တနင်္ဂနွေနေ့ မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းနဲ့ ပဲလေ့စ်အသင်းတို့ ၂ဂိုးစီ သေ ရ ကျခဲ့ပါတယ်။ဒီပွဲမှာ အိမ်ရှင် အာဆင်နယ် အသင်းက ဦးဆောင်ဂိုး ၂ဂိုးရခဲ့ပေမယ့် မထိန်းနိုင်ခဲ့ လို့အဖိုးတန် ၂မှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ ပွဲအစ ၁၀ မိနစ် အတွင်းမှာပဲ နောက်ခံလူတွေဖြစ်တဲ့ ဆိုကရေးတစ်၊ ဒေးဗစ်လုဇ် တို့ရဲ့ ဂိုးတွေ နဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပထမပိုင်းမှာ မီလီဗိုဂျီဗစ်ရဲ့ ပင်နယ်တီ ဂိုးကိုပြန်ခွင့်ပြုပေးခဲ့ရပြီး ဒုတိယပိုင်းစတင်ပြီးမကြာခင်မှာလည်း ဂျော်ဒန်အာယူးရဲ့ နောက်ထပ် ချေပဂိုးကိုပါ ပြန်ပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ဆိုကရေးတစ်က ဦးဆောင်ဂိုးတဂိုး ထပ်သွင်းပေးခဲ့ပေမယ့် VAR နဲ့ပြန်ကြည့်အပြီး ပယ်ဖျက်ခဲ့ လို့အာဆင်နယ်အသင်းနစ်နာခဲ့ရပါတယ်။ဒါပေမယ့် နာကျင်အချိန်ပို အတွင်းမှာ ဇာဟာ ရဲ့ အပိုင်ဆွဲယူလာမှုကို ဂွမ်ဒူဇီက ကြမ်းကြမ်းတမ်းတမ်းဆွဲလှဲဖြတ်ထုတ်ခဲ့လို့ အရေးမနိမ့်ခဲ့ရတာဖြစ်ပါတယ်။ဒီဖြစ်ရပ်မှာ ဂွမ်ဒူဇီက အာဆင်နယ်အသင်းရဲ့နောက်ဆုံး ခံစစ်မှူး နေရာမျိုးမှာရှိနေခဲ့တာဖြစ်ပြီးသိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အဝါကတ်သာပြသခဲ့လို့ ကံကောင်းသွားခဲ့ရတာဖြစ်ပါတယ်။

ဇာဟာကတော့ ဒီဖြစ်ရပ်ကို ခံရခက်နေပြီး ပြစ်ဒဏ်ကျူးလွန်ခံနေရတဲ့ ပုံနဲ့ အတူ ” ဝင်ဘာလေ ကွင်းထဲက( NFL ) ရပ်ဘီဘောလုံးပွဲတပွဲ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ တွစ်တာကနေ မချိတင်ကဲ ဖော်ပြသွားခဲ့ပါတယ်။ဂွမ်ဒူဇီကလည်း မဖြစ်မနေအခြေအနေမျိုးကြောင့် အခုလို လုပ်ခဲ့ရတာဖြစ်တယ်လို့ ပွဲအပြီးအင်တာဗျူးတခုမှာ ဝန်ခံသွားခဲ့ပါတယ်။ ပဲလေ့စ်ရဲ့ ခံစစ်ကို ဦးဆောင်သွားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ဂယ်ရီကာဟေး ကတော့ ဆိုကရေးတစ်ရဲ့ နောက်ကျဂိုးကိုခွင့်မပြုခဲ့တဲ့ VARဆုံးဖြတ်ချက်ကိုထောက်ခံသွားခဲ့ပြီး ဂွမ်ဒူဇီကြောင့်သာ ပဲလေ့စ် အသင်း ၃မှတ်ပြည့်မရလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာဗျူးတခုမှာ ကာဟေးက – ” ဂိုးဧရိယာ အတွင်းမှာ လူတွေအများကြီး ရှိနေခဲ့တာဖြစ်ပြီး ၊ အရင်တုန်းကဆိုရင် ဒီလို မတော်တဆဖြစ်ရပ်မျိုးတွေကို သိလိုက်မိကြမှာမဟုတ်ပါဘူး။VAR စနစ် ပေါ်လာတာတကယ်ကောင်းပါတယ်။ဘာကြောင့်လည်းဆိုတော့ ပွဲပြီးဖို့၅မိနစ်လောက်အလိုမှာမှ ၃-၂ ဂိုးရလဒ်ဖြစ်သွားရင် ကျွန်တော်တို့ပြန်လာဖို့မလွယ်လို့ဖြစ်ပါတယ်။ပွဲကို ကြီးမားတဲ့ အလှည့်အပြောင်းတွေဖြစ်စေနိူင်တဲ့ အခိုက်အတန့်ဖြစ်ပြီး ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့ လည်းယူဆပါတယ်။ဒါပေမယ့် အဆုံးသတ်မှာ ရတ်ဘီ ဘောပွဲဆန်ဆန် ပြစ်ဒဏ်ကျူးလွန်ခံလိုက်ရတာကတော့ ကျွန်တော်တို့ကို ထိရှစေခဲ့ပါတယ်။

သူက ပရော်ဖက်ရှင်နယ်ဆန်ဆန်သူ့အသင်းအတွက် ရင်းပြီး ပြစ်ဒဏ်ဘောရယူသွားခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်လည်းဗျာ ဇာဟာသာ ဒီလို မဖြစ်ပဲ ကျော်ဖြတ်သွားနိုင်ခဲ့ရင် အဆုံးမှာ ဘာတွေဖြစ်သွားမယ်ဆိုတာ ဘယ်သူကသိနိုင်မှာလဲဗျာ ” လိုု့ပြောသွားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အာဆင်နယ်အသင်းက ဦးဆောင်ဂိုးတွေ စောစောရရှိပြီး ဖိအားပေးနိုင်ခဲ့ပေမယ့် မီလီဗိုဂျီဗစ် ရဲ့ ဂိုးကြောင့် ပဲလေ့စ်အသင်းသားတွေ သွေးဆူပွက် သွားခဲ့ရတာဖြစ်တယ်လို့ ကာဟေး ဆိုပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး ကာဟေးက-

” ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့စရိုက်လက္ခဏာတွေက အရေးကြီးတာဖြစ်ပါတယ်။စောစောစီးစီး၂ဂိုးပေးလိုက်ရပေမယ့်လည်းကျွန်တော်တို့ပြန်လာနိုင်ခဲ့ပါတယ်။ပထမချေပဂိုးပြန်ရပြီးပြီးချင်းမှာပဲ ပွဲကပြနအသက်ဝင်သွားုပီဆိုတာနားလည် လိုက်ပါတယ်။အသင်းကြီးတွေရဲ့ ပရိသတ်တွေ ဆိုတာရလဒ်ကောင်းတွေကိုပဲ ဆက်တိုက်မျှော်လင့်ကြတာဖြစ်ပြီး ကျွန်တော်တို့ကတော့ ပွဲကိုလာရောက်ရင်ဆိုင်ဖို့ပဲရှိတာဖြစ်ပါတယ်။သူတို့က ပွဲကို ကောင်းကောင်းစနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ပြန်ပြီး တုန့်ပြန်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ကျွန်တော်တို့က သူတို့့ကိုဖိအားပေးထိုးနှက်သွားနိုင်ခဲ့ပြီး အဆုံးသတ်မှာတော့ ရမှတ်တမှတ်ရအောင်ယူသွားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့အတွက်အရမ်းကောင်းတဲ့ အဖိုးတန်ရမှတ်လည်းဖြစ်ခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SM