လီဗာပူး အသင်းရဲ့ နည်းပြ ကလော့ပ် ကတော့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြပြီး နှစ်ဂိုး သွင်းယူခဲ့တဲ့ ကွင်းလယ် ကစားသမား ချိန်ဘာလိန် ရဲ့ ခြေစွမ်းတိုးတက်လာမှုကို အံ့အားသင့်ခြင်း မရှိဘူးလို့ ဆိုလိုက်ပြီး ၊ သူက ဒီထက်တောင် မှန်းထားသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီတစ်ပတ်မှာ လီဗာပူး ဟာ စပါး အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ကာ ၊ ဂန့် နဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အာနိုး နဲ့ မာတစ်တို့လဲ ပြန်လည် ပါဝင် လာနိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

“ ကျနော် တို့က မာတစ် ကို အနားပေးထားခဲ့တာပါ။ အခုတော့ သူလဲ ပြန်ကောင်းနေပြီ ဖြစ်သလို ၊ အာနိုး လဲ ကောင်းနေပါပြီ။ ဒါပေမယ့် ကျနော် ကိုယ်တိုင်တော့ သူတို့ရဲ့ အနေအထားတွေကို သေချာ မမြင်ရသေးတော့ ဒီပွဲမှာ ပါဝင်ကစားပေးနိုင်မလား ဆိုတာ တိတိကျကျကြီး ပြောလို့ မရသေးပါဘူး” လို့ သတင်းစာ ရှင်းလင်းပွဲမှာ စတင် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးဟာ ဂန့်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ် ကို အပြောင်းအလဲ လုပ်တဲ့ အနေနဲ့ ကီတာ ၊ ချိန်ဘာလိန် တို့ကို ကစားစေခဲ့သလို ၊ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၊ ကလော့ပ်အတွက် လူရွေးခြယ်မှု အပိုင်းမှာ ပိုပြီးတော့ ရွေးခြယ်စရာတွေ များလာခဲ့ပါတယ်။ အထူးသဖြင့် ဟန်ဒါဆင် ၊ ဝိုင်နယ်ဒမ် တို့ဟာ ကလပ်အသင်းမှာရော ၊ နိုင်ငံ့လက်ရွေးစင် အသင်းတွေမှာ အဆက်မပြတ် ကစားပေးနေရတာကြောင့် ၊ အနားပေးဖို့ လိုအပ်လာနေချိန်မှာ ၊ ကီတာ နဲ့ ချိန်ဘာလိန် တို့ ပြန်လည် ခြေစွမ်းပြလာနိုင်တာ က အသင်းအတွက် သတင်းကောင်း တစ်ခုလို့ ဆိုရမှာပါ။

အဲဒီ အနေအထားတွေ နဲ့ ပတ်သက်ပြီး ကလော့ပ် က “ စပါး နဲ့ ပွဲအတွက် ပွဲထွက် ကစားသမား စာရင်း ထုတ်ရမှာ ခေါင်းခဲစရာတော့ မရှိပါဘူး။ ပွဲကောင်းတွေမှာ ကျနော့် ကစားသမားတွေ ခြေစွမ်းပြတိုင်း လူရွေးရတာ စိတ်ပျက် ရမယ် ဆိုရင် ကျနော့် ဘဝကြီးက သနားစရာ ကောင်းသွားမှာပေါ့။

ယူနိုက်တက် ၊ ဂန့် တို့နဲ့ ပွဲစဉ်တွေ ကြည့်လိုက်ရင် ကစားသမားတွေက အခွင့်အရေးရတာနဲ့ ခြေစွမ်းပြခဲ့တယ် ဆိုတာ ထိပ်တန်း အသင်းကြီး တစ်သင်းရဲ့ လက္ခဏာမျိုးပဲလေ။ ကစားသမားတွေ အနေနဲ့လဲ တကယ်လိုအပ်လာတဲ့ အခိုက်အတန့်မျိုးမှာ ကိုယ့်ဘက်က အမြဲတမ်း အသင့်ဖြစ်နေအောင် ပြင်ဆင်ထားရမှာပါ။

ရှာကွီရီ နဲ့တော့ ဒီကနေ့မှာ တွေ့ပြီးပါပြီ။ သူ့ရဲ့ အနေအထားက အနားယူဖို့ အချိန်တွေ တော်တော်လိုဦးမယ် ထင်ပါတယ်။ လောလောဆယ် သူ့ရဲ့ ကြွက်သား တစ်ချို့က ပုံမှန် မဟုတ်သေးပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကလော့ပ် ဟာ ချိန်ဘာလိန် နဲ့ ပတ်သက်လာရင် မျှော်လင့်ချက်တွေ အများကြီးထားခဲ့တာ အခုမှတော့ မဟုတ်ပါဘူး။ ဥရောပ စူပါဖလားပွဲမှာတောင် ပွဲထွက် ကစားသမား စာရင်းကနေ အသုံးပြုခဲ့တာကြည့်ရင် ၊ သူ့ရဲ့ ကစားသမားအပေါ် ယုံကြည်မှုတွေလဲ အများကြီး ထားခဲ့တာ သေချာပါတယ်။

ဂန့်နဲ့ ပွဲစဉ်မှာတော့ အဲဒီ မျှော်လင့်ချက်တွေဟာ အချည်းအနီး မဟုတ်ဘူးဆိုတာ ချိန်ဘာလိန် ကိုယ်တိုင်က သက်သေပြသွားခဲ့ပြီး ၊ အသင်းရဲ့ တိုက်စစ် လမ်းကြောင်း ပုံဖော်မှုတွေကို ပိုပြီး သက်ဝင်စေခဲ့ပါတယ်။

“ ချန်ဘို ဟာ နှစ်ဂိုး သွင်းယူတယ် ဆိုပေမယ့် ၊ သူ့ရဲ့ ခြေစွမ်းက အကောင်းကြီး မဟုတ်သေးပါဘူး။ သူ ဒီထက် အများကြီးကို လုပ်ပြနိုင်ပါသေးတယ်။ ဒုတိယ ဂိုး သွင်းပြလိုက်တဲ့ ပုံစံကတော့ ကျနော့် ရဲ့နည်းပြဘဝမှာတောင် မမြင်ဘူးဖူးဗျာ။ အရမ်းကို ကောင်းလွန်းခဲ့ပါတယ်။

ဒဏ်ရာ ပြသနာကြောင့် အချိန်တွေ အကြာကြီး အနားယူခဲ့ရတဲ့ ကစားသမားတိုင်း က ခြေစွမ်းပြဖို့ အချိန်ယူရတာ ချည်းပါပဲ။ ဒါကို ကျနော်က ကောင်းကောင်း နားလည်ထားခဲ့တာမို့ ချိန်ဘာလိန် နဲ့ ပတ်သက်ပြီး စိတ်စိတ်ရှည်ရှည် နဲ့ အခုလို အခိုက်အတန့်မျိုးရောက်အောင် စောင့်ဆိုင်းခဲ့တာပါ။

ထပ်ပြောရရင် ချိန်ဘာလိန် ခြေစွမ်းနဲ့ ပတ်သက်ပြီး လုံးဝ ကို မအံ့သြမိတာဗျ။ ကျနော်က သူ့ကို ဒီထက် အများကြီးတောင် ခြေစွမ်းပြဦးမယ်လို့ ယုံကြည်ထားတာလေ” လို့ ပြောဆိုသွားခဲ့ပါတယ်။