ယာဂန်ကလော့က လီဗာပူး အနေနဲ့ လာမည့် တနင်္ဂနွေနေ့ တော့တင်ဟမ် နဲ့ အန်ဖီးမှာ ဆုံတွေ့တဲ့ အခါ အကောင်းဆုံး ကစား ပြသွားဖို့ လိုအပ်တယ်လို့ သတိပေးလိုက် ပါတယ်။ စပါး အသင်းဟာ ဒီရာသီ မှာ ပုံမှန် စွမ်းဆောင်ရည်အောက်ကို ရောက်နေကာ ရလဒ်တွေ ယိမ်းယိုင် ခဲ့ပေမယ့်လည်း ကြားရက်က ရက်စတားဘဲလ်ဂရိတ်ကို ၅-၀ နဲ့ နိုင်ကာ ပြန်လည် ရုန်းထွက် နိုင်ခဲ့ပါတယ်။

ကလော့ ကတော့ ပိုချက်တီနို ရဲ့ အသင်းထံမှ ခက်ခဲတဲ့ စမ်းသပ်မှုတွေ ရလိမ့်မယ်လို့ ကြိုတင် ခန့်မှန်း ထားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲ အပြီးမှာ ရမှတ် ၁၂ သာ ရထား တာဟာ တော့တင်ဟမ် ရဲ့ အရည်အသွေး အစစ်အမှန်ကို ပြသတာ မဟုတ်ဘူးလို့ ဆိုခဲ့ ပါတယ်။ ဂျာမန် နည်းပြက တော့တင်ဟမ် အနေနဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ရှုံးပွဲကို တွန်းအား အဖြစ် အသုံးချ သွားနိုင်တယ်လို့လည်း ခံစား မိနေ ပါတယ်။

ကလော့ က “စပါးရဲ့ ခက်ခဲတဲ့ စမ်းသပ်မှုကို မျှော်လင့် ထားပါတယ်။ ကျွန်တော် ဒီလို မြင်နေလို့ ခင်ဗျားတို့ မအံ့သြသင့် ပါဘူး။ တော့တင်ဟမ်ရဲ့ အခြေအနေကို ကျွန်တော် မဆုံးဖြတ် နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ ဘာတွေ ဖြစ်နေမှန်း ကျွန်တော် မသိလို့ပါ။ ဘောလုံးမှာ ဒီလို ပါပဲ။ အလုပ်မဖြစ် တာတွေ ရှိတက်ပါတယ်။ ဒါပေမယ့် အခု ရက်စတား နဲ့ ပွဲကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ပါတယ်။ ဒီတစ်ပွဲပဲ မဟုတ်ပါဘူး။ အခြားပွဲတွေ မှာလည်း သူတို့ဟာ ရလဒ် သိပ်မကောင်း ခဲ့ပေမယ့် ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှှိခဲ့ပါတယ်။

သူတို့ ဘောလုံးဘယ်လို ကစား ရမလဲ ဆိုတာ မေ့နေတာ မဟုတ်သလို ဟယ်ရီကိန်း ကလည်း ဂိုးဘယ်လို သွင်းရမလဲ ဆိုတာ မသိတာ မဟုတ်ပါဘူး။ ရက်စတား နဲ့ ပွဲမှာ သူဘာလဲ ဆိုတာ ပြသခဲ့ပါတယ်။ အဲဒီနောက် ဆွန် ၊ ဒဏ်ရာ ကနေ ပြန်လာပြီ ဖြစ်တဲ့ အလီ တို့ဟာ ရစ်သမ် ရှာနေကြပါတယ်။ သူတို့ဟာ ကွင်းထဲမှာ အမြဲတမ်း ကောင်းမွန်တဲ့ ကစားပုံ ပြသလေ့ ရှိကြပါတယ်။ ဒါဟာ ပြသနာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင် ခဲ့တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အောင်ပွဲခံမှုတွေ လုပ်ရာမှာ ကျွန်တော်တို့ အရမ်းကို လေးစားမှု ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီညရဲ့ အခြားတစ်ဖက်မှာ ရှိနေခဲ့ပါတယ်။ ဒ့ါကြောင့် ဒါဟာ မှန်ကန်တဲ့ အရာ အချို့ကို လုပ်ပြဖို့ အတွက် နောက်ထပ် အပိုထပ်ဆောင်း တွန်းအား ဖြစ်ပါတယ်။

ဒါဟာ အားလုံး ရှင်းပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ဒါဟာ အရမ်းကောင်းတဲ့ နှစ်သင်းကြား ကစားရတဲ့ ဘောလုံးပွဲ ဖြစ်ပါတယ်။ အခြား အခြေအနေတွေဟာ ကြီးမားတဲ့ ခြားနားမှုကို မရှိစေပါဘူး။ ကျွန်တောာ်တို့ ဘာမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး ဆိုပြီး ယုံကြည် နေမှာ မဟုတ်ပါဘူး။ ပြီးတော့ သူတို့ဟာ လက်ရှိ ရမှတ်ကို ရထားတဲ့ အသင်းလို ကစားသွားမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပရီးမီးယားလိဂ် ရဲ့ ထိပ်တန်း အသင်းဖြစ်ပြီး တစ်ရာသီလုံး ထိပ်တန်း အသင်း အဖြစ် ရှိနေမှာပါ။ ကျွန်တော်တို့ သူတို့နဲ့ ရင်ဆိုင်ရာမှာ လေးစားမှု ရှိရမှာ ဖြစ်ပြီး အကောင်းဆုံး ကစားပုံကို ပြသ သွားရမှာပါ။’ လို့ ပြောသွား ပါတယ်။

ကလော့ က တော့တင်ဟမ် ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ရှံုးနိမ့်မှုဟာ ဒီရာသီ အစ ရလဒ်တွေကို လွှမ်းမိုးမှု ရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေ အပြင် ၂၀၁၈ ခုနှစ် ကိယက်ဖိုင်နယ်မှာ ရီးရဲယ်ကို ရှံုးနိမ့် ခဲ့ပြီးနောက် လီဗာပူး ရဲ့ ရုန်းထွက် ခဲ့ပုံတွေနဲ့ နှိုင်းယှဉ် နေတာကိုလည်း ပယ်ချ သွားခဲ့ပါတယ်။

ကလော့ က “တော့တင်ဟမ်က အခြေအနေတွေကို ကျွန်တော် ဘာမှ မပြောနိုင်ပါဘူး။ သိလည်း မသိပါဘူး။ ဒ့ါကြောင့် ဘယ်လို နှိုင်းယှဉ်လို့ ရမှာလဲ။ ကျွန်တော်တို့ရဲ့ အခြေအနေကို ပြောပြီး တော့တင်ဟမ် နဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရမှာလဲ? ကျွန်တော် မလုပ် နိုင်ပါဘူး။ ရိုးရိုးသားသား ဆိုရရင် ကျွန်တော် ဒီအကြောင်းကို တစ်ခါမှ မတွေးမိ ခဲ့ပါဘူး။ ဖိုင်နယ်မှာ ရှံုးတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဖလားမရချင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိယက် အတွေ့အကြံုပြီးနောက် ကျွန်တော်တို့ ဒါမျိုး ဖိုင်နယ်တွေ ထပ်လိုချင် ခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီ မစမီ ကတည်းက ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲနိုင်တဲ့ အသင်း ၈ သင်း ၉ သင်းထဲမှာ ပါနိုင်တယ် ဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတာ့ အဲဒီရာသီ မတိုင်မီက ပြသခဲ့တာကြောင့်ပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ထပ်ကြိုးစား သင့်တယ်လို့ တွေးခဲ့ပါတယ်။ ဒါပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖိုင်နယ် ရှံုးပွဲကြောင့် ပြီးခဲ့တဲ့ ရာသီက ဘာမှ မဖြစ်ခဲ့ပါဘူး။ တောတင်ဟမ်လည်း ဒီဒဏ်ကို ခံစား ရမယ်လို့ ကျွန်တော် မထင်မိပါဘူး။ ကျွန်တော်တို့ ဆက်လက် ခရီးဆက် သွားရုံပါပဲ။ တော့တင်ဟမ် အကြောင်း ကျွန်တေ်ာ ဘာမှ မပြောနိုင် ပါဘူး။ မီဒီယာ တွေဟာ အပြင်က ထွက်လာတဲ့ သတင်းတွေ အပေါ် အခြေခံပြီး အကဲဖြတ်နေတယ်လို့တောင် ကျွန်တော် ဒီမနက်က ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ဒါဟာ မလုပ်လို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။

ခင်ဗျားတို့ လုပ်နေတုန်းပါ။ ဒါပေမယ့် ဒါဟာ တကယ် မဖြစ်နိုင်ပါဘူး။ အခြေအနေကို နားလည်ဖို့ အတွက် ဒီအခြေအနေကို ကြံုတွေ့ ဖူးမှ သိမှာပါ။ ကျွန်တော်ဟာ တော့တင်ဟမ် ရဲ့ အခြေအနေကို မသိပါဘူး။ ကျွန်တော် မြင်ခဲ့တာ ကတော့ အင်္ဂါနေ့က အရမ်း ကောင်းတဲ့ တော့တင်ဟမ် အသင်းပါ။ ဒါဟာ ကျွန်တော် စဉ်းစားသွားမယ့် အရာပါ။ ရာသီအစက တော့တင်ဟမ်ရဲ့ ရာသီ အစက ဘာကြောင့် ဒီလို ဖြစ်နေတာလဲ ဆိုပြီး စဉ်းစား နေမှာ မဟုတ်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

SM