ဆက်ဖာဘရီဂတ်စက် က ဘာစီလိုနာ စတား လီယွန်နယ်မက်ဆီဟာ အသက်အရွယ် ရလာတာနဲ့ အမျှ အရင်ကထက် ပိုမို ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့တယ်လို့ ယုံကြည်နေပြီး အသက် ၃၂ နှစ် အရွယ် ကစားသမားဟာ သတင်းခေါင်းကြီးတွေကို လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်တဲ့ အပြင် စံချိန်တွေကိုလည်း ချိုးဖျက် နေဆဲ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ အမှတ်ပေးဖလား ကို ဆွတ်ခူး နိုင်ခဲ့ပြီး မက်ဆီ ဟာ သွင်းဂိုး ၅၁ ဂိုး ၊ ဂိုးဖန်တီးမှု ၂၂ ကြိမ် နဲ့အတူ ဇယား ၂ ခု စလုံးရဲ့ ထိပ်ဆုံး မှာ ရပ်တည် နိုင်ခဲ့ပါတယ်။ လက်ရှိ မိုနာကို အသင်းမှာ ကစားနေတဲ့ ဖာဘရီဂတ်စ် ဟာ အာဆင်နယ် ကို အသက် ၁၆ နှစ် အရွယ်မှာ မပြောင်းရွေ့မီ အသက် ၁၂ မှ စတင်ကာ မက်ဆီ နဲ့ လူငယ် အသင်းမှာ တွဲဖက် ကစား ခဲ့ဖူး ပါတယ်။

ထို့နောက် ဆက်ဟာ ၂၀၁၁ ခုနှစ် မှ အာဆင်နယ်မှ အသင်းဟောင်း ဘာစီလိုနာ ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး သူ့သူငယ်ချင်းဟောင်းနဲ့ ၃ ရာသီ ထပ်မံ တွဲကစား ခဲ့ပြီး ၎င်းတို့ နှစ်ဦးဟာ ခုချိန်ထိ တရင်းတနှီး ရှိနေဆဲ ဖြစ်ပါတယ်။ မက်ဆီ ဟာ ကစားသမားသက် ရင့်လာတာနဲ့ အမျှ ပြီးပြည့်စုံတဲ့ သူ ဖြစ်လာ ခဲ့ပြီး ဖာဘရီဂတ်စ် က မက်ဆီဟာ ဟိုးအရင်ကလို ပြိုင်ဘက်တွေကို လိမ်ခေါက်ကျော်ဖြတ်မှုတွေ သိပ်မလုပ်တော့ပေမယ့် ဘာကြောင့် တူညီတဲ့ ချီးကျူးမှုတွေနဲ့ ထိုက်တန် နေသလဲ ဆိုတာကို ပြောပြ ခဲ့ပါတယ်။

ဖာဘရီဂတ်စ် က “လီယိုဟာ တစ်ရာသီပြီး တစ်ရာသီ သူ့ကိုယ်သူ ဆန်းသစ်အောင် လုပ်ခဲ့ ပါတယ်။ သူဟာ အခုချိန်မှာ ပြိုင်ဘက် ကစားသမား ၃ ၄ ၅ ဦးကို ကျော်ဖြတ်ပြီး အရမ်း ကောင်းတဲ့ ဂိုးကို သွင်းတဲ့ သူ မဟုတ်တော့တာလည်း ဖြစ်နိုင် ပါတယ်။ အဲဒီ အစား သူဟာ အခုဆိုရင် ကိုက် ၅၀ အကွာက ဘောလုံး ပေးပို့မှုတွေကို နှစ်သက် လာပြီး ဂျော်ဒီအယ်ဘာ ကို ဂိုးသမား နဲ့ တစ်ဦးချင်း ရင်ဆိုင် စေပါတယ်။

သူဟာ ပင်နယ်တီ ဧရိယာ ထဲမှာ ၀မ်းတူး အကွက်တွေ ပိုမြင်နေပြီး သူဟာ ဘောလုံး ခုတ်တင် ပေးမှု ၊ ဂိုးဖန်တီးမှု တို့ လုပ်ရင် လုပ်ပါတယ်။ ကျွန်တော် ကတော့ အခုဆိုရင် သူဟာ အရင် ကထက် ပိုမို ပြီးပြည့်စုံတဲ့ ကစားသမားလို့ ထင်ပါတယ်။” လို့ဆိုလိုက် ပါတယ်။
မက်ဆီဟာ ရာသီကုန်မှာ ပီချီချီ ဆု ကို ရယူ နိုင်ခဲ့ပြီး အများဆုံး စံချိန် ဖြစ်တဲ့ ၆ ကြိမ် ကို လိုက်မှီ ခဲ့ပါတယ်။ ဘောလုံးလောကမှာ မက်ဆီရဲ့ ဂန္တ၀င်မြောက် ဂုဏ်ပုဒ်တွေဟာ ကာလရှည် ဆက်ရှိ နေမှာ ဖြစ်ပေမယ့်လည်း အာဂျင်တီးနား စတား အနေနဲ့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူး ကို ရှုံးကာ ထွက်ခွာ ခဲ့ရတာကြောင့် ဘလွန်းဒီအော ဆု အတွက် ရုန်းကန် ရနိုင်ပါတယ်။

မက်ဆီ ရဲ့ ဘာကာ ဟာ ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် နူးကမ့်မှာ လီဗာပူး အသင်းကို ၃ – ၀ နဲ့ နိုင်ခဲ့ ပေမယ့် အန်ဖီးမှာ ၄ – ၀ နဲ့ ရှုံးကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ဟာ ကိုပါဒယ်ရေးဖလား ဖိုင်နယ်မှာလည်း ဗလင်စီယာ ကို ၂ – ၁ နဲ့ ရှုံးကာ ဖလား လက်လွှတ် ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဖာဘရီဂတ်စ် က မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန် နေဆဲလို့ ယုံကြည် နေပါတယ်။

ဖာဘရီဂတ်စ် က “ဘလွန်းဒီအောဆု အတွက် အရမ်းခက်ခဲပါတယ်။ ဒီဆုဟာ ချန်ပီယံလိဂ် ဖလား ကို ရတဲ့ အပေါ်မှာ မူတည်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလို ဆုတွေဟာ ကြီးမားတဲ့ အရာတွေကို အောင်နိုင်ခဲ့တဲ့ လူတွေကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၁၀ ခုနှစ် တုန်းက လိဂ်ဖလားသာ ရခဲ့ပေမယ့် ဒီဆုကို ဆွတ်ခူး နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ သေချာပေါက် ဖြစ်နိုင်ခြေ ရှိပါတယ်။

ဘယ်သူ အကောင်းဆုံး ကစားသမားလဲ ဆိုရင်တော့ မက်ဆီဟာ အကောင်းဆုံးပဲလို့ ကျွန်တော် ထင်ပါတယ်။ ဒီအတွက် သံသယ ဖြစ်စရာ မရှိပါဘူး။ လီဗာပူးဟာ အကောင်းဆုံး ရာသီတစ်ခု ပိုင်ဆိုင် နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ အလားအလာ အရ ကတော့ သူတို့ထဲက ကစားသမား တစ်ဦးဦးပဲ ဖြစ်ဖို့ များနေပါတယ်။” လို့ ဆိုသွား ပါတယ်။

မက်ဆီ အနေနဲ့ ဒီရာသီမှာ နောက်ထပ် ဆုဖလား တစ်လုံးနဲ့ အဆုံးသတ်ဖို့ အခွင့်အရေး ရှိနေပြီး ဒါကတော့ ဘရာဇီး နိုင်ငံမှာ ကျင်းပနေတဲ့ ကိုပါအမေရိကဖလား ပဲ ဖြစ်ပါတယ်။ အာဂျင်တီးနား တို့ဟာ မနက်ဖြန် မနက်မှာတော့ ကိုလံဘီယာ အသင်းနဲ့ စကန်ရမှာ ဖြစ်ပါတယ်။ အကယ်၍များ မက်ဆီ အနေနဲ့ အာဂျင်တီးနား အသင်းကို ဦးဆောင်ကာ ကိုပါအမေရိက ဖလား ဆွတ်ခူး နိုင်ခဲ့မယ် ဆိုရင် ဖာဘရီဂတ်စ် က သူ့ရဲ့ သူငယ်ချင်းဟာ ၆ ကြိမ်မြောက် ဘလွန်းဒီအော ဆု အတွက် လက်ရှိထက် ပိုမို ကောင်းမွန်တဲ့ အခွင့်အရေး ရှိသွားမယ်လို့ ယုံကြည် ထားပါတယ်။

SM