စတိမက်မာနာမန် ဟာ တော့တင်ဟမ် နဲ့ ပွဲမှာ လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ရဲ့ ခြေစွမ်းကို အထူး ချီးကျူး သွားခဲ့ပြီး အင်္ဂလန် လက်ရွေးစင်ဟာ ကွင်းလယ် အထိုင်နေရာကို ဖာဘင်ညို ကို လွွှဲပေး ခဲ့ရ ပေမယ့်လည်း ကျရာ နေရာမှာ ကောင်းကောင်း ကစား နိုင်စွမ်း ရှိတဲ့ အရည်အသွေးကိုပါ အမွမ်းတင် သွားခဲ့ ပါတယ်။

ဟယ်ရီကိန်း ဟာ တနင်္ဂနွေနေ့ညက အန်ဖီးမှာ ပွဲအစ ၄၇ စက္ကန့်မှာတင် ဦးဆောင်ဂိုး သွင်းခဲ့ပြီး စပါး ဂိုးသမား ပေါ်လို ဂါဇာနီဂါ ကလည်း အထူး လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်သွား ခဲ့တာကြောင့် လီဗာပူး တို့ ပထမပိုင်းမှာ ချေပဂိုး မရခဲ့ဘဲ ရှုံးနိမ့် နေခဲ့ပါတယ်။ သို့ပေမယ့်လည်း ကလော့ ရဲ့ အသင်းဟာ ဒုတိယပိုင်း မှာလည်း အကောင်းဆုံး ပုံစံနဲ့ ထွက်လာ ခဲ့ပြီး ဟန်ဒါဆန်ဟာ ပွဲချိန် ၅၂ မိနစ်မှာ ထောင့်ကျဉ်း အနေအထား ကနေ Volley ကန်ချက်နဲ့ ချေပဂိုး သွင်းယူ ပေးခဲ့ပါတယ်။

ထို့နောက် ပွဲပြီးဖို့ ၁၅ မိနစ် အလိုမှာ လီဗာပူး တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဆာဒီယို မာနေးကြောင့် ရခဲ့တဲ့ ပင်နယ်တီကို မိုဆာလား က အမှားအယွင်း မရှိ ကန်သွင်း ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး တို့ စပါးကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ ပြီးနောက် စတိမက်မာနာမန် က သူ့အသင်းဟာ ရပ်တန့်လို့ မရတဲ့ အသင်းလို ဖြစ်လာ ခဲ့ပြီလို့ ဆိုသွား ပါတယ်။

မက်မာနာမန် က “ခင်ဗျား အနေနဲ့ လီဗာပူး တို့ အမှတ်ပေးဖလား ကို ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့တဲ့ အချိန်ကို ပြန်တွေး ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ဒါမျိုး ဖြစ်လာဖို့ အတွက် ကြိုးပမ်း နေကြတာ ဖြစ်ပြီး ဒါဟာ အခု သူတို့ ရှာဖွေ နေတဲ့ အရာပါ။ ပထမပိုင်းမှာ ၁ – ၀ နဲ့ ရှံုးနိမ့် နေခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ တော့တင်ဟမ်ဟာ အခု Top 4 ထဲ ဝင်နေတဲ့ အသင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ လီဗာပူး ရဲ့ top 4 ပြိုင်ဘက် ဖြစ်ပါတယ်။ သူတို့ဟာ ပွဲတစ်ပွဲကို လွယ်လွယ်နဲ့ ရှံုးနိုင်တယ်လို့ အခုထိလည်း မတွေးမိ သေးပါဘူး။

ဒါဟာ အရေးမပါတဲ့ စကား ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ပွဲမတိုင်မီ သူတို့ရဲ့ ယုံကြည်ချက် အကြောင်းကို ကျွန်တော်တို့ ပြောခဲ့ ပါသေးတယ်။ လီဗာပူးဟာ ၁-၀ နဲ့ ရှံုးနိမ့် နေခဲ့ ပေမယ့်လည်း ပထမပိုင်းမှာ သူတို့ရဲ့ ကစားပုံ အရမ်းကို ကောင်းမွန် နေခဲ့ သလို ဂိုးမရမီ အထိလည်း ကစားရှိန်က လုံးဝကို မကျသွား ခဲ့ပါဘူး။ လီဗာပူး တို့ ဂိုးရလိုက် သွားခဲ့တဲ့ အချိန်မှာတော့ သူတို့ နောက်ထပ် ဂိုးထပ် သွင်းလိမ့်မယ် ဆိုတဲ့ ခံစားချက် ကို ရနေ ခဲ့ပြီး အထူး သဖြင့် သူတို့ရဲ့ ကစားပုံ တအား ကောင်းခဲ့ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

မက်မာနာမန် ဟာ ဒီရာသီ နေရာသစ်မှာ အံဝင်စွာ ကစားပြီး ခြေစွမ်းပြ နေတဲ့ ဂျော်ဒန်ဟန်ဒါဆန် ကိုလည်း အထူး ချီးကျူး သွားခဲ့ ပါတယ်။

မက်မာနာမန် က “ဂျော်ဒန် ဟန်ဒါဆန် ဟာ အခု ဆိုရင် အကောင်းဆုံး ပုံစံ ရနေ ပါတယ်။ မဟုတ်ဘူးလား? သူဟာ ကစားသမား ဘဝ နှောင်းပိုင်းကို ချည်းကပ် လာခဲ့ပြီ ဖြစ်နေ ပေမယ့်လည်း ခြားနားတဲ့ ကစားသမား တစ်ဦး အဖြစ် ခြေစွမ်း ပြနေ ပါတယ်။ ဖာဘင်ညို ဟာ သူ့နေရာကို ရယူ သွားခဲ့ပါတယ်။ အခု ဆိုရင် သူဟာ Front Three နဲ့ အတူ ညာတောင်ပံ တိုက်စစ်မှာ ကစား ပေးနေ ပါတယ်။

သူဟာ ညာတောင်ပံ တိုက်စစ်မှာ အလက်ဇန်းဒါးအာနိုး နဲ့ အတူ တွဲဖက်ကာ သူ့ရဲ့ စွမ်းအင်မြင့် ကစားဟန် ကို ပြသနေ ပါတယ်။ သူဟာ ကစားသမား ဘဝ နှောင်းပိုင်းကို ရောက်လာ နေပြီ ဖြစ်ပေမယ့် ဒါဟာ သူ့ရဲ့ နောက်ထပ် မျက်နှာ တစ်ခုပါ။” လို့ ဆိုသွား ပါတယ်။

တော့တင်ဟမ် ကစားသမားဟောင်း ဂျာမိန်းဂျီးနက် ကလည်း “ကျွန်တော် ကတော့ ဟန်ဒါဆန် ဟာ လီဗာပူး ရဲ့ underrated ကစားသမား လို့ ထင်ပါတယ်။ သူဟာ အသင်းခေါင်းဆောင် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်အား တွေကို လူတွေ သိပ်ပြီး သတိ မပြုမိကြ ပါဘူး။ သူဟာ အလုပ်ကို အပြင်းအထန် ကြိုးစားတဲ့သူ ဖြစ်ပြီး သူဟာ တကယ့်ကို စစ်မှန်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ သူဟာ အဝတ်လဲခန်း ထဲမှာ အဆင့် တစ်ခုကို ထိန်းထား ပါတယ်။ လီဗာပူးဟာ စပါးထက် အများကြီး ပိုကောင်းတဲ့ အသင်းပါ။ သူတို့ အနိုင်ရလဒ် နဲ့ ထိုက်တန် ပါတယ်။” လို့ ပြောခဲ့ ပါတယ်။