အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူး အသင်း က စပါး အသင်းကို နောက်ကနေ လိုက် ကစား ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် လည်း လီဗာပူး တို့ဟာ ဒုတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီး အသင်းကို ၆ မှတ်အသာနဲ့ ဆက်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်း တဦးဖြစ်တဲ့ ကာရေဂါကတော့အခုနှစ်ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံပြေးလမ်း မှာ သူ့အသင်းဟောင်းနဲ့ မန်စီးတီး တို့ ကြားက အဓိက ကွာဟချက်က ဘယ်လိုအရာမျိုးဖြစ်နိုင်တယ်ဆိုတာကို သူယုုံကြည်ထားတဲ့ အကြောင်းဒီပွဲအပြီးမှာရှင်းပြသွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ စပါး အသင်းနဲ့ ပွဲမှာ ပွဲ အစ ၄၇ စက္ကန့် လောက်ကတည်းက ဟယ်ရီကိန်း ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဟန်ဒါဆန်၊ ဆာလတ်တို့ရဲ့ ဂိုးတွေကြောင့် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။စပါးတို့ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး အသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရမှုကို ချေဖြတ်နိုင်ဖို့ ပွဲအစကတည်းက ကြိုးစားသွားခဲ့တာဖြစ်ပြီး အခုလို ဦးဆောင်ဂိုးစောစောစီးစီးရခဲ့တာဖြစ်ပါတယ်။သူတို့ဟာကြားရက်အတွင်းကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်းရတ်စတားအသင်းကို ၅ဂိုးပြတ်အနိုင်ရထားလို့ စိတ်ဓာတ်နဲ့ ခြေစွမ်းအမြင့်ဆုံးမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို အသင်းကို လီဗာပူး အသင်း ဦးဆောင်ဂိုးစောစောခွင့်ပြုခဲ့ရပေမယ့် ချန်ပီယံ ဆုကို မက်မောတဲ့ စိတ်ဓာတ်နဲ့ တပွဲလုံးပြန်တုန့်ပြန်သွားနိုင်ခဲ့ပြီး နောက်ဆုံးမှာ အနိုင်ရလဒ်ကိုပါရရှိခဲ့တာဖြစ်ပါတယ်။စပါးနဲ့ ပွဲမှာလီဗာပူးတို့ ပြန်လာနိုင်ခဲ့သလိုမျိုး မန်စီးတီး အသင်းကစွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကာရေဂါကဆိုလိုက်ပြီး ဒီအချက်က ချန်ပီယံဆုအတွက်ပြေးလမ်းကိုခြားနားစေမယ့် အဓိက အချက်တခုဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

Sky sports ရဲ့ အစီအစဉ် တခုမှာ ကာရေဂါက – ” လီဗာပူး ကစားသွားတဘယ်လောက်ကောင်းကောင်းလိုက်သလဲဗျာ။စပါးအသင်းကကော ဘယ်လောက်သနားဖို့ ကောင်းလိုက်သလဲဗျာ။ကျွန်တော့်အထင်ပြောရရင် စပါးအသင်းက ဒုတိယပိုင်းမှာပိုပြီး အန္တရာယ်ပေးမယ့်ပုံမှာရှိခဲ့တာဖြစ်ပါတယ်။ရှေ့ကိုပဲ တိုက်စစ်ဆင်နေခဲ့ပြီး ဆွန်ဟောင်မင်ထံကနေ အခွင့်အရေးကောင်းကြီးတခု ရခဲ့ပါသေးတယ်။ဒါပေမယ့်လည်း လီဗာပူးက ပိုပြီးကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။သူတို့က စပါးအသင်းကို အပြတ်ချေမှုန်းခဲ့ပါတယ်။ဒါဟာလီဗာပူးရဲ့ခြေစွမ်းဖြစ်ပါတယ်။မန်စီးတီးဆိုရင်ဒီလိုပွဲတွေကို အနိုင်ရမှာမဟုတ်ပါဘူး။

မန်စီးတီးတို့က ပွဲတွေကို မတူညီတဲ့ ပုံစံတွေနဲ့ အနိုင်ကစားတာဖြစ်ပြီး သူတို့ရဲ့ ကစားပုံနဲ့ အခွင့်အရေးဖန်တီးမှုတွေကို ကြည့်ပြီး ပွဲမှာပိုကောင်းတဲ့ အသင်းတသင်းဖြစ်တယ်လို့ ခင်ဗျားတို့က ယူဆကြတာဖြစ်ပါတယ်။တကယ်တမ်း မှာတော့ လီဗာပူး နဲ့ ရင်ဆိုင် ရတဲ့ ပွဲတွေကမှ non-stop ကစားရတာဖြစ်ပါတယ်။သူတို့က အမြဲတမ်း တော့ ပြိုင်ဘက်အသင်းကို အရင်ဦးဆောင်ရနိုင်တာမဟုတ်ပါဘူး။တယောက်ယောက်က သူတို့ဘောလုံးမရခင်မှာ အရင်ရယူထားနိုင်တာမျိုးတွေလည်းရှိပါတယ်။

ဒါပေမယ့် လည်းသူတို့ ဘောလုံးကိုရအောင် ပြန်ယူပြီး တဖန်တိုက်စစ်ပြန်ဆင်ပါတယ်။လီဗာပူး အသင်းမှာ ဒီဘရိုင်းလို ကစားသမား မရှိဘူးဆိုတာတော့ အမှန်ပါပဲ။ဒါပေမယ့်လည်း သူတို့ဟာ ခံစစ် အစွန်ကစားသမား ၂ဦးထံကနေ ဖန်တီးမှုတွေကို ရနေတာဖြစ်ပါတယ်။ခံစစ်ကစားသမား တွေဖြစ်ပေမယ့်လည်း သူတို့ ရဲ့ ဖန်တီးပေးမှုတွေက မရပ် မနားတမ်း ဆိုသလိုပါပဲ။ဒါကြောင့် လည်း လီဗာပူး လို အသင်းနဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တွေ အတွက်တော့ သူတို့ဟာ တကယ့်ကို အိပ်မက်ဆိုး မက်စေမယ့် သူတွေဖြစ်ကြပါတယ် ” လို့ပြောခဲ့ပါတယ်။

SM