လီဗာပူးဟာ မနေ့ညက အဓိက ဖလား ပြိုင်ဘက် မန်စီးတီးကို အန်ဖီးမှာ ၃ – ၁ နဲ့ အနိုင်ယူကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ၈ မှတ် အသာနဲ့ ဦးဆောင် လိုက်နိုင်ပါတယ်။ ပွဲအစ ၅ မိနစ် မှာတင် အလက်ဇန်းဒါးအာနိုး အနေနဲ့ ပင်နယ်တီ ဧရိယာ ထဲမှာ လက်နဲ့ ထိခဲ့တာကြောင့် စီးတီး တို့ ပင်နယ်တီ ရခဲ့သင့်ပါတယ်။

ဒါပေမယ့်လည်း ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ က ဒါကို လျစ်လျူရှုကာ ပွဲကို ဆက်ကစား စေခဲ့ပြီး အဲဒီကနေ တဆင့် ဖာဘင်ညို က အားပါ ပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ လီဗာပူး အတွက် အဖွင့်ဂိုး ရယူ သွားခဲ့ပြီး စီးတီး အတွက် တကယ့်ကို ပေါက်ကွဲစရာ ဖြစ်ခဲ့ပါတယ်။ ထို့နောက် လီဗာပူးဟာ ၁၃ မိနစ် မှာပဲ ဒုတိယမြောက်ဂိုး ထပ်ရခဲ့ပြီး အန်ဒီရောဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို ဆာလား က ခေါင်းတိုက် သွင်းယူ ခဲ့ပါတယ်။

ထို့နောက် မာနေးဟာ ဒုတိယပိုင်းမှာ ဟန်ဒါဆင်ရဲ့ ညာတောင်ပံ ကနေ အကောင်းဆုံး ပေးပို့ ခဲ့တဲ့ ဖြတ်တင်ဘော ကနေ တဆင့် ခေါင်းတိုက် သွင်းပေး ခဲ့ပြီး လီဗာပူးကို ၃-၀ နဲ့ ဦးဆောင် စေခဲ့ပါတယ်။ မိနစ် ၈၀ ပတ်ဝန်းကျင်မှာ ဘာနာဒို ဆေးလ်ဗားက တစ်ဂိုးပြန်လည် ချေပခဲ့ပေမယ့်လည်း ပွဲပြီးတဲ့ အထိ ရလဒ် အပြောင်းအလဲ မရှိခဲ့ဘဲ လီဗာပူးဟာ မန်စီးတီး ကို ၉ မှတ် ဖြတ်လိုက် နိုင်ပါတယ်။

၁- နောက်ထပ် အငြင်းပွားစရာတွေ ဖန်တီးခဲ့ပြန်တဲ့ VAR
ဖာဘင်ညိုရဲ့ ဂိုးဟာ အရမ်းကို ကောင်းလှတယ် ဆိုတာ ကတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် လီဗာပူးဟာ အဆိုပါ ဦးဆောင်ဂိုး ရခဲ့တာဟာ ကံကောင်းလှပြီး အဆိုပါ ဂိုုးမတိုင်မီ စီးတီးရဲ့ တိုက်စစ်ဆင်မှုမှာ အလက်ဇန်းဒါးအာနိုး လက်ထိ ခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ပင်နယ်တီ မပေးခဲ့ဘဲ ပွဲကို ဆက်ကစား စေခဲ့ကာ ဒီကနေ တဆင့် လီဗာပူး တို့ ဦးဆောင်ဂိုး ရသွား ခဲ့တာ ဖြစ်ပြီး VAR ကလည်း ဒီဆုံးဖြတ်ချက်ကို အပြောင်းအလဲ မဖြစ်စေ ခဲ့ပါဘူး။ ဒ့ါအပြင် ဒုတိယပိုင်း မှာလည်း အလက်ဇန်းဒါးအာနိုးပဲ လက်ထိပြန် ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဒါကို လျစ်လျူ ရှုခဲ့ပြီး VAR ကလည်း ဒိုင်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဖြစ်စေ ခဲ့ပါတယ်။ ပွဲအပြီး မှာတော့ ပက်ဟာ ဒီဆုံးဖြတ်ချက် နှှစ်ခု အပေါ် အတော် ဒေါသထွက် နေခဲ့တာကို တွေ့မြင် ခဲ့ရကာ VAR ကတော့ အပတ်တိုင်း အငြင်းပွားစရာတွေ ဖြစ်နေဆဲပါ။

၂~ လီဗာပူး ကွင်းလယ် ကျောက်ဆောင်ရဲ့ နောက်ထပ် တစ်မျက်နှာ

ဖာဘင်ညိုဟာ အန်ဖီးမှာ ကလော့ရဲ့ ဖီလော်ဆော်ဖီ နဲ့ အသားကျ သွားခဲ့ပြီးနောက် ချက်ချင်းဆိုသလို အန်ဖီးဟီးရိုး တစ်ဦး ဖြစ်လာ ခဲ့ပါတယ်။ အန်ဖီး ကစားသမား ဘဝ အထနှေး ခဲ့ပေမယ့်လည်း ဘရာဇီးသားဟာ လက်ရှိ မှာတော့ လီဗာပူး ရဲ့ မရှိမဖြစ် အရေးပါတဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်နေပြီး ၎င်းရဲ့ လုပ်အား ကလည်း အန်ဖီးပရိတ်သတ် အတွက် နှစ်သက် သဘောကျစရာပါ။ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တာကြောင့် ခံစစ်ကို အဓိက ကူရတဲ့ ဖာဘင်ညိုရဲ့ သွင်းဂိုး တွေကတော့ မြင်ခဲလှပြီး ပြီးခဲ့တဲ့ ရာသီ နယူးကာဆယ် ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲက လီဗာပူး အတွက် ပထမဆုံး ဂိုးဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီး နဲ့ အရေးကြီး ပွဲစဉ် မှာတော့ ဖာဘင်ညို ဟာ ဒုတိယမြောက် သွင်းဂိုးကို ရယူနိုင် ခဲ့ပြီး ရခဲ့တဲ့ ဂိုးကလည်း အတော့်ကို လှပလွန်း ပါတယ်။ မန်စီးတီး ကစားသမား တစ်ဦးရဲ့ ဖျက်ထုတ်မှု ကနေ တဆင့် ပင်နယ်တီ ဧရိယာထိပ်မှာ နေရာလွတ် ကြီးကြီး ရလာခဲ့တဲ့ ဖာဘင်ညိုဟာ ဘရာဗိုကို လုံးဝ အခွင့်အရေး မရှိအောင် ဒုံးပျံကန်ချက်နဲ့ အဖွင့်ဂိုးရယူ ပေးခဲ့တာ ဖြစ်ပါတယ်။

၃~ စီးတီးကို ဒုက္ခပေးနေတဲ့ ဒဏ်ရာ ပြသနာများ

အန်ဖီးမှာ ကစား ရတဲ့ ပွဲအတွက် ပက်ဂွာဒီယိုလာ အတွက် အကြီးမားဆုံး ဆုံးရှုံးမှု ကတော့ ဒီပွဲ မတိုင်မီ အီဒါဆင် ဒဏ်ရာ ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စီးတီးတို့ ပွဲထွက်စာရင်း ထုတ်ပြန် ချိန်မှာ အတောင့်တင်းဆုံး အသင်းကို မတွေ့ ခဲ့ရဘဲ အီဒါဆင်ရဲ့ နေရာကို ၀င်ကစားခွင့် ရခဲ့တဲ့ ဘရာဗိုဟာ ပြီးခဲ့တဲ့ ၁၈ လမှာ ပထမဦးဆုံး PL ပွဲထွက်ခွင့် ဖြစ်ခဲ့တာကြောင့် ပွဲကစားခွင့် နည်းပါးမှုဟာ ဒုက္ခပေး သွားခဲ့ ပါတယ်။

ဘရာဗိုဟာ ပထမဂိုး အတွက် နေရာယူပုံ အနည်းငယ် လိုခဲ့တဲ့ အပြင် ဆာလားရဲ့ ခေါင်းတို်က်ဂိုး အတွက် အခွင့်အရေး မရှိ ခဲ့ပေမယ့်လည်း မာနေးရဲ့ ဂိုးမှာတော့ ဒီထက် ကောင်းတဲ့ ကာကွယ်မှု လုပ်နိုင် ခဲ့သင့်ပါတယ်။ ဘရာဗိုဟာ အီဒါဆင်ထက် တဆင့် နိမ့်နေတာ ကတော့ သံသယ ဖြစ်စရာ မရှိဘဲ ခံစစ်ကို Command ပေးနိုင်မှု အားနည်း ခဲ့ပါတယ်။ လာပေါ့ဒ် ကာလရှည် နားရမှာ ဖြစ်တာကြောင့် ကွင်းလယ်လူ ဖာဘင်ညို နဲ့ ဂျွန်စတုန်းကို တွဲဖက် ပေးထား ရတဲ့ ဗဟိုခံစစ်ကလည်း လီဗာပူး ရဲ့ တိုက်စစ်ကို ခုခံရာမှာ ရုန်းကန် ခဲ့ရပြီး ဒီလို ပွဲမျိုးမှာတော့ အတော် စကား ပြောခဲ့ပါတယ်။

၄~ အန်ဖီးရဲ့ အီဂျစ်ကင်း

ဆာလားဟာ အသင်းရဲ့ တိုက်စစ်ဆင်မှု တွေမှာ မာနေး ဖာမီနို တို့လောက် ပါ၀င်ပက်သက်မှှု မရှိ ပေမယ့်လည်း final third မှာတော့ သွင်းဂိုး ဂိုးဖန်တီးမှု တွေနဲ့ ထောက်ပံ့ ပေးနေပါတယ်။ မနေ့က စီးတီး နဲ့ ပွဲမှာလည်း ဒီအတိုင်း ဖြစ်ခဲ့ပြီး ဆာလား ဟာ ရောဘတ်ဆန် ရဲ့ ဖြတ်တင်ဘော ကို နေရယူ မှန်မှန်နဲ့ အဆုံးသတ် ခေါင်းတိုက်ဂိုး သွင်းပေး ခဲ့တာပါ။ ဆာလား ဟာ အခု ဆိုရင် အန်ဖီးမှာ လီဗာပူး အတွက် ကစား ပေးခဲ့တဲ့ PL ပွဲစဉ် ၄၄ ပွဲမှာ ၅၂ ဂိုး (၃၈ ဂိုး ၊ ၁၄ ဂိုး ဖန်တီး) မှာ ပါ၀င် ပက်သက်ခဲ့ပြီး အန်ဖီး ပရိတ်သတ် တွေရဲ့ အီဂျစ်ကင်း ဖြစ်နေတာ အံ့သြစရာတော့ မရှိပါဘူး။

၅~ အန်ဖီးရဲ့ မှတ်တမ်းဆိုးကို အဆုံးမသတ် နိုင်သေးတဲ့ အဂွေးရိုး

အဂွေးရိုးဟာ စီးတီး အတွက် PL ပွဲ ၂၅၀ ပြည့်ကို သူသိပ်ပြီး အောင်မြင်မှု မရှိခဲ့တဲ့ ကွင်းမှာ ကစား သွားခဲ့ရပါတယ်။ top-flight ဂိုး ၁၇၃ ဂိုးထိ သွင်းပေး ခဲ့ပေမယ့်လည်း အာဂျင်တီးနားသားဟာ အန်ဖီးမှာတော့ ဂိုးမရ ခဲ့ဖူး ပါဘူး။ မနေ့ညက ဒီမှတ်တမ်းဆိုး အပြောင်းအလဲ ဖြစ်စေ နိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒါကို ဖြုန်းတီး ပစ်ခဲ့သူ ကတော့ အဂွေးရိုး ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စီးတီး တို့ ပထမပိုင်းမှာ ကံမကောင်းစွာနဲ့ ပင်နယ်တီ မရ ခဲ့တာကလည်း အဂွေးရိုး ကို အတားအဆီး ဖြစ်သွား စေခဲ့ပါတယ်။

ဒါပေမယ့်လည်း အဂွေရိုးဟာ မနေ့ညက ပွဲစဉ် မှာတော့ ခါတိုင်းကဲ့သို့ တိကျတဲ့ အဆုံးသတ်တွေ ခြိမ်းခြောက်မှုတွေ ပေးစွမ်း နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ရုန်းကန် နေခဲ့ရပါတယ်။ ထို့နောက် ပွဲချိိန် ရ၁ မိစ်မှာပဲ ဂျီဆု နဲ့ လူစားလဲခြင်း ခံခဲ့ ရကာ ၎င်းရဲ့ အန်ဖီး မှတ်တမ်းဆိုး ကို အဆုံး မသတ် နိုင်ခဲ့ပါဘူး။

SM