အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အီတလီ ဂန္တဝင် ဂိုးသ မားကြီး ဘူဖွန်ဟာ ဂျူဗီ အသင်းမှာ ၁၈ နှစ်ကြာ ကစားခဲ့အပြီးမှာ ပြင်သစ် ထိပ်သီး PSG အသင်းကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ယမန်နှစ်နွေကမှ ပဲရစ်မြေကို ပြောင်းသွားခဲ့တာဖြစ်ပေမယ့် သူဟာ အခုချိန်မှာတော့ တူရင်မြေကို ပြန်လာဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့် ဂျူဗီ အသင်းနဲ့ စာချုပ် ချုပ် ဆိုဖြစ်ခဲ့ပါက အံ့အားသင့်ဖွယ် အချက်တခုကို လည်း ထည့်သွင်းစေဖို့ရှိနေတယ်လို့သိရပါတယ်။

ဘူဖွန်ဟာ PSG အသင်းမှာ လီဂူးပွဲ ၁၇ ပွဲသာပါဝင်ကစားထားခဲ့ရပေမယ့် စီးရီးအေရဲ့ ပွဲအများဆုံး ကစားသမားစာရင်းမှာတော့ အေစီ ဂန္တဝင် မယ်ဒီးနီ ရဲ့နောက်ဒုတိယနေရာမှာရှိနေတာဖြစ်ပါတယ်။ မယ်ဒီးနီဟာ စုစုပေါင်း ၆၄၇ ပွဲအထိ ကစားထားတာဖြစ်ပြီး ဘူဖွန်ထက် ၇ပွဲအသာရနေတာဖြစ်ပါတယ်။ဒါကြောင့် လည်း လာမယ့်ရာသီစီးရီးအေ ပြိုင်ပွဲမှာ အနည်းဆုံး ၈ပွဲသူ့ကို ပါဝင်ခွင့်ပေးဖို့ ဘူဖွန်က အလိုရှိနေတာဖြစ်ပြီး ဂျူဗီကို နဲ့စာချုပ်မှာ ဒီအချက်ကို ထည့်သွင်းဖို့ ကြိုးစားဖွယ်ရှိနေတာဖြစ်ပါတယ်။ တူရင်မြေကို ဘူဖွန် စွန့်ခွာသွားချိန်မှာ အာဆင်နယ် ဂိုးသမားဟောင်းတဦးဖြစ် တဲ့ ဆက်ဇီနီက အဓိက ဂိုးသမားနေရာ ကို ရရှိပြီး ပွဲထွက်ခွင့်ရနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဘူဖွန်အနေနဲ့ သူရဲ့ နေရာဟောင်းကို ပြန်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဘူဖွန်ဟာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်ပေမယ့် လက်စွမ်းကောင်းအချို့ ရှိနေ သေးလို့ ပေါ်တိုအသင်းက စိတ်ဝင်စား နေတယ်လို့ လည်းသိရပါတယ်။ပေါ်တို အသင်းရဲ့ စပိန်ဝါရင့်ဂိုးသမားကြီး ကာစီးလက်စ်ဟာ ကျန်းမာရေးအခြေအနေ ကြောင့် ဘောလုံးကစားခြင်းကနေ အနားယူရတော့မှာဖြစ်လို့ သူ့နေရာအတွက် ဘူဖွန်ကိုချိန်နေတာဖြစ်ပါတယ်။ အင်္ဂလန် အသင်းကြီးဟောင်းတသင်း ဖြစ်တဲ့ လိဒ်ယူနိုက်တက် ကလည်းသူ့ကို စိတ်ဝင်စားနေပေမယ့် အီတလီမြေကို ပြန် ရောက်လာဖို့ပဲများနေတာဖြစ်ပါတယ်။

ဂျူဗီ နည်းပြသစ် ဆာရီအနေနဲ့သူ့ကို ခေါ်ယူလိုခြင်းမရှိပါကလည်း ပါးမား သို့မဟုတ် အတ္တလန်တာ အသင်း တွေကို ရောက်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဘူဖွန်ဟာ PSG အသင်းမှာ အနာဂတ် ဆက်ရှိနေဖို့ မသေချာသေးပေမယ့် ၂၀၁၈-၁၉ တရာသီလုံးမှာ ကစားခွင့်ရခဲ့သလို ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက်လည်းကျေနပ်မိတယ်လို့ဆိုပါတယ်။ ဘူဖွန်က- ” ကျွန်တော်အရမ်းကိုပျော်ရွှင်ကျေနပ်မိပါတယ်။ဘာကြောင့်လည်း ဆိုတော့အောင်မြင်မှုရှိဖို့ဆိုတာမလွယ်လို့ဖြစ်ပါတယ်။အထူးသဖြင့် အသက် ၄၁ နှစ်လို အရွယ်မှာဖြစ်ပါတယ်။

ထိပ်ဆုံးအဆင့်မှာနေဖို့ဆိုတာမလွယ်ပေမယ့် ကြီးကျယ်ခန်းနားတဲ့ ရာသီတခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ယူနိုက်တက် နဲ့ ချန်ပီယံလိဂ်ပွဲမှာ ကျွန်တော်အမှား ကျူးလွန်မိခဲ့ပေမယ့် အလုံစုံခြုံပြော ရရင်ကျေနပ်မိပါတယ်။အဲ့ဒီပွဲမတိုင် မီမှာ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေကို မေ့လိုက်လို့မဖြစ်ပါဘူး ” လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဂျူဗီအသင်းရဲ့ နည်းပြသစ်ဆာရီဟာ ချဲဆီးလ် အသင်းကို ကိုင်တွယ်နေစဉ်တုန်းက ဂိုးသမား ကီပါနဲ့ ကာလင်းဖလား ဖိုင်နယ်ပွဲမှာ စကား အချေအတင်တ ကြိမ်ဖြစ်ထားခဲ့ဖူးပြီး အလျှော့ပေးထားခဲ့ရတာဖြစ်ပါတယ်။အခုတကြိမ် ဘူဖွန် ရဲ့ တောင်းဆိုချက်ကိုလည်းလိုက်လျော ရဦးမှာလားဆိုတာကတော့ စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။

SM