လီဗာပူး ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ 4 ပွဲဟာ ဦးဆောင်ဂိုးတွေ ပေးရင်း ၊ နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်သလို ၊ အဲဒီ အထဲက 3 ပွဲ နိုင် 1 ပွဲ သရေ ရလာဒ်ထွက် ပေါ်လာခဲ့အပြီးမှာတော့ သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓါတ် နဲ့ ယုံကြည်မှုတွေကို ပရိသတ် တိုင်းက တစ်အံ့တအား နဲ့ ချီးကျူးလာခဲ့ကြပါတယ်။

ကာရာဘောင် ဖလားပြိုင်ပွဲ အာဆင်နယ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မီးနစ် 90 လုံးလုံး အာဆင်နယ် ပရိသတ်တွေပဲ အောင်ပွဲခံအားပေးနေခဲ့တာ ဖြစ်ပြီး ၊ ပွဲအပြီးမှာတော့ လီဗာပူး ပရိသတ်တွေက ပြန်လည် အောင်ပွဲခံသွားခဲ့သလိုပဲ ၊ အလားတူ ဖြစ်ရပ်မျိုးဟာ အက်စ်တွန်ဗီလာ နဲ့ ပွဲမှာ ဆက်တိုက် ဖြစ်ပေါ်လာချိန်မှာတော့ အင်္ဂလန် က သတင်းထောက်တွေ ကလဲ လီဗာပူး ရဲ့ Come Backs နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ထုတ်ဖော် ရေးသားလာခဲ့ကြပါတယ်။

အခုလို ပြန်လည် တွန်းလှန် တိုက်ပွဲဝင်ပြခဲ့တဲ့ နောက်ကွယ်က အဓိက စွမ်းဆောင်ရည်ကတော့ နည်းပြကြီး ယာဂန် ကလော့ပ် ဖြစ်ပြီး ၊ သူ့ရဲ့ ပြင်ဆင်မှုအား ကောင်းလွန်းမှုတွေက မည်သို့သော် အတားအဆီးတွေကိုမူ ဖြတ်ကျော် ပြနိုင်ဖို့ တွန်းအားပေးတွေ ပေးနေခဲ့တာလို့ ဆိုပါတယ်။

သူဟာ ကစားသမား တစ်ယောက် ရဲ့ စိတ်နေစိတ်ထားကိုလဲ အကဲခတ်ရာမှာ တော်လွန်းသူ ဖြစ်သလို ၊ ပွဲထွက် ကစားသမား စာရင်းကိုလဲ မဲဝုဒ်က လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်တွေ အပေါ်မူတည်က ဆုံးဖြတ်ချက် ချလေ့ရှိသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆိုရင် အိုရီဂီ ဟာ တောင်ပံကစားသမား တစ်ဦးဖြစ်တဲ့ ရှာကွီရီ ထက်ပိုပြီး ၊ တောင်ပံ တိုက်စစ်တွေမှာ ကစားခွင့် ရရှိခဲ့တဲ့ အကြောင်းအရင်းကလဲ ၊ ကစားသမား ရဲ့ မဲဝုဒ်က ကြိုးစားမှုတွေ ဖြစ်ပါတယ်။ ကလော့ပ် ကတော့ အဲဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး “ အိုရီဂီ နေရာ ရလာတာက သူ လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ပုံတွေကို ၊ ကျနော့် အနေနဲ့ မျက်ကွယ် ပြုထားလို့ မဖြစ်နိုင်တော့လို့ကို ကစားခွင့် ပေးထားခဲ့တာပါ” မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒီရာသီ အစောပိုင်းက ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်း လီဗာပူး အတွက် အကျိုးပြုနိုင်ခြင်း မရှိခဲ့တဲ့ လယ်လာနာ ကို ခေါ်ယူချင်တဲ့ ကလပ် တော်တော်များများက ကမ်းလှမ်းခဲ့သည့်တိုင်အောင် ၊ နည်းပြကြီး က ပယ်ချခဲ့ကာ ၊ အသင်းမှာ No.6 နေရာကို ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါဟာ ကစားသမား ရဲ့ ပရိုပီသတဲ့ စိတ်ဓါတ် အပြည့်နဲ့ ကြိုးစားနေတဲ့ အတွက်ကြောင့် ဖြစ်ပြီး ၊ အခုဆိုရင် နောက်ဆုံး ကစားခဲ့တဲ့ 2 ပွဲဆက်တိုက် ပွဲထွက် ကစားသမား စာရင်းကနေတောင် အသုံးပြုထားခဲ့ပြီးပါပြီ။

ကလော့ပ် ရဲ့ လေ့ကျင့်ရေးကွင်းမှာ အလုပ်လုပ်တဲ့ ပုံစံ က အရမ်းကို လောဘကြီးလွန်း သလို ၊ ကစားသမားတွေ အပေါ်လဲ ညှာတာမှု သိပ်ပေးတာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ငွေကြေး သုံးစွဲနိုင်တဲ့ အနေအထားတွေ ကြားမှာတောင် ကစားသမားသစ် ခေါ်ယူမှု လုံး၀ မရှိခဲ့ပဲ ၊ ရှိရင်းစွဲ ကစားသမားတွေ ကိုပဲ ဒီထက် ပိုကောင်းတဲ့ ခြေစွမ်းတွေ တိုးတက်အောင် စွမ်းဆောင်ပြဖို့ စိန်ခေါ်ခဲ့ကာ ၊ ရာသီသစ် တစ်ခုကို ဖြတ်သန်းဖို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့သူပါ။

လေ့ကျင့်ရေးကွင်းမှာ ခံစစ် နဲ့ တိုက်စစ် အားပြိုင် ကစားတဲ့ ပုံစံမျိုး ဆိုရင် ၊ သူဟာ ခံစစ်အသင်းဘက်ကို ပိုပြီး ကစားသမားများပြီး ထားလေ့ရှိသလို ၊ တစ်ခါတလေ တစ်ဖက်က 9 ယောက် – အခြားတစ်ဖက် က 11 ယောက် ထားပြီး ကစားခိုင်းတဲ့ အခြေအနေတွေ ရှိထားခဲ့ပါတယ်။ ဒီအခြေအနေတွေ ကနေ တစ်ဆင့် သူဟာ အသင်းရဲ့ စိတ်ဓါတ်ပိုင်း ဆိုင်ရာတွေကို အခြေခံ တည်ဆောက်လေ့ ရှိတာဖြစ်ပြီး ၊ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေပါစေ ၊ ဂိုးရအောင်သွင်းယူ နိုင်ရမယ် ဆိုတဲ့ စိတ်ဓါတ်တွေကို ရိုတ်သွင်းပုံဖော် ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြီးမှာတော့ လီဗာပူးဟာ မိုဆာလတ် မရှိရင် ၊ အားနည်းသွားနိုင်တယ် ဆိုတဲ့ မှတ်ချက်မျိုးတွေ ရှိခဲ့ဖူးပေမယ့် ၊ ဗီလာနဲ့ ပွဲမှာတော့ ကလော့ဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုနဲ့ အတူ ချိန်ဘာလိန်ကို အပြောင်းအလဲ လုပ်ကာ တိုက်စစ်ကို ပုံဖော်စေခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားသမားတွေ အပေါ်ကို ကိုင်တွယ်တဲ့ ထူးခြားတဲ့ ပုံစံ ဖြစ်ပြီး ၊ မနှစ်က တစ်ရာသီလုံးနီးပါ ကစားပေးနိုင်ခြင်း မရှိခဲ့တဲ့ ချိန်ဘာလိန် ၊ လယ်လာနာ တို့ဟာ လီဗာပူး အတွက် ဒီရာသီ အပြောင်းအရွှေ့ ရဲ့ ကစားသမားသစ်တွေ လိုပဲ ဆိုတဲ့ တင်စားပြောဆိုမှုဟာ တကယ်ကို ဖြစ်လာခဲ့ပြီလို့ ဆိုရမှာပါ။

ပွဲအပြီးမှာတော့ ဗီလာ နဲ့ ပွဲအတွက် တစ်ဂိုးသွင်းပြီး ၊ တစ်ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့တဲ့ မာနေး က “ ကျနော် တို့ အသင်းရဲ့ စိတ်ဓါတ်က အရမ်းကို ကောင်းနေပါပြီ။ 1-0 ဦးဆောင် ခံထားရချိန်မှာတောင် ယုံကြည်မှုက လုံး၀ ပျောက်မသွားပါဘူး။ အဲဒီနောက် အခွင့်အရေးတွေ လွဲချော်ခဲ့သည့်တိုင်အောင် တစ်သင်းလုံးက အဆက်မပြတ် ကြိုးစားသွားခဲ့တာလေ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကလော့ပ် ကတော့ အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး “ အခုလို ပြန်ပြီး နိုင်ပွဲ ရလိမ့်မယ်တော့ အမြဲတမ်းကြီး ယုံကြည်မထားရဲပါဘူး။ ဒါပေမယ့် ကျနော့်အသင်းဟာ ဘယ်တော့မှာ အရှုံးပေးမှာ မဟုတ်ဘူး ဆိုတော့ ကောင်းကောင်း သိထားပါတယ်” ယုံကြည်မှု အပြည့်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူး အတွက် ချေပဂိုး သွင်းယူခဲ့တဲ့ ရော်ဘတ်ဆန်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံး အကြိမ် ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ၊ ကလော့ပ် ရဲ့ လက်ထက် မီးနစ် 80 ကျော် သွင်းဂိုးတွေ နဲ့ နိုင်ပွဲ ရှာဖွေနိုင်တဲ့ 15 ပွဲ မြောက်အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ အဲဒီ အထဲက 11 ပွဲမှာ ၊ သွင်းဂိုးတွေက 86 မီးနစ် နောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တာပါ။

ဗီလာ နောက်တန်း ကစားသမားတွေ ဖြစ်တဲ့ မင်းန် နဲ့ အီးလ်ဂဲ တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခေါင်းတိုက်ဘောတွေ ကို ရှင်ထုတ်နိုင်ဆုံး ခံစစ်မှုး အတွဲအဖြစ် ရပ်တည်နေတာ ဖြစ်ပြီး ၊ လီဗာပူး ကတော့ သူတို့ရဲ့ အမြင့်ဘော ပိုင်နိုင်ကျွမ်းကျင်မှုကို အကြိမ်ကြိမ် စမ်းသပ်ကာ ၊ နောက်ဆုံးမှာတော့ ခေါင်းတိုက်ဂိုးတွေ နဲ့ပဲ အောင်ပွဲ ခံသွားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ကစားသမား တစ်ဦးချင်းအပေါ် ထားတဲ့ ယုံကြည်မှုတွေ ၊ အဲဒီ ကစားသမားတွေ ရဲ့ ကြိုးစားမှုတွေ နဲ့ လေ့ကျင့်ရေးကွင်းက ထူးခြားတဲ့ ပြင်ဆင်ချက်တွေကြောင့်ပဲ လီဗာပူး ရဲ့ စွမ်းဆောင်ရည်တွေက မျက်လှည့်ဆန်ဆန် အလှည့်အပြောင်းတွေ ဆက်တိုက် ဖန်တီးပြခဲ့တာပါ။ အသင်းရဲ့ စည်းလုံးမှု စိတ်ဓါတ် နဲ့ ယုံကြည်ချက်တွေဟာ အမြင့်ဆုံးအထိ ရောက်ရှိနေချိန် ဖြစ်လို့ လာမယ့် အပတ် မန်စီးတီး နဲ့ ထိပ်တိုက်တွေ့ ဆုံမှုက တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။

မန်စီးတီး နဲ့ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို သိမ်းပိုက်ဖို့ ရေပန်း အစားဆုံးတွေ ဖြစ်လို့ ၊ မန်စီးတီး ကပဲ အမှတ်ကွာဟမှုကို လျှော့ချသွားမလား ၊ လီဗာပူး ကပဲ တစ်ပွဲထဲ အနိုင်ကစားပြီး 6 မှတ် အထိ ရယူပြသွားမလား ဆိုတာ……စောင့်ကြည့်လိုက်ကြရအောင်ဗျာ……….