ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ည က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ အေဂျက်ဇ် အသင်း ကို လူစားဝင် တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီ ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အတူ အနိုင် ရခဲ့ကာ လက်ရှိ အုပ်စု H ရဲ့ အဆင့် ၁ နေရာ ကို ရယူ ထားနိုင် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ မှာ အေဂျက်ဇ် အသင်း ကိုပဲ အုပ်စု ဒုတိယ အကျော့ ပွဲစဉ် အဖြစ် အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ရဦးမှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ က လောလောဆယ် မှာ ၄င်းတို့ဟာ ချန်ပီယံလိဂ် အုပ်စု H ကို ဦးဆောင် နေပေမယ့် လက်ကျန် ပွဲစဉ် ၃ပွဲ ကစားဖို့ ကျန်ရှိ သေးတာကြောင့် ဒုတိယ အကျော့ ပွဲစဉ် တွေကိုလည်း ဆကလက် အနိုင် ကစားရမှာ ဖြစ်ကြောင်း နဲဲ့ မနက်ဖြန် မှာ ကစားမယ့် ဘန်လေ အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကိုလည်း အပြည့်အဝ အာရုံစိုက်ဖို့ အသင်းဖော် တွေကို တိုက်တွန်း ပြောဆို ခဲ့ပါတယ် ။

ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ အက်ဇ်ပီ က ” အေဂျက်ဇ် ကို အနိုင် ရခဲ့တာ ဟာ ကျွန်တော် တို့ အတွက် တကယ် ကြီးမားတဲ့ ရလဒ် ဖြစ်ပါတယ် ။ ကျွန်တော် တို့ဟာ နယ်သာလန် ကို လာပြီး ရမှတ် အပြည့် ရယူဖို့ ပစ်မှတ် ထားခဲ့တာပါ ။ အခုတော့ ကျွန်တော် တို့ လိုချင်တဲ့ ရလဒ် ကို ရရှိ ခဲ့ပြီ ဖြစ်သလို ၊ အဆုံးထိ ကျွန်တော် တို့ရဲ့ ကြိုးစားမှု ကို ရပ်တန့် လို့ မရတော့ပါဘူး ။ အေဂျက်ဇ် အသင်း ဟာ အသွင်ပြောင်း တိုက်စစ် နဲ့ ကစားတတ်ပြီး ၊ ခွန်အား အပြည့် အသုံးပြုတတ်တဲ့ အသင်း ဆိုတာ ကျွန်တော် တို့ သိထား ခဲ့ကြပါတယ် ။ ”

” အေဂျက်ဇ် အသင်း ဟာ ဘောလုံး ကို ကွင်းတပတ် လှည့်လည် ပေးပြီး လျင်မြန်မှု ကို အသုံးချ ကာ အပေးအယူ မြန်မြန် ကစား ခဲ့ပါတယ် ။ သူတို့မှာ အရမ်း အန္တရာယ် ရှိတဲ့ တိုက်စစ် ကစားသမား ကောင်း တွေလည်း ရှိပါတယ် ။ ဒါကြောင့်မို့ သူတို့နဲ့ ရင်ဆိုင် ရတဲ့ အခါ ၊ အဆင်သင့် ဖြစ်နေဖို့ လိုတာ ကို ကျွန်တော် တို့ ကောင်းကောင်း နားလည် ထားပြီးသားပါ ။ ပွဲ အစပိုင်း မှာ ကျွန်တော် တို့ ရုန်းကန် နေခဲ့ရပါတယ် ။ ”

” ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ စနစ်တကျ ဖိအားပေးမှု ၊ တိုက်စစ်ဆင်မှု တချို့ ကြောင့် ရုန်းကန် ခဲ့ရပေမယ့် ပထမပိုင်း အတွင်း မှာ ကျွန်တော် တို့ ဖက်က အပိုင် ကန်သွင်းခွင့် တချို့ ၊ တန်ပြန် တိုက်စစ် ထိုးဖောက်မှု တချို့ ကို ပြုလုပ် နိုင်ခဲ့ပါသေးတယ် ။ ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့ရဲ့ ဘောလုံး ရွေ့လျားမှု မြန်ဆန် လာသလို ၊ ပိုပြီး အချိတ်အဆက် မိမိ နဲ့ ပြိုင်ဖက် ကို ထိုးဖောက် ကစား နိုင်ခဲ့ပါတယ် ။ ”

” အထူးသဖြင့် ကျွန်တော် တို့ အသင်း ရဲ့ တောင်ပံ ကစားသမား တွေဟာ ပြိုင်ဖက် အသင်း ရဲ့ နောက်တန်း နဲ့ ဘောလုံး ကိုင်ကစားတဲ့ အလေ့အထ ကို ဖျက်ဆီးဖို့ အကောင်းဆုံး ဖိအား ပေးနိုင် ခဲ့ပါတယ် ။ သူတို့တွေ ဟာ ဒီနေ့ ပွဲမှာ အံ့သြဖွယ်ရာ စွမ်းဆောင် နိုင်ခဲ့သလို ၊ ပြင်းပြင်းထန်ထန် ကစား ပေးခဲ့တဲ့ ကွင်းလယ်လူ တွေကို ကျွန်တော် တို့ ပိုင်ဆိုင် ထားတာ ကလည်း အရမ်း အရေးပါ ခဲ့ပါတယ် ။ ”

” ဒီနေ့ ပွဲမှာ ကျွန်တော် တို့ရဲ့ ကစားပုံ ရဲရင့် ခဲ့ပါတယ် ။ နောက်ကျဂိုး အတွက်လည်း ကျွန်တော် တို့ ပျော်ရွှင် သလို ၊ သွင်းဂိုး ရခဲ့တဲ့ မစ်ချီ အတွက် ကျွန်တော် တို့ အားလုံး ဝမ်းသာ ရပါတယ် ။ အခုဆို ကျွန်တော် တို့ဟာ ပုံစံကောင်း တခု မှာ ရှိနေပြီး ၊ နိုင်ပွဲ တွေကိုလည်း တောက်လျှောက် စွမ်းဆောင် လာနိုင်ခဲ့ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ ကို ကျွန်တော် တို့ဟာ လိုချင်တဲ့ ပုံစံ ၊ ရလဒ် တွေနဲ့ မစတင် နိုင်ခဲ့တာ အမှန်ပါပဲ ။ ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ အသင်းလိုက် တိုးတက် လာနိုင်တယ် လို့ ယုံကြည် ထားတာကြောင့် ပြင်းပြင်းထန်ထန် ဆက်လက် ကြိုးစား ခဲ့ပါတယ် ။ ရာသီ ပြီးဆုံးဖို့ အများကြီး လိုသေးသလို ၊ အခု မှ အောက်တိုဘာ လထဲမှာ ရှိပါသေးတယ် ။ အခုလို ကျွန်တော် တို့ အေဂျက်ဇ် အသင်း ကို အနိုင် ရထားတာတောင် ကျွန်တော် တို့ရဲ့ အလုပ် က မပြီးသေးပါဘူး ။ သူတို့ကို စတမ်းဖို့ဒ် ဘရစ်ချ် မှာ ဆက်လက် ရင်ဆိုင် ရဦးမှာ ဖြစ်သလို ၊ အုပ်စု လက်ကျန် ပွဲစဉ် ၃ပွဲ ကျန်ပါသေးတယ် ။ ”

” ဒါကြောင့်မို့ ကျွန်တော် တို့ ရှေ့လျှောက် ကြိုးစား ရမှာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ အခုအချိန် မှာ ကျွန်တော် တို့ဟာ ဒီရာသီ အတွက် ဘာ အောင်မြင်မှု မှ မရသေးတာကြောင့်ပါ ။ အခု ဘန်လေ အသင်း နဲ့ မရင်ဆိုင် ရမီ ကျွန်တော် တို့ အတွက် ပြင်ဆင်ချိန် ၃ရက်နီးပါး ရပါတယ် ။ ထိပ်တန်း အဆင့် တခု မှာ ၃ရက် တပွဲ ကစား ရတယ် ဆိုတာ ဘာကို ဆိုလိုလဲ ကျွန်တော် တို့ ကောင်းကောင်း သိပါတယ် ။ ”

” ပွဲစဉ်တိုင်း ၊ ပွဲစဉ်တိုင်း အတွက် ကျွန်တော် တို့ အသင့် ဖြစ်နေရပါမယ် ။ ဘန်လေ နဲ့ ပွဲကို ခက်ခဲမှု ရှိလာမယ် လို့ ကျွန််တော် တို့ မျှော်လင့် ထားပါတယ် ။ ရမှတ် ၃ မှတ် အတွက် ကျွန်တော် တို့ အဖက်ဖက် က ကြိုတင် ပြင်ဆင် ရပါမယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR