃နှစ်လောက်တုန်းက အေဂျက် အသင်းကနေ ဘာစီလိုနာ ကိုပြောင်းရွှေ့ခဲ့တဲ့ ဆီလက်စ်ဆန်ကတော့ ဒီလစ်ဂ်ျ ဟာလည်း သူ့ရဲ့ ကစားသမားဘဝ နောက်တဆင့် မြင့်တက်နိုင်မယ့် ကိစ္စကို ဂရုတစိုက်ဆုံးဖြတ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

Mundo Deprtivo နဲ့ အင်တာဗျူးမှာ ဆီလက်စ်ဆန်က – – “ကျွန်တော် ဟာဒီလစ်ဂ်ျရဲ့ စိတ်ကူးတွေ ရည်မှန်းချက်တွေ အကြောင်းကို ဒီဂျောင်နဲ့ တုန်းကလိုပဲ မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ကိုယ်ပိုင်လုပ်ရမယ့် အရာဖြစ်တယ်လို့ လည်း ကျွန်တော်ပြောထားပါတယ်။သူဟာ လူတော်တယောက်ဖြစ်လို့ ဘာလုပ်ရမယ်ဆိုတာကို သိနားလည်ပါတယ်။ကျွန်တော်ကဆုံးဖြတ်မပေးနိုင်လို့ ကိုယ်တိုင်ဘာလုပ်သင့်တယ်ဆိုတာသိဖို့ ကျွန်တော်သူ့ကိုပြောထားပါတယ်။ကျွန်တော်ပြောနိုင်တာကတော့ ဘာစီလိုနာအသင်းရဲ့ကောင်းကြောင်းတွေပဲဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒီအသင်းဟာကြီးကျယ်ခန်းနားတဲ့ အသင်းတသင်းဖြစ်လို့ပါပဲ ” လို့ပြောခဲ့ပါတယ်။

ဒီလစ်ဂ်ျဟာ နူးကမ့်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါက ပွဲထွက်ခွင့်တနေရာစာအတွက် ပီကေး၊ လင်လက်ဂ်ျ၊အမ်တီတီ တို့ နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ဒါပေမယ့် သူဟာ ဘာစီလိုနာမှာ ကစားဖို့ အဆင့်မီသူဖြစ်တယ်လို့ ဆီလက်စ်ဆန်ကဆိုပါတယ်။ဆီလက်စ်ဆန်က ဆက်လက်ပြီး – – ” ဒီလစ်ဂ်ျဟာ အရည်အသွေးကြွယ်ဝသူဖြစ်ပါတယ်။ဒါတောင် အသက် ၁၉နှစ်အရွယ်သာရှိသေးပြီးအရမ်းငယ်သေးတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ အရည်အသွေးမြင့် ကစားသမားတွေ လိုအပ်နေတာဖြစ်ပြီး သူ့မှာ ဒါတွေပိုင်ဆိုင်ထားပါတယ် ” လို့ပြောခဲ့ပါတယ်။

ဆီလက်စ်ဆန်ဟာ ပြီးခဲ့တဲ့ ၃နှစ်တာကာလအတွင်း မှာ တာစတီဂျန် ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာကစားနေရပြီး အခုနွေမှာ ဗလင်စီယာ ကိုပြောင်းဖို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆီလက်စ်ဆန်က – – ” ဘာတွေဖြစ်သွားမ်ယ်ဆိုတာ အခုတော့ ကျွန်တော်မသိသေးပါဘူး။Nations Leagueပွဲတွေပြီးရင်တော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်မှာဖြစ်ပြီး ဘာတွေဖြစ်သွားမယ်ဆိုတာ အားလုံးသိရပါလိမ့်မယ်။ဗလင်စီယာဆိုတာ အသင်းကောင်းတသင်းဖြစ်ပေမယ့် ကျွန်တော့်အေးဂျင့်နဲ့ ဘာမှ မပြောရသေးလို့ ဘာဖြစ်လာမယ်မသိသေးပါဘူး။လာမ်ယ့် ဖိုင်နယ် ပွဲအပြီးမှပဲ ဒီအကြောင်းကို အေဂျင့်နဲ့ ဆွေးနွေးတိုင်ပင်သွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

#Sports_Myanmar