ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ချမ့် က အာဆင်နယ် လူငယ် ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီ ဟာ လက်ရွေးစင် အသင်းကြီး အတွက် ပါဝင် ကစားခွင့် မရသေးပေမယ့် အလားအလာကောင်းတွေ ရှိတဲ့ လူငယ် ကစားသမားလေး ဖြစ်ကြောင်း ချီးကျူး စကား ဆိုသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ကွင်းလယ်လူ ဂွမ်ဒူဇီ ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကစားမယ့် ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ဒုတိယ အကြိမ်မြောက် ရွေးချယ် ခံခဲ့ရပါတယ် ။ ပြင်သစ် နည်းပြ ဒက်စ်ချမ့်ဟာ ဒဏ်ရာကြောင့် လူစာရင်းကနေ နှုတ်ထွက် သွားခဲ့တဲ့ မာတူဒီ နေရာမှာ ဂွမ်ဒူဇီ ကို အစားထိုး ရွေးချယ် ခဲ့တာလည်း ဖြစ်ပါတယ် ။

ဂွမ်ဒူဇီ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မန်ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ နေရာမှာ အစားထိုး ရွေးချယ် ခံခဲ့ရပြီး ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ပါဝင် ခွင့်ရခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဂွမ်ဒူဇီ ဟာ ပြင်သစ် လက်ရွေးစင် အသင်းမှာ ပါဝင် ကစားခွင့်တော့ မရခဲ့ပါဘူး ။

အခုမှာလည်း ဂွမ်ဒူဇီ ဟာ မော်ဒိုဗာ ၊ အယ်ဘေးနီးယား တို့နဲ့ ကစားမယ့် ယူရို ခြေစစ်ပွဲအတွက် ပြင်သစ် အသင်းမှာ ထပ်မံ ရွေးချယ် ခံခဲ့ရပြန်ပါတယ် ။ ဂွမ်ဒူဇီ အတွက်တော့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာပြီး တစ်နှစ်ကျော် ကာလ အတွင်းမှာ ပြင်သစ် လက်ရွေးစင် အသင်းကြီး နှစ်ကြိမ်မြောက် ပါဝင်ခွင့် ရသွားတာပါ ။

ပြင်သစ် နည်းပြ ဒက်စ်ချမ့် ကတော့ မာတူဒီ နေရာမှာ ဂွမ်ဒူဇီ ကို အစားထိုး ရွေးချယ်တာနဲ့ ပတ်သက်ပြီး ” မက်တီယို က အရင်တုန်းကလည်း ကျနော်တို့ အသင်းမှာ ပါဝင် ခဲ့ဖူးပါတယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ပေါ့ဘာ ဒဏ်ရာရနေတုန်းက သူ့ကို အစားထိုး ရွေးချယ်ခဲ့တုန်းက အခြေအနေနဲ့ အခု အခြေအနေက တူတူပါပဲ ။ ”

” မက်တီယို က ကလပ် အသင်းမှာကော ပြင်သစ် ယူ-၂၁ မှာပါ ထိပ်တန်း ခြေစွမ်းပြသနေတာပါ ၊ ကျနော်တို့ သူ့ အခြေအနေကို ဆက်တိုက် စောင့်ကြည့်နေပါတယ် ၊ သူ့အနေနဲ့ ပြင်သစ် အသင်းကြီးမှာ ပါဝင် ကစားရခြင်း မရှိသေးပေမယ့် အလားအလာ ရှိတဲ့ လူငယ် ကြယ်ပွင့် တစ်ဦးပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဂွမ်ဒူဇီရဲ့ အမြဲတမ်း အိပ်မက် ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပါဝင် ကစားချင်တဲ့ ရည်မှန်းချက်ကို နည်းပြကြီး ဒက်စ်ချမ့် တစ်ယောက် ဒီတစ်ပတ်မှာ ဖြည့်ဆည်းပေးမှာလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR