ယနေ့ ညမှာပဲ ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ မန်နေဂျာ မော်ရစ်ဇီယို ဆာရီ နဲ့ တရားဝင် လမ်းခွဲကြောင်း ၄င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက် မှ တဆင့် ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ် ။ ဆာရီ ဟာ ချယ်လ်ဆီး အသင်း ကို ပြီးခဲ့တဲ့ နှစ် ဘောလုံး ရာသီ ကမှ ရောက်ရှိ လာခဲ့ပြီး အသင်း နဲ့ စာချုပ် ၃နှစ် ချုပ်ဆို ခဲ့သူ ဖြစ်ပါတယ် ။

ရာသီ အစောပိုင်း မှာ ချယ်လ်ဆီး အသင်း ကို ပရီးမီးယားလိဂ် ၁၃ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းတွေ ရယူ နိုင်ခဲ့ပေမယ့် ၊ နောက်ပိုင်း မှာ ၄င်းရဲ့ ကစားကွက် နဲ့ စတိုင်လ် ကို ရိပ်စား လာတဲ့ ပရီးမီးယားလိဂ် ပြိုင်ဖက် အသင်း တွေကြောင့် ချယ်လ်ဆီး အသင်း တော့တင်ဟမ် နဲ့ စတင် ရှုံးပွဲ တွေ့ခဲ့ပြီး ထို အချိန်မှ စ၍ တည်ငြိမ် တဲ့ ပုံစံ ကို ရရှိ ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ဆာရီ ဟာ ချယ်လ်ဆီး အသင်း ကို ခံစစ် ကစားဟန် အသွင် ကနေ တိုက်စစ် ဆန်ဆန် ကစားဟန် ကို ပြောင်းလဲ နိုင်ဖို့ ကြိုးစား နေခဲ့သူ ဖြစ်ပေမယ့် တရာသီ ဆိုတဲ့ အချိန် ဟာ ချယ်လ်ဆီး အသင်းသား တွေကို သူ့ ကစားကွက် မှာ အထိုင်ကျ ၊ နောကြေ စေဖို့ ဘယ်လိုမှ မလွယ်ကူ ခဲ့ပါဘူး ။ ဒါပေမယ့် အဆုံးမှာတော့ ဆာရီ ဟာ ချယ်လ်ဆီး အသင်း ကို ချန်ပီယံလိဂ် ဝင်ခွင့် ၊ ပရီးမီးယားလိဂ် အဆင့် ၃ ၊ ယူရိုပါလိဂ် ချန်ပီယံဆု တွေကို ရယူ ပေးပြီး အောင်နိုင်သူ အဖြစ် အဆုံးသတ် နိုင်ခဲ့ပါတယ် ။

အခု အခါမှာ တော့ ဆာရီ ကို ဂျူဗင်တပ် အသင်း က ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ချုပ်ဆို ခဲ့ပြီး ဖြစ်သလို ချယ်လ်ဆီး အသင်း ဟာ ဆာရီ အတွက် လျော်ကြေး ၇သန်း ဝန်းကျင် အထိ ရရှိဖွယ် ရှိနေပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား ကတော့ အသင်း နဲ့ လမ်းခွဲ ခဲ့ပြီ ဖြစ်တဲ့ ဆာရီ နဲ့ ပတ်သက်ပြီး အခုလို နှုတ်ဆက် စကား ဆိုခဲ့ပါတယ် ။

မာရီနာ က ” ယူရိုပါလိဂ် ဖိုင်နယ် ပြီးကတည်းက မော်ရီဇီယို နဲ့ ကျွန်မ တို့ အနာဂတ် အကြောင်း ဆွေးနွေး ခဲ့ကြပါတယ် ။ မော်ရစ်ဇီယို ဟာ အီတလီ ကို ပြန်ဖို့ အတော်လေး ဆန္ဒ ရှိနေခဲ့တာကို ကျွန်မ တို့ ဆွေးနွေး ကြချိန်မှာ သိလိုက် ရပါတယ် ။ သူ့ အတွက် အီတလီ ကို ပြန်ပြီး အလုပ်လုပ်ဖို့ အတွက် သူ့ရဲ့ အကြောင်းပြချက် တွေနဲ့ ကျွန်မ တို့ကို ရှင်းလင်း ခဲ့ပါတယ် ။ ”

” နောက်ပြီး သူဟာ သူ့ မိသားစု နဲ့ အနီးကပ် နေထိုင် ရတာက သူ့ အတွက် ပိုပြီး အရေးကြီးတယ် လို့ ယုံကြည် နေခဲ့ပါတယ် ။ အခုလို အသက်အရွယ် မှာ သူ့ရဲ့ အဖေ ၊ အပါအဝင် သက်ကြီးပိုင်း မိသားစုဝင် တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေဖို့ လိုအပ် လာပြီ လို့ သူ ခံစား မိနေပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ မော်ရစ်ဇီယို ချယ်လ်ဆီး အသင်း အတွက် စွမ်းဆောင် ခဲ့တာတွေ ၊ သူနဲ့ သူ့ နည်းပြ အဖွဲ့ဝင် တွေ လုပ်ဆောင် ခဲ့တာတွေ ၊ ယူရိုပါလိဂ် ဖလား ချန်ပီယံ ဖြစ်ဖို့ လမ်းပြ နိုင်ခဲ့တာ တွေ ၊ ကာရာဘောင် ဖိုင်နယ် ၊ ပရီးမီးယားလိဂ် အဆင့် ၃ ၊ ချန်ပီယံလိဂ် ဝင်ခွင့် တွေ အတွက် အထူး ကျေးဇူး တင်မိပါတယ် ။ ”

” နောက်ပြီး ကျွန်မ တို့ ဖက်ကလည်း သူ စီးရီးအေ ကို ပြန်ပြီး ထိပ်သီး အသင်း တသင်း ရဲ့ ကြီးမား တဲ့ မန်နေဂျာ ရာထူး ကို ထပ်ရ ခဲ့တဲ့ အတွက်ကြောင့် သူ့ကို ဂုဏ်ပြု ပေးပါတယ် ။ ဒါ့အပြင် အနာဂတ် မှာ အကောင်းဆုံး အရာ တွေ ရရှိ ပါစေလို့လည်း ဆုတောင်း ပေးပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆာရီ ထွက်ခွာ သွားပြီးနောက် ချယ်လ်ဆီး ပရိသတ် တွေ အားလုံး မျှော်လင့် စောင့်စား နေကြတဲ့ ဂန္တဝင် ကွင်းလယ်လူ ဖရန့် လမ်းပတ် ခေါ် Super Frank ပဲ ရောက်လာ မလား ၊ ဒါမှမဟုတ် တခြား ထိပ်သီး မန်နေဂျာ တယောက်ယောက် ရောက်လာမလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ် ။

SPORTS MYANMAR