တော့တင်ဟမ် နည်းပြဟောင်း ဖြစ်သူ ဟယ်ရီရက်နက် က ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းဟာ လာမည့် ၂၀၁၉ – ၂၀ ဘောလုံး ရာသီမှာ ၎င်းတို့ရဲ့ ချန်ပီယံလိဂ် ဖလား အိမ်မက်ကို နောက်ဆုံးမှာတော့ လက်တွေ့ အကောင်အထည် ဖော်နိုင် လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ ပါတယ်။

မန်စီးတီး ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အင်္ဂလန် မြေမှာ အောင်မြင်မှုတွေ ရယူ နိုင်ခဲ့ပြီး ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ၂ နှစ်ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့တဲ့ အပြင် ၂၀၁၈-၁၉ ဘောလုံး ရာသီမှာ ပြည်တွင်း ဖလား ၃ လုံး စလုံး ဆွတ်ခူး နိုင်တဲ့ ပထမဦးဆုံး အင်္ဂလန် အသင်း ဖြစ်ခဲ့ ပါတယ်။

ဒါပေမယ့်လည်း စီးတီး ရဲ့ ဥရောပ ချန်ပီယံ ဖြစ်ရေး အိမ်မက်ဟာ ဆက်လက် သွေဖယ် နေဆဲ ဖြစ်ပြီး အီတီဟတ် ကလပ်ဟာ မနှစ်က လီဗာပူး ကို ကွာတားဖိုင်နယ်မှာ ရှုံးကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရသလို ၂၀၁၈-၁၉ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း တော့တင်ဟမ်ကို ကွာတားဖိုင်နယ် မှာပဲ ရှုံးကာ ပြိုင်ပွဲ ကနေ ထပ်မံ ထွက်ခွာ ခဲ့ရပြန် ပါတယ်။

လီဗာပူး အသင်း ကတော့ မက်ဒရစ် မှာ ကျင်းပ ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဟက်နက် ရဲ့ အသင်းဟောင်း ဖြစ်တဲ့ တော့တင်ဟမ် ကို ၂ – ၀ နဲ့ နိုင်ကာ ချန်ပီယံလိဂ် ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် လူမျိုးနည်းပြက ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ လီဗာပူး ရဲ့ ချန်ပီယံလိဂ် ဖလားကို လုယူ နိုင်မယ့် အသင်း ဖြစ်တယ်လို့ ထောက်ခံ သွားပါတယ်။

ရက်နက် က “ လာမည့် နှစ်အနည်းငယ် မှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို အင်္ဂလန် ကလပ်တွေ လွှမ်းမိုး နိုင်လိမ့်မယ်လို့ ကျွန်တော် တကယ် ခံစား မိပါတယ်။ ကျွန်တော်တို့မှာ လာမည့် နှစ်အတွက် မန်စီးတီး ရှိပါတယ်။ သူတို့ လာမည့် နှစ်မှာ ဥရောပ ချန်ပီယံ ဖြစ်မယ်လို့ ကျွန်တော် ထင်နေ ပါတယ်။ ဒီဖလား ကို ဆွတ်ခူး နိုင်ဖို့ သူတို့ အလှည့် ကျရောက် လာပြီလို့ ကျွန်တော် ထင်ပါတယ်။

အကယ်၍ လာမည့် နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘယ်သူ ချန်ပီယံ ဖြစ်မလဲ ဆိုပြီး လောင်းရမယ် ဆိုရင် ကျွန်တော်ဟာ မန်စီးတီး ဘက်ကိုပဲ နေမိ မှာပါ။” လို့ ဆိုလိုက် ပါတယ်။

ရက်နက်က လာမည့် ၂၀၁၉-၂၀ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ အင်္ဂလန် ကလပ်တွေ ပိုမို လွှမ်းမိုး နိုင်လိမ့်မယ်လို့ မျှော်မှန်း ထားပါတယ်။ ရက်နက် က ဘာစီလိုနာဟာ အရင်တုန်းကလို အသင်း မဟုတ်တော့ဘူး ဆိုတာ လီဗာပူး က ပြသ ခဲ့တယ်လို့ ဆိုလိုက်ပြီး ရီးရဲယ်မက်ဒရစ် အသင်း ကတော့ ပြန်လည် တည်ဆောက်မှု အတွက် အချိန်ယူ ရအုံးမယ်လို့ ပြောသွားပါတယ်။

ရက်နက် က “ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် နှစ်ပွဲ ကတော့ ကျွန်တော်တို့ မြင်တွေ့ ဖူးသမျှ ထဲမှာ အကြီးကြယ်ဆုံး ပွဲတွေ ထဲက ၂ ပွဲ ဖြစ်ပါတယ်။ ဘာစီလိုနာ နဲ့ ပွဲမှာ လီဗာပူးရဲ့ ခြေစွမ်းဟာ တကယ့်ကို ကောင်းလွန်း ပါတယ်။ ပြီးတော့ အိုင်ယက် နဲ့ ပွဲမှာ ဒုတိယပိုင်း မှာ ပြန်လာ နိုင်ခဲ့တဲ့ တော့တင်ဟမ် ရဲ့ စွမ်းဆောင်မှု ကလည်း မယုံနိုင် လောက်အောင် ပါပဲ။

အခု အနေအထား အရ ကျွန်တော်တို့ အင်္ဂလန်ဟာ လာမည့် နှစ် အနည်းငယ် မှာ ဒီပြိုင်ပွဲကို လွှမ်းမိုး နိုင်မယ်လို့ ကျွန်တော် မြင်နေ ပါတယ်။ ကျွန်တော့် အတွက် ကတော့ ရီးရဲမက်ဒရစ်ဟာ ကျဆင်း နေပါတယ်။ ဘာစီလိုနာ ဟာ အရင်ကလောက် မဟုတ်တော့ ပါဘူး။ ဘာကာ ဟာ ကြောက်စရာ မရှိဘူး ဆိုတာ လီဗာပူး က သက်သေ ပြခဲ့ ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM