လီဗာပူး ဟာ ဒီကနေ့ပွဲမှာ လိုဗရန် နဲ့ ဗန်ဒိုက် အတွဲကိုပဲ ဆက်သုံးခဲ့ပြီး ၊ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အာနိုး ပြန်ပါခဲ့သလို ၊ ချန်ပီယံလိဂ် မှာ အနားပေးခဲ့တဲ့ ဟန်ဒါဆင် နဲ့ ၀ိုင်နယ်ဒမ် တို့လဲ ပါ၀င်လာခဲ့ပါတယ်။

အစောပိုင်းမှာ ဂန့်နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကီတာ နဲ့ ချိန်ဘာလိန် တို့ကို အသုံးပြုမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ၊ ကလော့ပ်ကတော့ သူ့ရဲ့ ပွဲထုတ်နေကြ ကွင်းလယ်ပုံစံ အတိုင်းပဲ ခင်းကျင်းလာခဲ့ပါတယ်။

စပါးကတော့ တိုက်စစ်မှာ ကိန်းကို အထောင်ထားပြီး အလီ ၊ အဲရစ်ဆင် ၊ ဆွန် တို့နဲ့ ၀န်းရံခဲ့ပြီး ကွင်းလယ် ခံစစ်မှာတော့ ၀င့်ခ် နဲ့ ဆစ်ဆိုခို တို့ကို အထိုင်ချကာ ၊ နောက်တန်းမှာ ဆန်းချက် ၊ အယ်လ်ဒါ၀ီရယ် ၊ အော်ရီရာ ၊ ရို့စ်တို့ကို အသုံးပြုခဲ့ပါတယ်။

ပွဲစလို့ 1 မီးနစ် မပြည့်ခင်မှာပဲ ကိန်းက စပါးအတွက် ဦးဆောင်ဂိုးကို သွင်းယူပြလိုက်ပါတယ်။ လီဗာပူး ကတော့ ပရီးမီးယားလိဂ် 2 ပွဲ ဆက်တိုက် ဦးဆောင်ဂိုး ပေးလိုက်ရတာ ဖြစ်ပြီး ၊ နောက်တန်း ကစားသမားတွေ အဆင်သင့် မဖြစ်ခင်မှာပဲ စပါးက ဂိုးသွင်းပြသွားခဲ့တာပါ။

စပါးဟာ ဒီကနေ့မှာ လီဗာပူး ကို ကောင်းကောင်း တုန့်ပြန်ဖို့ အစီအစဉ်ကို သေချာ ဆွဲလာခဲ့ဟန်တူပြီး ၊ လီဗာပူး ရဲ့ အထနှေးတတ်တဲ့ ပုံစံကို သေချာ အသုံးချသွားခဲ့တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် လီဗာပူး ဖရီးကစ် ကန်ခွင့်ရတိုင်းလဲ ၊ ကစားကွက် Tempo ကို မြင့်လို့ မရအောင် ဘောလုံးရှေ့ကနေ ကားဆီး ကာဆီး လုပ်နေတတ်တာကြောင့်လဲ ၊ လီဗာပူး ကစားသမားတွေ နဲ့ မကြာခဏ ထိပ်တိုက်တွေ့နေခဲ့ပါတယ်။

လီဗာပူးဟာ မီးနစ် 30 ၀န်းကျင်ရောက်မှ စပါး ဘက်ကို ထိထိရောက်ရောက် နဲ့ တစ်ရစပ် တိုက်စစ် ဆင်လာနိုင်ခဲ့တာပါ။ ဆာလတ် ရဲ့ အပိုင်ကန်သွင်းချက် နဲ့ ဖာမင်နို ရဲ့ အနီးကပ် ပိတ်သွင်းချက်တွေကို စပါး ဂိုးသမား အံ့သြလောက်အောင် ကာကွယ် ပြသွားခဲ့ပြီး ၊ ဗန်ဒိုက် ရဲ့ ခေါင်းတိုက်ချက် နဲ့ အာနိုး ရဲ့ အဝေးကန်ချက်တွေကိုလဲ ပုတ်ထုတ်သွားခဲ့တာတော့ တော်တေ်ာလေးကို ချီးကျူးရမှာ ဖြစ်ပါတယ်။

စပါး ကတော့ ဦးဆောင်ဂိုး ရပြီး ခံစစ်ကို အားပြုသွားတာကြောင့် ပထမပိုင်း မှာ ဦးဆောင်ခွင့် ရခဲ့သည့်တိုင်အောင် လီဗာပူး ရဲ့ ကစားကွက်အောက်မှာပဲ အချိန်တွေ ကုန်ဆုံးသွားခဲ့ရပါတယ်။

လီဗာပူး က မာနေး နဲ့ ၀ိုင်နယ်ဒမ် တို့ ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့သလို ၊ စပါး က အလီ ကလဲ ကွင်းထဲမှာ ပျောက်ထွက်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဘယ်လို အပြောင်းအလဲတွေ လုပ်ဆောင်ရင်း ယှဉ်ပြိုင် ကစားကြမလဲ ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ဗျာ….

Second Half

ဒုတိယပိုုင်း ပြန်စလို့ မီးနစ် ပိုင်းအတွင်းမှာပဲ ဆွန်က တစ်ကိုယ် အစွမ်းနဲ့ ထိုးဖောက်ပြီး ၊ ကန်သွင်းရာ ဂိုးဘားတန်းကို ထိပြီး ထွက်သွားလို့သာ လီဗာပူးတို့သက်သာရာ ရရှိသွားတာပါ။ သို့သော် မီးနစ် 50 ကျော်မှာတော့ အိမ်ရှင်တို့ ချေပဂိုး ရရှိသွားခဲ့ပြီး ၊ ဟန်ဒါဆင် က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လီဗာပူး ကပဲ ပွဲကို ဆက်တိုက် စိုးမိုးခဲ့ပြီး စပါးဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့တာပါ။

စပါးကတော့ ဆွန် ရဲ့ ပွဲအစပိုင်း ခြိမ်းခြောက်တဲ့ အနေအထားက လွဲရင် ၊ ခံစစ်ကိုသာ အချိန်ကုန်နေခဲ့ရပြီး ၊ အာနိုး ရဲ့ ညာတောင်ပံ က ဖြတ်တင်ဘောတွေ မနည်းထိန်းနေခဲ့ရပါတယ်။ ကလော့ပ် ကတော့ တိုက်စစ်ကို လုံးဝ မချခဲ့သလို ၊ ထူးခြားတာက ဒီပွဲမှာ လီဗာပူး ရဲ့ ကွင်းလယ် ဖန်တီးရှင် က အဖျက်နေရာကိုပါ ပူးတွဲ တာဝန်ယူနေခဲ့ရတဲ့ ဖာဘင်ဟိုပါ။

နောက်တန်း တစ်ခုလုံးကို ကာဗာ လုပ်ထားနိုင်တဲ့ အပြင် ၊ လီဗာပူး ရဲ့ ဘောလုံးဖြန့်မှု ၊ အခွင့်အရေး ဖန်တီးမှုတွေကို ပါ တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဟန်ဒါဆင် သွင်းယူတဲ့ ဂိုးဟာလဲ ဖာဘင်ဟို ရဲ့ ဖန်တီးမှုကနေ ရရှိသွားခဲ့တာပါ။

75 မီးနစ် ၀န်းကျင်မှာတော့ ကွင်းလယ်ဒိုင်ဟာ မာနေး ကို ပြစ်ဒဏ်ကျူးလွန်တယ် ဆိုပြီး ပင်နယ်တီ သတ်မှတ်ပေးလိုက်ပါတယ်။ တကယ်တော့ အဲဒီ အနေအထား မတိုင်ခင် ကတည်းက စပါးရဲ့ ဧရိယာ အတွင်း Tactical Fouls တွေက အရေအတွက် များလာလွန်းလို့ ၊ မာနေး ရဲ့ အနေအထားကို ချက်ခြင်း ပင်နယ်တီ သတ်မှတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။

အဲဒီ အခွင့်အရေးကိုတော့ ဆာလတ် က အပိုင်ကန်သွင်းပြီး ၊ အသင်းအတွက် ဦးဆောင်ဂိုး ပြန်လည် ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဆာလတ်ဟာ အန်ဖီးကွင်းထဲမှာ စုစုပေါင်း 58 ပွဲ အထိ ကစားထားခဲ့ပြီးပြီ ဖြစ်ကာ ၊ သွင်းဂိုး က 50 အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ စပါး ကို နောက်ဆုံး ရင်ဆိုင် ကစားခဲ့တဲ့ 9 ပွဲမှာ 7 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

လီဗာပူး ကတော့ စပါး နဲ့ တွေ့တိုင်း ရလာဒ်ကောင်းတဲ့ အစဉ်အလာကိုလဲ ဆက်လက် ထိန်းသိမ်းသွားခဲ့ပါတယ်။ သူတို့ဟာ စပါး နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 14 ပွဲမှာ 1 ပွဲသာ ရှုံးနိမ့်ပြီး 9 ပွဲ အနိုင်ရရှိကာ ၊ 4 ပွဲ သရေ ကျထားခဲ့တာပါ။

ကလော့ပ် ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို 6 မှတ် အကွာနဲ့ ဆက်လက် ရပ်တည်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲအတွက် Admin ရဲ့ အကောင်းဆုံး ကစားသမားကတော့ လီဗာပူး ကွင်းလယ် က ဖာဘင်ဟို ပဲဗျာ………