ပြီးခဲ့တဲ့ အပတ် ကြားရက် အတွင်း ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ ဘရာဇီးလ် အသင်းက ကာတာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အိမ်ရှင် အဖြစ် လက်ခံကျင်းပဖို့ ရှိနေတဲ့ ၂၀၁၉ ကိုပါအမေရိက ပြိုင်ပွဲကြီး မတိုင်မီ မှာ နိုင်ပွဲတပွဲမရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ပေမယ့် အသင်းရဲ့ အဓိက တိုက်စစ် မှူး နေမာ ဒဏ်ရာရသွားခဲ့ လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

ဆေးအဖွဲ့ ဝင် တွေရဲ့ လိုအပ်တဲ့ စစ်ဆေးမှု တွေ ပြုလုပ်အပြီးမှာတော့ နေမာဟာ ခြေကျင်းဝတ်အရွယ် စုတ်ပြဲ သွားခဲ့ ကြောင်းအဖြေထွက်ခဲ့လို့ ကိုပါအမေရိက ပြိုင်ပွဲကြီးနဲ့ လွဲချော်ခဲ့ရပြီး ချဲဆီးလ် အသင်းရဲ့ ကွင်းလယ်လူဝီလီယံ ကို အစားထိုးခေါ်ယူထားခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ ကိုပါအမေရိက ပွဲကြီး မတိုင်မီနောက်ဆုံးပြင်ဆင် မှုအဖြစ် ယနေ့ နံနက်စောစော မှာ ဟွန်ဒူးရပ်စ် အသင်းနဲ့ ခြေစမ်းပွဲကို ကစားသွားခဲ့ပြီး ၇-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အဓိက ကစားသမား အစုံအလင်ပါဝင်လာတဲ့ ဘရာဇီးလ် အသင်းဟာ ပွဲအစ ၁၃ မိနစ် မှာပဲ ဂျေးဆု၊ သီယာဂိုဆေးလ်ဗား တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့သလို ပွဲချိန် ၂၉ မိနစ်မှာ ပြိုင်ဘက်တောင်ပံကစားသမား ကီရိုတို ပါ အနီကကဒ် နဲ့ ထုတ်ပယ်ခံခဲ့ရလို့ အခုလိုဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် အတွက် နောက်ထပ်သွင်းဂိုးတွေကို ကော်တင်ဟို၊ ဂျေးဆု၊ နီရက်စ်၊ဖာမီနို နဲ့ ရစ်ချက်လီဆင် တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။အခုပွဲစဉ် မှာ ပင်နယ်တီကနေ သွင်းဂိုးတဂိုးသွင်းယူနိုင် ခဲ့တဲ့ ကော်တင်ဟို ဟာဒီရာသီ ဘာစီလိုနာ အသင်းမှာတော့ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ထားခဲ့ရတာဖြစ်ပြီး လာလီဂါ ၃၅ ပွဲပါဝင် ကစားပေးထားအပြီး မှာ သွင်းဂိုး ၅ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ် သာစွမ်းဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဖော် သီယာဂိုဆေးလ်ဗားကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာဒဏ်ရာကြောင့် အနားယူနေရချိန် မှာ ဘရာဇီးလ် အသင်းက ကော်တင်ဟို ရဲ့ ခြေစွမ်းတိုးတက်မှုကိုလိုနေတယ်လို့ ဆိုလိုက်ပါတယ်။ဟွန်ဒူးရပ်စ် နဲ့ ပွဲအပြီး အင်တာဗျူး တခုမှာ သီယာဂိုဆေးလ်ဗားက – -” ဒီပွဲမှာအသင်းလိုက် စွမ်းဆောင်ရည် ကပဲ အခရာကျသွားခဲ့တာဖြစ်ပါတယ်။ကော်တင်ဟိုဟာ ဒီရာသီ ဘာစီလိုနာ အသင်းမှာပရိသတ်တွေရဲ့ မှန်းချက်နဲ့ မကိုက်ခဲ့ လို့အော်ဟစ် ပြစ်တင်မှုတွေကို ကြိမ်ဖန်များစွာ ခံထားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီ အသင်းမှာတော့ သူ ဟာ ကျွန်တော်တို့ ကစားကွက် ရဲ့ အကိုးအကား တခုလိုဖြစ်ပါတယ်။အထူးသဖြင့် နေမာ လိုကစားသမား မျိုး မရှိချိန်မှာဖြစ်ပါတယ်။သူ ဟာ ပွဲတွေ ပါဝင် ကစားခွင့် ရဖို့ကို မက်မော တောင့်တ နေသူလည်းဖြစ်ပါတယ်။အခု ကစားပြီးသွားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ ၂ပွဲ လုံးမှာလည်း သူက အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ ဖြတ်တင်ဘောတွေ သွင်းဂိုးတွေကြောင့် ပဲဒီလို ပြောတာတော့မဟုတ်ပါဘူး။သူ့ရဲ့ ခံစစ်ကစားပုံကောင်းမွန်တာကြောင့် လည်း ပါပါတယ်။သူဟာအခုဆိုရင် သူ့အတွက် ပျော်ရွှင်ကျေနပ်စရာတွေက် ပြန်တွေ့နေပြီလည်းဖြစ်ပါတယ်။

ကျွန်တော်နဲ့ သူက အတော်လေးကို ရင်းနှီးခင်မင်တာဖြစ်လို့ လည်း သူ့အတွက်ကျွန်တော်ကျေနပ်နေပြီဖြစ်ပါတယ်။ပထမဆုံး ခြေစမ်းပွဲမှာတုန်းက ကျွန်တော်ဟာ သူ့ဆီကို တည်ငြိမ်မှု မရှိတဲ့ ဘောလုံးပေးပို့မှုတွေကိုပဲပြုလုပ်မိခဲ့ပြီး နေမာကို လည်း သူ့ကို အကူအညီပေးဖို့ ပြောဆိုခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ကော်တင်ဟိုကို လိုအပ်ပါတယ်။ အထူးသဖြင့် အခုလို နေမာလို ကစားသမား မျိုး မရှိချိန်မှာဖြစ်ပါတယ် “လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ဘရာဇီးလ် အသင်းဟာ ကိုပါအမေရိက အဖွင့်ပွဲမှာတော့ ဘိုလီဗီးယား အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့ ဗင်နီဇွဲလား ၊ ပီရူးတို့ နဲ့ ဆက်လက်ကစားသွားရမှာ ဖြစ်ပါတယ်။