လက်ရှိ ကမ္ဘာ့ဘောလုံး စင်မြင့်ထက်ကို တက်ရောက်လာတဲ့ ထိပ်တန်း နည်းပြတွေ အားလုံး ရဲ့ နောက်ကြောင်း ရာဇ၀င်တွေကို ကြည့်လိုက်မယ် ဆိုရင် ၊ ယာဂန်ကလော့ပ်လောက် ဆုဖလားတွေ နဲ့ လွဲဖူးတဲ့ နည်းပြ ရှိမယ် မထင်ပါဘူး။

ရှုံးနိမ့်မှုတွေ များလွန်းလို့ အကောင်းဆုံး ဒုတိယ နည်းပြကြီးလို့တောင် ၀ိုင်းဝန်း သမုတ်ခံခဲ့ရပေမယ့် ၊ ကလော့ပ် ကိုယ်တိုင်ကတော့ ပတ်ဝန်းကျင်က စကားတွေကို ခေါင်းထဲမှာ မထားပဲ ၊ သူ့ရဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရင်း ဖြတ်သန်းလာခဲ့ကာ နောက်ဆုံးမှာ နည်းပြ တစ်ယောက်ရဲ့ ဘ၀မှာ အမြင့်ဆုံး ဆုဖလား ဖြစ်တဲ့ ချန်ပီယံ လိဂ် ဖလားကြီးကိုတောင် ဆွတ်ခူး နိုင်ခဲ့သူ ဖြစ်ပါတယ်။

ကလော့ပ် ရဲ့ နည်းပြဘ၀ ကို ၀င်ရောက်ခဲ့ပုံက တော်တော်လေးကို ကသိကအောက် နိုင်လွန်းလှပါတယ်။ ဘောလုံး သမားဘ၀ကနေ အနားယူပြီး ၊ ချက်ခြင်း ဆိုသလို နည်းပြ ဘ၀ကို ရောက်ရှိ သွားခဲ့တာပါ ။ သူ ချစ်မြတ်နိုး တဲ့ မိန့်ဇ် အသင်းဟာ နည်းပြ ကာရုဇန် ကို ထုတ်ပယ်ပြီး ၊ ကစားသမားဘ၀ မှာ ကတည်းက နည်းပြ ဖြစ်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကလော့ပ် ကို ချက်ခြင်း နည်းပြ အဖြစ် ခန့်အပ်လိုက်ပါတယ်။

အဲဒီ အချိန်မှာ အသင်းက ဂျာမန် ဒုတိယတန်း မှာသာ တန်းဆင်းဇုံ တိုက်ပွဲဝင်နေရချိန် ဖြစ်ပြီး ၊ ကလော့ပ်က ရာသီ ပြီးဆုံးဖို့ 1 ပွဲ အလိုမှာပဲ တန်းမဆင်းရအောင် ကယ်တင်လိုက်နိုင်ပါတယ်။ နောက်ရာသီ (2001-2002) မှာတော့ အသုံးစာရိတ် ဘာမှ မရှိတဲ့ အခြေအနေကနေ အကောင်းဆုံး ပြင်ဆင်ရင်း ယှဉ်ပြိုင် ကစားခဲ့ရာ မိန့်ဇ် အသင်းဟာ ဒုတိယ တန်းမှာ အဆင့် 4 နေရာ အထိ ရပ်တည်နိုင်ခဲ့သလို၊ တန်းတက်ဖို့ အရေးနဲ့ သီသီလေး လွဲသွားခဲ့ရပါတယ်။

ကလော့ပ် ရဲ့ နည်းပြ ဘ၀ အရှုံး ရလာဒ် နိမိတ်တွေက အဲဒီ ကတည်းက စခဲ့တာပါ။ 2002-2003 ဘောလုံး ရာသီမှာလဲ ကလော့ပ်ဟာ ရာသီ အပိတ်ပွဲစဉ် ရောက်မှ ဂိုးကွာခြားချက် လေးနဲ့ ၊ တန်းတက်ခွင့် ကို နောက်တစ်ကြိမ် လွဲခဲ့ရပြန်ပါတယ်။

နည်းပြ ဘ၀ အစမှာ ကတည်းက အဲဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်တာကြောင့် ၊ ကလော့ပ် ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေဟာ အမြဲတမ်း ကိန်းအောင်းနေခဲ့တာလား ဆိုတာ စဉ်းစားချင်စရာပါ။

2003-2004 ဘောလုံး ရာသီမှာတော့ ကလော့ပ်ဟာ မိန့်ဇ် အသင်းက ကလပ် အသင်း သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး ဘွန်ဒက်လီဂါ တန်းတက်ခွင့် ရအောင် စွမ်းဆောင် ပြနိုင်ခဲ့ပါပြီ။ အဲဒီ ရာသီမှာ ဘွန်ဒက်လီဂါ ရဲ့ ငွေးကြေး သုံးစွဲမှု အနည်းဆုံး နဲ့ ပရိသတ် ၀င်ဆံ့မှု အသေးဆုံး ကွင်းကို ပိုင်ဆိုင်ထားခဲ့တဲ့ မိန့်စ် အသင်းဟာ ကလော့ပ် ရဲ့ ဦးဆောင်မှု နဲ့ အတူ အဆင့် 11 နေရာကို ရပ်တည် ပြလိုက်ပါတယ်။

ဂျာမဏီ မှာတော့ အဲဒီ အကြောင်းက ဟိုးလေး တစ်ကျော်ကျော် ဖြစ်သွားခဲ့ပြီး ၊ DW TV လို သတင်းဌာနကြီးတွေ ကပါ ကလော့ပ်ကို အရေးတယူ နဲ့ အင်တာဗျူးတွေ စတင် ပြုလုပ် လာခဲ့ပါတယ်။ 2004-2005 ဘောလုံး ရာသီမှာတော့ ကလော့ပ်ဟာ အသင်းငယ်လေး မိန့်ဇ်ကို ယူရိုပါလိဂ် ၀င်ခွင့် အထိ ရရှိအောင် ထပ်ပြီး စွမ်းဆောင် ပြလိုက်တာကြောင့် ကလပ် အသင်းကြီး တော်တော်များများ က သူ့ကို စောင့်ကြည့် လာခဲ့ကြပါတယ်။

2006-2007 ခုနှစ် မှာတော့ ကစားသမား အင်အားဖြည့်တင်းမှုတွေ ကောင်းကောင်း ပြုလုနိုင်ခြင်း မရှိတော့တဲ့ မိန့်ဇ်ဟာ ဘွန်ဒက်လီဂါမှာ ဆက်လက် ရှင်သန် နိုင်ခြင်း မရှိတော့ပဲ တန်းဆင်း သွားခဲ့ရပါတယ်။ သို့သော် ကလော့ပ် ရဲ့ ကျော်ကြားမှုတွေ ကတော့ ဘွန်ဒက်လီဂါမှာ ကျန်ရစ်နေဆဲပါ…………

2008 ခုနှစ် အရောက်မှာ သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ ဒေါ့မွန် အသင်းဟာ အဆင့် 13 မှာ သာ ရပ်တည်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သောမတ် ဒေါလ် ကို ထုတ်ပယ်ကာ ဒုတိယ တန်းမှာ ပြန်လည် ကျင်လည်နေတဲ့ ကလော့ပ်ကို ယုံကြည်ကြည်နဲ့ ခန့်အပ်လိုက်ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်းက ချန်ပီယံရှစ် နည်းပြ တစ်ယောက်ကို ယုံကြည်မှုတွေ ပုံအော ပြလိုက်သလိုပါပဲ။

ဒေါ့မွန်ကို ရောက်ရှိ လာချိန်မှာတော့ ကလော့ပ်ဟာ သူ့ရဲ့ ထုံးစံအတိုင်း အသင်းကို အချိန်ယူ တည်ဆောက်ပါတယ်။ အဲဒီ တည်ဆောက်ရင်းနဲ့ 2010-2011 ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ ချန်ပီယံဆု ကို စတင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ 3 နှစ် ခန့်က ဒုတိယ တန်းမှာ ကျင်လည်ခဲ့တဲ့ နည်းပြ တစ်ဦးဟာ ဂျာမန် ရဲ့ အမြင့်ဆုံး အမှတ်ပေးဖလားကြီးကို သိမ်းပိုက်နိုင်တယ် လို့ ပြောရင် ဘယ်သူက ယုံကြမှာလဲ။
အဲဒီ အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့တဲ့ ဒေါ့မွန် အသင်းဟာ ဘွန်ဒက်လီဂါ သမိုင်းကြောင်း တစ်လျှောက် ပျှမ်းမျှ အသက် အငယ်ဆုံး အသင်း ဆိုတဲ့ မှတ်တမ်းမျိုးနဲ့တောင် ချန်ပီယံ ဖြစ်ခဲ့တာပါ။

နောက်ရာသီ ကတော့ ကလော့ပ်ရဲ့ ဂျာမန်မြေမှာ အမြင့်ဆုံး အောင်မြင်မှု ရရှိခဲ့တဲ့ နှစ် တစ်နှစ်လို့ ဆိုရမှာ ဖြစ်သလို ၊ ဒေါ့မွန် အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ပြည်တွင်းဖလား 2 လုံး စလုံးကို ရယူနိုင်အောင် စွမ်းဆောင် ပြနိုင်ခဲ့ ပါတယ်။

အဲဒီနောက်မှာ ဘိုင်ယန် မြူးနစ် အသင်းက ပက်ဂွာဒီယိုလာ ရောက်ရှိ လာခြင်း နဲ့အတူ ငွေကြေး မြှောက်များစွာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်လာခဲ့တာကြောင့် ကလော့ပ် ရဲ့ ဒေါ့မွန်ဟာ လဲ အောင်မြင်မှုတွေ ယုတ်လျှော့လာခဲ့ ပါတယ်။ 2012-2013 ဘောလုံး ရာသီမှာ ဒေါ့မွန်ဟာ ဘိုင်ယန် မြူးနစ် အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာရော ၊ ဘွန်ဒက်လီဂါ ဖလားပွဲမှာ အရှုံးပေးခဲ့ရပြီး ၊ ဂျာမန် ပိုကယ်ဖလား ပြိုင်ပွဲမှာလဲ ပြိုင်ပွဲ ကနေ အစောကြီး ထွက်လိုက်ရပါတယ်။

နောက်တစ်ရာသီမှာလဲ ဒေါ့မွန်ဟာ ဒုတိယ တွေ နဲ့သာ ဆက်လက် ကျေနပ်ခဲ့ရပါတယ်။ 2015 ခုနှစ် မှာတော့ ကလော့ပ် နဲ့ ဒေါ့မွန် တို့ဟာ အပြီးအပိုင်း လိုက်ခွဲလိုက်ကြပါတယ်။ သို့သော် ကလော့ပ်ဟာ ဒေါ့မွန် ကလပ် သမိုင်းကြောင်း တစ်လျှောက် သက်တမ်း အရှည်ဆုံး နည်းပြ တစ်ယောက် အဖြစ် မှတ်တမ်းကောင်း တစ်ခု ရေးထိုး ရယူသွားခဲ့ ပါသေးတယ်။

2015 ခုနှစ် အောက်တိုဘာလ အရောက်မှာတော့ ကလော့ပ်ဟာ လီဗာပူး အသင်းထံ Transfer Committee ဖျက်သိမ်းပေး တောင်းဆိုချက်နဲ့ စတင် ရောက်ရှိလာခဲ့ ပါတယ်။ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာပဲ သတင်းရေးသားရာမှာ အကောင်းရော ၊ အဆိုးပါ နာမည်ကြီးလွန်းတဲ့ အင်္ဂလန် သတင်းထောက်တွေကို အခုလို စတင် မိတ်ဆက်လာခဲ့ပါတယ်။

“ အင်္ဂလန်ကို မရောက်ခင်တုန်းက ကျနော် နဲ့ နီးစပ်တဲ့ သူတွေ အားလုံးက အင်္ဂလိပ် မီဒီယာတွေ အကြောင်း သတိထားဖို့ တဖွဖွ မှာလိုက်ကြတာပါ။ သူတို့ ပြောတာတော့ ခင်ဗျားတို့ ရဲ့ မကြောင်းတဲ့ အကြောင်းတွေ ချည်းပါပဲ။

ဆိုတော့ကား …………..ကျနော့် မိတ်ဆွေတွေ အားလုံးက အလိမ်အညာတွေ ချည်းပဲဆိုတာ သက်သေပြဖို့ ခင်ဗျားတို့ အပေါ်မှာ မူတည်နေပြီနော်” ဆိုပြီး စကားချုပ်ရင်း မီဒီယာတွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု စတင် အုပ်မြစ်ချ နိုင်ခဲ့ပါတယ်။

သူ့ကိုယ်သူ Normal One လို့ ကြွေးကြော်ရင်း ရော်ဂျာဆီ ကနေ လက်လွှဲ ရယူထားတဲ့ ကစားသမား စာရင်းနဲ့တင် ယူရိုပါလိဂ် ဗိုလ်လုပွဲ ၊ ကာရာဘောင် ဖလား ဗိုလ်လုပွဲတွေ တက်ရောက်အောင် စွမ်းဆောင် နိုင်ခဲ့ပေမယ့် ဒေါမွန် ကတည်းက ဗိုလ်လုပွဲတွေမှာ ရှုံနိမ့်ခဲ့ရတဲ့ မှတ်တမ်းဆိုးတွေက ရပ်တန့်သွားခဲ့ခြင်း မရှိပါဘူး။ အဲဒီ ဘောလုံး ရာသီမှာ လီဗာပူးဟာ ချန်ပီယံလိဂ် ၀င်ခွင့် နဲ့ လွဲချော်ခဲ့ရပေမယ့် ကလပ်အသင်းကတော့ နည်းပြ အဖွဲ့ဝင် တစ်ခုလုံးကို ယုံကြည်မှု အပြည့်ပေးကာ စာချုပ်သစ်တွေ အသီးသီး ချုပ်ဆို ပြလိုက်ပါတယ်။

2016-2017 ဘောလုံး ရာသီမှာတော့ ကလော့ပ်ဟာ ချန်ပီယံလိဂ် ၀င်ခွင့်ရရှိအောင် ပြန်လည် စွမ်းဆောင်ပြပြီး ၊ 2017-2018 ခုနှစ် မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးဆီ ကို ပို့ဆောင်ပေးနိုင်ခဲ့ ပါတယ်။ သို့သော် သူ့ရဲ့ ကြမ္မာဆိုး က နှိပ်စက်နေဆဲ ဖြစ်ပြီး ၊ ဗိုလ်လုပွဲမှာ အားထားရတဲ့ တိုက်စစ် ကစားသမား ဆာလတ်က အစောကြီး ဒဏ်ရာ ရရှိသွားခဲ့သလို ၊ ဂိုးသမား ကာရီးယက် ရဲ့ မလိုလားအပ်တဲ့ အမှားပေါင်း များစွာနဲ့ ရီးရဲ မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ ပြန်ပါတယ်။

မီဒီယာတွေ ကလဲ ကလော့ပ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဗိုလ်ပွဲ 6 ပွဲမှာ တစ်ပွဲမှ အနိုင် မရသေးဘူး ဆိုပြီး ဖွနေပါပြီ…….

အသင်း ပရိသတ် တစ်ချို့ကလဲ ဗိုလ်လုပွဲတွေ ရောက်မှ အရှုံးပေးရတဲ့ ဖြစ်ရပ်တွေကို တော်တော်လေး နာကျင်နေခဲ့ကြပါတယ်။

သို့သော် ကလော့ပ် ကတော့ သူ့ရဲ့ ထုံးစံအတိုင်း မီဒီယာတွေ ၊ ဝေဖန်သူတွေ ထိုးနှက်သာတွေကို ဂရုမစိုက်သလို ယုံကြည်ရာ အတိုင်း ရှေ့ဆက်ဖို့ ဟန်ပြင်ခဲ့ ပါတယ်။ အားနည်းနေတဲ့ ကစားသမား စာရင်းမှာ အလီဆွန် ၊ ဖာဘင်ဟို ၊ ရှာကွီရီ ၊ ကီတာ တို့ကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။

ကစားသမား ခေါ်ယူမှုကလဲ မှန်ကန်ခဲ့တာကြောင့် 2018-2019 ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့သလို ၊ ချန်ပီယီလိဂ် ဖလားကြီးကိုတော့ လီဗာပူး အတွက် 6 ကြိမ်မြောက် သိမ်းပိုက် ပြလိုက်ပါတယ်။

အဲဒီ အခိုက်အတန့်မှာတော့ ကလော့ပ်ဟာ အကြီးအကျယ် ပေါက်ကွဲပြီး အောင်ပွဲခံခဲ့ပါပြီ……….

ဒုတိယ အရှုံးသမား လို့ ပြောတဲ့သူတွေကိုလဲ နှုတ်ဆိတ်စေခဲ့ ပါပြီ ………….

သူ့ရဲ့ ဘ၀မှာ တန်းတက်ဖို့ 2 ကြိမ် တိုင်တိုင် ကပ်တိုးလေးနဲ့ လွဲခဲ့ဖူးပါတယ်………

သူ့ရဲ့ ဘ၀မှာ ဗိုလ်လုပွဲပေါင်း 8 ကြိမ် အထိ ရှုံးဖူးပါတယ်……..

သူ့ရဲ့ ဘ၀မှာ အမှတ်ပေးဖလား ဒုတိယ နဲ့ပဲ 3 ကြိမ် အထိ ကျေနပ်ခဲ့ရဖူး ပါတယ်…

ဒါပေမယ့် သူ က စိတ်ဓါတ် မကျပါဘူး။

ကိုယ့်ယုံကြည်မှု အပေါ် ပတ်ဝန်းကျင်က ဝေဖန်သံတွေကို အလွှမ်းမိုး မခံပါဘူး

ရောက်တဲ့ အသင်းတိုင်းမှာ မိသားစု ဆန်တဲ့ ပုံစံမျိုး နဲ့ တည်ဆောက်လေ့ ရှိသလို ၊ ရောက်တဲ့ ကလပ်တိုင်းမှာ ကစားသမားတွေကရော ၊ ပရိသတ်တွေ အားလုံးကပါ အချစ်ခံရသူကြီးပါ။

အသင်းကို အောက်ခြေကနေ တည်ဆောက်ပြီး ၊ သမိုင်း အငွေ့အသက်တွေ ပြန်သွင်းပြဖို့ ကြိုးစားနေတဲ့ သူ့ရဲ့ လုပ်ရပ်က လီဗာပူး ပရိသတ်တွေ အတွက်တော့ အဖိုးမဖြတ် နိုင်တဲ့ နည်းပြကြီး တစ်ဦးပါပဲဗျာ……..

Happy Birthday ပါ Normal One ကြီးရေ…………..