ယနေ့ည အစောပိုင်း မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး – ခရစ်စတယ် ပဲလေ့စ် ပွဲမှာ ချယ်လ်ဆီး အသင်း ဟာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ၊ တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၂ – ၀ ရလဒ် နဲ့ အနိုင်ရကာ ၊ အမှတ်ပေး ဇယား အဆင့် ၂ နေရာ သို့ ယာယီ တက်ရောက် လာခဲ့ပါတယ် ။

လန်ဒန် ဒါဘီ ဖြစ်တာကြောင့် အကြိတ်အနယ် ရှိမယ် လို့ ထင်ထားခဲ့ပေမယ့် ခရစ်စတယ် ပဲလေ့စ် ရဲ့ ကစားပုံ က ဘာမှ မက်လောက်စရာ မရှိခဲ့သလို ၊ ခံစစ် ပိတ်ဆော့တဲ့ နည်းဗျူဟာ ကလည်း ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် ကို တားဆီးဖို့ ဘယ်လိုမှ မထိရောက် ခဲ့ပါဘူး ။

လမ်းပတ် ဟာ ယနေ့ ပွဲမှာ ဒဏ်ရာကြောင့် မသေချာ ဖြစ်နေတဲ့ မေဆင်မောင့် ကို ပြန်ပြီး ပွဲထွက် လာသလို ၊ လူငယ် နောက်ခံလူ ရိစ်ဂျိမ်းစ် ကိုလည်း ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ကို ပေးခဲ့ပါတယ် ။ ဂျိမ်းစ် ဟာ ယနေ့ည ပွဲမှာ ချယ်လ်ဆီး အသင်း ရဲ့ အထွန်းတောက်ဆုံး ကစားသမား တဦး ဖြစ်ခဲ့တယ် လို့ သတ်မှတ်ရင် မမှားပါဘူး ။

စောင့်ကြည့်ရနိုင်တဲ့ ကစားသမား လို့ သတ်မှတ် ခံထားရတဲ့ ဇာဟာ ကို တပွဲလုံး လှုပ်မရအောင် ထိန်းပြ သွားခဲ့တဲ့ ရိစ်ဂျိမ်းစ် ရဲ့ ခြေစွမ်း က လက်ဖျားခါ ရလောက်အောင် အရမ်း ကောင်းခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ပထမပိုင်း မှာ ထိုးဖောက်မှု တချို့ ကနေ ဂိုးရဖို့ ကြိုးစား ခဲ့ပေမယ့် အစောပိုင်း မှာ ဝီလီယံ ရဲ့ ပေးပို့မှု ကို ပူလီဆစ် တကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်း ခဲ့ပေမယ့် ပဲလေ့စ် ဂိုးသမား ဂွိုက်တာ ကာကွယ် သွားနိုင် ခဲ့ပါတယ် ။

ပထမပိုင်း ပြီးခါနီး မှာ ရိစ်ဂျိမ်းစ် ရဲ့ လှပတဲ့ ပေးပို့မှု ကို အေဘရာဟမ် အဆုံးသတ်ဖို့ ထိချက် လွဲခဲ့ တာကနေ ဝီလီယံ အပိုင် ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် ဂယ်ရီ ကာဟေးလ် နဲ့ ဂွိုက်တာ တို့ ဂိုးရှေ့ ကနေ စွမ်းစွမ်းတမံ တားဆီး နိုင်ခဲ့လို့ ပဲလေ့စ် တို့ ပထမပိုင်း အပြီး ပေးဂိုး မရှိခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယပိုင်း မှာတော့ ချယ်လ်ဆီး အသင်း ဟာ ပထမပိုင်း က ထက် ပိုပြီး လျင်မြန်တဲ့ ပေးပို့မှု ၊ အချိတ်အဆက် ကောင်း တချို့ ကို ပြုလုပ် လာနိုင်ခဲ့ပါတယ် ။

အဖွင့်ဂုုိး ဟာ ဒီလို ပေးပို့မှု လျင်မြန်တာကြောင့် ရရှိခဲ့တာ လို့ ဆိုရမှာ ဖြစ်ပြီး ကိုဗာဆစ် ရဲ့ ပေးပို့မှု ကို ဝီလီယံ က ပင်နယ်တီ ဧရိယာ ထဲမှာ ရှိနေတဲ့ အေဘရာဟမ် ကို နောက်ပေါက် နဲ့ ချပေးကာ ၊ အေဘရာဟမ် က ဒါကို အမှားအယွင်း မရှိ အဆုံးသတ် ပြခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲက အနည်းငယ် ပြန်အေး သွားခဲ့ပေမယ့် ပူလီဆစ် ရဲ့ ခေါင်းတိုက်ဂိုး နဲ့ ပွဲပြီးခါနီး ၁၀ မိနစ် အလိုမှာ ချယ်လ်ဆီး တို့ ၂ဂိုးပြတ် နဲ့ သက်တောင့်သက်သာ ဦးဆောင် ခဲ့ပါတယ် ။

ပဲလေ့စ် အသင်း ဟာ ဒီ ပွဲစဉ် မှာ ချေပဂိုး ရခဲ့မယ် ဆိုရင်တောင် ဘယ်လိုမှ မရသင့်တဲ့ အထိ တိုက်စစ် ကစားပုံ က ဆိုးရွား ခဲ့ပါတယ် ။ ဂိုးပေါက် ကန်သွင်းမှု ၃ကြိမ် သာ ရှိခဲ့ပြီး တကြိမ်သာ ဂိုးပေါက် တည့်ခဲ့တာကြောင့် ချယ်လ်ဆီး ခံစစ် က လုံးဝ မဖြုံခဲ့တာ ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဒီ အနိုင် ၃မှတ် ကြောင့် အဆင့် ၂ နေရာ ကို ချယ်လ်ဆီး တို့ ယာယီ တက်လှမ်း လာသလို ၊ ချန်ပီယံဆု အတွက် ပြိုင်ဆိုင် နေကြတဲ့ လီဗာပူး ၊ မန်စီးတီး တို့ကိုပါ ထပ်မံ စိန်ခေါ် နိုင်ခဲ့ကြောင်း သုံးသပ်ရင်း … ။