အီတလီ လက်ရွေးစင် တိုက်စစ်မှုးဟောင်း ကာဆာနို က ယူဗင်တပ် တိုက်စစ်မှုး ခရစ္စတီယာနို ရိုနယ်ဒို အနေဖြင့် ပွဲ မပြီးခင် ကွင်းအတွင်း က ထွက်ခွာ တဲ့ လုပ်ရပ် ဟာ အန္တရာယ် ရှိကြောင်း နဲ့ အခန့် မသင့် ပါက ၂ နှစ် လောက် ပွဲပယ် ခံ ရမယ့် အရေး နဲ့ ရင်ဆိုင် ရနိုင်ကြောင်း သတိပေး ပြောဆို သွားခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ တနင်္ဂနွေနေ့ ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲ မှာ ပွဲမပြီး ခင် ကွင်းထဲ ကနေ ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်

ရိုနယ်ဒို အတွက် တော့ ပြီးခဲဲ့တဲ့ ရက်သတ္တပတ် ဟာ ပျော်ရွှင် စရာ မကောင်းခဲ့ ပါဘူး ။ လိုကို မိုးတစ် နဲ့ ကစား တဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် မှာ ရိုနယ်ဒို ဟာ လူစားလဲ ခံခဲ့ ရ ပါတယ် ။ အဆိုပါ အချိန် တုန်းက ပွဲရလဒ် ဟာ ၁ – ၁ ဖြစ်နေ ခဲ့ပြီး ပွဲအပြီး မှာတော့ ယူဗင်တပ် က ၂ – ၁ နဲ့ အနိုင် ရသွားခဲ့ ပါတယ် ။

တနင်္ဂနွေ နေ့က ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာလည်း ရိုနယ်ဒို ဟာ ဒုတိယ ပိုင်း အရောက် မှာ ဒိုင်ဘားလား နဲ့ လူစား လဲ ခံခဲ့ရပါတယ် ။ ဒီ တစ်ကြိမ် မှာတော့ ပေါ်တူဂီ တိုက်စစ်မှုး ကြီး ဟာ နည်းပြ ဆာရီ အပေါ် စိတ်ပျက် ခဲ့ပုံ ရပြီး အရန်ခုံ တန်း ပေါ်ကို မသွားတော့ဘဲ ဥမင်ထဲကို တိုက်ရိုက် ၀င်သွားခဲ့ ပါတယ် ။

ဒါပေမယ့် နည်းပြ ဆာရီ ရဲ့ လူစားလဲမှု မှန်ကန်ခဲ့ပြီး ရ၇ မိနစ် မှာတော့ ဒိုင်ဘားလား က တစ်လုံးတည်း သော အနိုင်ဂိုး ကို သွင်းယူ ပေးသွားခဲ့ ပါတယ် ။ ဒီ ဂိုးနဲ့ ယူဗင်တပ် တို့ နိုင်ခဲ့ပြီး စီးရီးအေ အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင်နိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ရိုနယ်ဒို က တော့ ဒီအောင်ပွဲ မှာ မပါ၀င် ခဲ့ ပါဘူး ။

တိကျတဲ့ သတင်း တွေ ရဲ့ ဖော်ပြ ချက် အရ ရိုနယ်ဒို ဟာ ပွဲပြီးဖို့ ၃ မိနစ်ခန့် အလို မှာ အလိုင်းရန့် စတေဒီယန် ( ယူဗင်တပ် အိမ်ကွင်း ) ကနေ ထွက်ခွာ သွားခဲ့တယ်လို့ သိရ ပါတယ် ။ ဒီလို ပြုမူမှု ဟာ အီတလီ လက်ရွေးစင် ဟောင်း ကာဆာနို ကို ထိတ်လန့် စေခဲ့ပြီး ရိုနယ်ဒို ကို သတိထားဖို့ ထုတ်ဖော် ပြောဆို လာစေခဲ့ ပါတယ် ။

“သူ ( ရိုနယ်ဒို ) တကယ်ပဲ ပွဲမပြီး ခင် ထွက်သွား ခဲ့တာလား ? ဒါ တကယ် အန္တရာယ် ကြီးတဲ့ ကိစ္စ ပါ ။ ဘာဖြစ် လို့ လည်း ဆိုတော့ ပွဲပြီး တိုင်းမှာ တားမြစ်ဆေး စစ်တဲ့ ကိစ္စ ရှိတတ် လို့ ပါပဲ ။ random စစ်တာ ဆိုပေမယ့် သူ ထွက်သွား တဲ့ အခေါက်မှ သူ့ အလှည့် ဖြစ်ချင် ဖြစ်သွား တတ် ပါတယ်”

“ဆေးစစ် တဲ့ အချိန် မရှိတာ ဟာ ဆေးစစ်တာ ကို ရှောင်လွှဲတာ နဲ့ အတူတူ ပါပဲ ။ ဒါမျိုး က ၂ နှစ်လောက် အထိ ပွဲပယ် ခံရနိုင် ပါတယ် ။ ကျွန်တော့ တုန်းက ဆိုရင် ကွင်းထဲ ကို အမြန် ပြန်ပြေး ခဲ့ရတာပါ ။ ဆေးစစ်တာ ကို သွားပြီး ကျီစယ်လို့ မရ ပါဘူး” လို့ ကာဆာနို က ရိုနယ်ဒို ကို သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ တားမြစ်ဆေး သုံးစွဲမှု ကို မကြာခဏ ဆိုသလို စစ်ဆေးလေ့ ရှိပြီး သတ်မှတ် ထားချက်တွေ ကို ကျော်လွန်တဲ့ ကစား သမားတွေ ကို ပြင်းပြင်း ထန်ထန် အပြစ်ပေး လေ့ ရှိ ပါတယ် ။ တားမြစ်ဆေး တွေ့ရှိတာကြောင့် ကာလရှည် အပြစ်ပေး ခံရတဲ့ ကစားသမား များစွာလည်း ရှိခဲ့ဖူး ပါတယ် ။

ရိုနယ်ဒို ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ခံစစ်မှုးဟောင်း ရီယို ဖာဒီနန် ဟာ ၂၀၀၄ ခုနှစ် တုန်းက တားမြစ်ဆေး စစ်ဆေးမှု ကို ရှောင်တိမ်းခဲ့တာ ကြောင့် ၈ လ ပွဲပယ် အပြစ်ဒဏ် ကျခံ ခဲ့ရပြီး ယူရို ၂၀၀၄ ပြိုင်ပွဲ ကို လွဲချော် ခဲ့ရ ဖူး ပါတယ် ။

ရိုနယ်ဒို အနေနဲ့ ကွင်းထဲ က မထွက်ခွာ မီ မှာ တားမြစ်ဆေး စစ်ဆေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဒီလိုမှ မဟုတ်ရင်လည်း စိတ်ခံစားချက်တွေကြောင့် ဘယ်သူ့ကို မှ အသိမပေး တော့ဘဲ ထွက်ခွာ သွားတာ လည်းဖြစ်နိုင် ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ကာဆာနို ရဲ့ သတိပေးချက် ကတော့ တကယ့်ကို အရေးကြီးတဲ့ ကိစ္စ ဆိုတာ ရိုနယ်ဒို တစ်ယောက် နားလည် သဘောပေါက် လာမှာ အမှန် ပါပဲ ။

SPORTS MYANMAR