ဂန်းနား တိုက်စစ်မှူး နီကိုလပ်စ် ပေပေ က ဗစ်တိုးရီးယား အသင်းကို အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန် နေရကြောင်း ဝန်ခံ စကား ဆိုသွားခဲ့ပြီး သူ့အပေါ် ယုံကြည်မှု အပြည့်အဝ ပေးထားတဲ့ နည်းပြကြီး အူနိုင်း အမ်မရီ ကို ကျေးဇူးတင် စကားဆိုသွားခဲ့ပါတယ်။

လိုင်လီ အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ နီကိုလပ်စ် ပေပေ ဟာ မနေ့ညက ဗီတိုးရီးယား အသင်းနဲ့ ပွဲမှာ လူစားဝင် ကစားပြီး အာဆင်နယ် အသင်းအတွက် အဖိုးတန် ချေပဂိုး နဲ့ အနိုင်ဂိုးကို ဖရီးကစ်ကနေချည်း သွင်းယူ ပေးခဲ့ပါတယ် ။

နီကိုလပ်စ် ပေပေ က ပွဲအပြီး အင်တာဗျူး တစ်ခုမှာ ” ကျနော် ဒီကို ပြောင်းလာတဲ့ အချိန်မှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို ကြိုသိခဲ့ပါတယ် ၊ လီဂူး ၁ နဲ့ လုံးဝ ကွဲပြားပြီး ပြိုင်ဆိုင်မှုလည်း ပိုမို ပြင်းထန် ပါတယ် ၊ ကျနော့် အပေါ် အများကြီး မျှော်လင့် ထားကြတော့ အသင်းမှာ အလျင်အမြန် အထိုင်ကျဖို့ အရေးကြီးပါတယ် ။ ”

” ဒါပေမယ့် ရောက်စတုန်းက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး ၊ ကျနော့်ကို နည်းပြ ကော အသင်းဖော်တွေကော ယုံကြည်မှု အပြည့်အဝ ပေးခဲ့ကြပါတယ် ၊ ကျနော့် အနေနဲ့ ရာသီကြိုမှာတုန်းက အာဖရိက နိုင်ငံများ ဖလား သွားကစားထားရတာကြောင့် ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ပါဘူး ။ ”

” ကြံ့ခိုင်မှု ပြည့်ဝပြီး ကောင်းကောင်း ကစားနိုင်ဖို့ ၊ ပရီးမီးယားလိဂ်မှာ အလျင်အမြန် အထိုင်ကျဖို့ ကျနော် အပြင်းအထန် ကြိုးစား လေ့ကျင့် ခဲ့ပါတယ် ၊ ဒီနေ့ပွဲမှာ နှစ်ဂိုး သွင်းယူ နိုင်ခဲ့တာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာဖို့ အတွက် သိပ်ကောင်းပါတယ် ။ ”

” ဒါပေမယ့် အရေးကြီးဆုံးကတော့ အသင်း အနိုင်ရဖို့ နဲ့ ကျနော်တို့ရဲ့ စိတ်ဓတ် ကြံ့ခိုင်မှု နဲ့ အရည်အသွေးကို ထုတ်ပြ နိုင်ဖို့ ပါပဲ ၊ အဲ့လိုမျိုးကိုအက်စတွန်ဗီလာ အသင်း နဲ့ ပွဲမှာလည်း အရှုံးရလဒ် ကနေ အနိုင်ရအောင် ပြန်ကစားပြီး ပြသခဲ့ပြီးပါပြီ ၊အခုအချိန်မှာ တနင်္ဂနွေမှာ ကစားမယ့် ပဲလေစ့် နဲ့ ပွဲကို အာရုံစိုက် ပြင်ဆင်ရမှာပါ ။ ”

” ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲပေမယ့် နည်းပြကတော့ ကျနော့်ကို ယုံကြည်မှု အပြည့်အဝ ပေးခဲ့ပါတယ် ၊ ကျနော် အသင်းအတွက် ခြေစွမ်းမပြနိုင်သေးတဲ့ အချိန်မှာတောင် နည်းပြက ယုံကြည်မှု အပြည့် ပေးခဲ့ပါတယ် ၊နည်းပြရဲ့ ယုံကြည်မှု ရဖို့ကလည်း သိပ်အရေးပါပါတယ် ။ ”

” ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကလည်း အဓိက အရေးပါပါတယ် ၊ မိသားစုနဲ့ အတူ ဒီမှာ အတူနေရတော့ ခက်ခဲတဲ့ အချ်ိန်မှာတောင် စိတ်ဓတ် ကျတာမျိုး မရှိခဲ့ပါဘူး ၊ ဘာသာစကား မတူတဲ့ အပြင် လုံးဝ ရင်းနှီး ကျွမ်းဝင်ခြင်း မရှိတဲ့ နေရာတစ်ခုမှာ မိသားစုနဲ့ အတူနေရတာက အရေးပါခဲ့ပါတယ် ။ ”

” ကျနော့်အတွက် အသင်းကို ရောက်စတုန်းက မလွယ်ကူ ခဲ့ပေမယ့် အခု အချိန်မှာတော့ အသင်းဖော်တွေရဲ့ အကူအညီနဲ့ ကျနော့်ရဲ့ ပုံမှန် ခြေစွမ်း ပြန်ရဖို့ အစ ပျိုးနိုင်ခဲ့ပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR