ဆဲလ်တစ် နည်းပြ နေးလ်လန်နွန် က တီယာနေး အတွက် အာဆင်နယ် အသင်း ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ ကြေးဟာ သူတို့ လိုချင်တဲ့ အနေအထားမှာ ရှိမနေကြောင်း နဲ့ ပြောင်းရွှေ့ ကြေး တိုးမြှင့် ကမ်းလှမ်းဖို့ လိုအပ်ကြောင်း သတိပေး ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ တီယာနေး အတွက် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ဆဲလ်တစ် အသင်းဘက်က ပယ်ချ ခဲ့ပါတယ် ။ ဆဲလ်တစ် နည်းပြ နေးလ်လန်နွန် က အာဆင်နယ် အသင်းဟာ သူတို့ ကစားသမား မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ကြောင်းလည်း စွပ်စွဲ ပြောကြား လိုက်ပါတယ် ။

ဒါ့အပြင် နေးလ်လန်နွန် က ဆဲလ်တစ် အသင်းဟာ တီယာနေး ကို ရောင်းချ ဖို့ ဆန္ဒ မရှိကြောင်း ဆိုပါတယ် ။တီယာနေး ဟာ ပြီးခဲ့တဲ့လ တုန်းက ခွဲစိတ်မှု တစ်ခု ပြုလုပ် ထားတာကြောင့် အခု အချိန်မှာ ကြံ့ ခိုင်မှု ပြည့်ဝဖို့ လုပ်ဆောင် နေရပါတယ် ။

ဆဲလ်တစ် နည်းပြ နေးလ်လန်နွန် က Sky Sports နဲ့ အင်တာဗျူးမှာ တီယာနေး ရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး ” အာဆင်နယ် အသင်းဘက်က နောက်ထပ် ကမ်းလှမ်းမှု မရှိသေးပါဘူး ။ ကျနော်တို့ အနေနဲ့ သူ့နေရာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေ နေပါတယ် ။ ကျနော်တို့ အာဆင်နယ် အသင်း ရဲ့ ကမ်းလှမ်းမှု ကို ရခဲ့ပါတယ် ၊ ဒါပေမယ့် သူတို့ ပြောတဲ့ ဈေးက ကျနော်တို့ သတ်မှတ်ထားတာနဲ့ အလှမ်း ဝေးနေပါတယ် ။ ”

” ကျနော်တို့ အနေနဲ့ တီယာနေးကို မရောင်းချချင်ပါဘူး ။ သူက အသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုထားသူပါ ၊ အသင်းအတွက်လည်း အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ရောင်းချဖို့ ဆန္ဒ မရှိပါဘူး ။ ကစားသမားဘက်က ကြည့်ရင်လည်း သူအနေနဲ့ အရင်ဆုံး ကြံ့ခိုင်မှု ပြည့်ဝအောင် လုပ်ဖို့ လိုအပ်ပါတယ် ။ ”

” ကစားသမား ကိုယ်တိုင်ကလည်း သတင်းတွေကြောင့် မတည်မငြိမ် ဖြစ်နေပါတယ် ။ သူ အခု လေ့ကျင့်ခန်း မဆင်း ဖြစ်သေးပါဘူး ၊ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး စဉ်းစား ဆုံးဖြတ်ဖို့ အချိန် ပေးထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

တီယာနေး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်း အပြင် စီရီးအေ ကလပ် နာပိုလီ အသင်းကလည်း ပစ်မှတ် ထားနေပါတယ် ။ ဆဲလ်တစ် အသင်း နည်းပြ လန်နွန်က တူးလောစ့် နောက်ခံလူ ခရစ္စတိုဖာ ဂျူလီယန် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ထားပြီး ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ တီယာနေး ဟာ ဆဲလ်တစ် အသင်း အတွက် ပွဲပေါင်း ၁၇၀ ကျော် ကစားပေးထားပြီး ပြီးခဲ့တဲ့ ရာသီက ဆဲလ်တစ် အသင်းနဲ့ အတူ တစ်ရာသီတည်း ဖလား သုံးလုံး ရယူ နိုင်ခဲ့ပါတယ် ။ တီယာနေး ဟာ ဘယ်နောက်ခံလူ တစ်ဦး ဖြစ်ပေမယ့် ဗဟိုခံစစ် ၊ ဗဟိုကွင်းလယ် ၊ ဘယ်တောင်ပံ နေရာတွေမှာလည်း ကစားနိုင်တဲ့သူပါ ။

SPORTS MYANMAR