အခုအပတ် စနေ၊ တနင်္ဂနွေ မှာ လာလီဂါ ပွဲစဉ်တွေကို ပုံမှန်အတိုင်းကစားနေပေမယ့် ရီးရဲလ် နဲ့ ဘာစီလိုနာတို့ရဲ့ အယ်ကလက်စီကို ပွဲစဉ်ကို တော့ လုံခြုံရေး အကြောင်းပြချက်တွေကြောင့် ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လည်း ဘာစီလိုနာ အိုင်ကွန်မက်ဆီ တယောက် အနားရနေခဲ့ပါတယ်။

အခုလို ပွဲကစားဖို့ မရှိချိန်မှာTyC Sports သတင်းဌာနက မက်ဆီကို သီးသန့် အင်တာဗျူးတခု ဖိတ်ခေါ်သွား ခဲ့ပြီး သိလိုသမျှအကြောင်းအရာ အချို့ကို မေးမြန်းသွားခဲ့ပါတယ်။မေးခွန်းတွေထဲမှာတော့ မက်ဆီအနေနဲ့ VAR စနစ်အပေါ် ဘယ်လို အမြင်ရှိသလဲ၊ သူအကြိုက်ဆုံးတိုက်စစ်မှူးကဘယ်သူတွေလဲစတာတွေပါဝင်ခဲ့တာဖြစ်ပါတယ်။

ွှရုပ်သံအကူဒိုင်စနစ် ( VAR) လို့ခေါ်တွင်တဲ့ နည်းပညာကို စမ်းသပ်နေခဲ့တာကြာပြီးဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာသုံးစွဲခဲ့အပြီး ဥရောပထိပ်တန်းလိဂ်တွေမှာပါ သုံးစွဲလာခဲ့တာဖြစ်ပါတယ်။ အခုထိ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ ရှိနေသေးပြီး မက်ဆီကတော့ အောက်ပါအတိုင်းမှတ်ချက်ပေးခဲ့ပါတယ်။

VAR စနစ်အပေါ် သူက – ” ဒီစနစ်ကို ကောင်းကောင်းအသုံးချမယ်ဆိုရင်တော့ ကျွန်တော်က နှစ်သက်မိမှာဖြစ်ပါတယ်။သံသယတွေဖျောက်ဖျက်ဖို့ဒီစနစ်ကို ယူဆောင်လာခဲ့တာဖြစ်ပြီး အခုထိမလုပ်နိုင်သေးတာကိုတော့ ကျွန်တော်မကြိုက်ပါဘူး။နောက်ဆုံးမှာတော့ ကွင်းလယ် ဒိုင်နဲ့ နောက်ထပ်ဒိုင်တဦးကပဲ ဆုံးဖြတ်ချက်တွေချနေသေးတာဖြစ်ပါတယ်။

ဒါ့အပြင်သူတို့ဟာ ကွင်းအတွင်းဖြစ်ပျက်နေတဲ့ အရာတွေကို အခြေခံထားပြီးဆုံးဖြတ်ချက်တွေချနေတာမဟုတ်ပါဘူး။ဒီစနစ်ဟာ အတော်လေးကောင်းတဲ့ အရာတခုဖြစ်ပေမယ့်လည်း အခုထိကောင်းကောင်းမွန်မွန် အသုံးမချထားနိုင်သေးပါဘူး ” လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကစားသမား ဘဝတလျှောက်တွဲကစားခဲ့ဖူးတဲ့တိုက်စစ် ကစားဖော်တွေအကြောင်းမေးမြန်းရာမှာတော့ မက်ဆီက – ” ပွဲတပွဲမှာ ကျွန်တော် ကန်လိုက်တဲ့ ဘောလုံးကပြိုင်ဘက် ခံစစ်ကိုထိပြီးပြန်ထွက်လာခဲ့လို့ရော်နယ်ဒင်ဟိုဆီကို ပြန်ပေးပြီး သူ့ဆီကဘောလုံးကိုကျွန်တော်ပြန်စောင့်နေခဲ့ပါတယ်။

သူက ကျွန်တော်ဆီကို ကန်တင်ပေးခဲ့ ပြီး ၊ ကျွန်တော်က ဂိုးသမားကို ကျော် ကန်သွင်းခဲ့ပါတယ်။အဲ့ဒီမတိုင်မီမှာကျွန်တော်သွင်းယူခဲ့တဲ့အလားတူဂိုးမျိုးကိုလည်းကြိုက်နှစ်သက်ခဲ့ပေမယ့်လူကျွံနေခဲ့ပါတယ်။ရော်နယ်ဒင်ဟိုကကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့တာဖြစ်ပါနယ်။

ကျွန်တော် ဟာ အသက် ၁၆-၁၇ နှစ်သား အရွယ်လောက်မှာ ဘောလုံး အကျော်အမော်ကြီးတွေရှိနေတဲ့ ဒီအသင်းရဲ့ အဝတ်လဲခန်း အတွင်းကိုဝင်ရောက်လာခဲ့ရတာဖြစ်လို့ တကယ်ကိုမလွယ်ခဲ့ပါဘူး။ဒါပေမယ့်သူက လမ်းညွှန်ပေးခဲ့ပြီးကျွန်တော့်ကိုသက်တောင့်သက်သာဖြစ်စေခဲ့ပါတယ်။ကျွန်တော်သူနဲ့ ထပ်ပြီး
ကစားချင်ခဲ့သေးတာဖြစ်ပါတယ်။

ဆွာရက်ဇ်နဲ့တော့ ၅နှစ်လောက် တွဲကစား ထားခဲ့တာ ဖြစ်ပြီး ၃ရက်ကို တပွဲလောက် ကစားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းတဦးနဲ့ တဦး ရင်ထဲကနေ နားလည်ပြီး ကစားနေနိုင်ပြီဖြစ်ပါတယ်။သူနဲ့ ကျွန်တော်ရဲ့ ကလေးတွေကလည်းရွယ်တူပဲဖြစ်ပါတယ်။နေ့စဉ်ဘဝတွေကို အတူဖြစ်သန်းနေခဲ့ရတာကြောင့်လည်းသူငယ်ချင်း သံယောစဉ်က ပိုပြီးခိုင်မာနေခဲ့ပါပြီ ” လို့ပြောခဲ့ပါတယ်။

မြင်တွေ့ဖူးသမျှ ထဲမှာ အကောင်းဆုံးတိုက်စစ်မှူးက ဘယ်သူလဲလို့ မေးမြန်းရာမှာတော့ – ” (ဘရာဇီးသားကြီး ) ရိုနယ်ဒိုကတော့ တကယ့်ကို အမှတ်အသားပြုလုပ်ရမယ့် ကစားသမားမျိုးဖြစ်ပါတယ်။ကျွန်တော်မြင်တွေ့ဖူးသမျှ တိုက်စစ်မှူးတွေထဲမှာသူက အကောင်းဆုံးဖြစ်ပြီး မယုံနိုင်စရာခြေစွမ်းပိုင်ရှင်ဖြစ်ပါတယ်။

ကျွန်တော် ဘာစီလိုနာကနေ မထွက်ချင်ပါဘူး။ဒီကနေ ထွက်မယ့်အကြောင်းကို လည်းစဉ်းတောင် မစဉ်းစားနိုင်ပါဘူး။နယူးဝဲလ်အိုးဘွိုင်စ် အသင်းမှာ ကစားဖို့ အိပ်မက်ရှိထားပေမယ့် ဖြစ်လာမလားဆိုတာတောင်မသိပါဘူး။ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ထက် မိသားစုတွေက
အရင်လာတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။