ဥရောပထိပ်တန်းလိဂ် ပွဲစဉ်တွေကိုအခုအပတ် အတွင်းရပ်နားထားမှာ ဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေကို အစားထိုး ကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံး လောကရဲ့ ထိပ်သီး နိုင်ငံတွေ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲတွေလည်းပါဝင်နေလို့ ပရိသတ်တွေ အတွက် ပျင်းစရာအချိန် တောင် မရှိမှာ သေချာပါတယ်။

မက်ဆီဦး ဆောင်လာတဲ့ အာဂျင်တီးနားအသင်းကတော့ အခုအပတ်အတွင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲတွေ အဖြစ် ဒေသတွင်း အင်အားကြီးပြိုင်ဘက်တွေ ဖြစ်တဲ့ ဘရာဇီးလ်၊ ဥရုဂွေးတို့နဲ့ ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။မက်ဆီ ဟာကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့အပြီးကတည်းက ပွဲပယ်ပြစ်ဒဏ်ကြောင့် နိုင်ငံအသင်းရဲ့ ပွဲတွေနဲ့ ကာလတခုကြာဝေးကွာနေခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းဟာ ကိုပါပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ အရေးနိမ့်ခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ မကျေပွဲပြန်နွှဲသွားရမှာဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းကလိုပဲ ဘရာဇီးလ် စတားနေမာကတော့ အခုပွဲကို လည်းဒဏ်ရာကြောင့်ဆက်ပြီး လွဲချော်ဖို့ ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့်ဘရာဇီးလ် အသင်းခေါင်းဆောင်သီယာဂိုဆေးလ်ဗားကတော့ နေမာမပါလည်းမက်ဆီနဲ့ရင်ဆိုင်ရမှာ မကြောက်ဘူးလို့ ဆိုပါတယ်။

တနင်္လာနေ့ မှာပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဆေးလ်ဗားက – ” မက်ဆီနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အခွင့်အရေး အပေါ် စိုးရိမ်တာမျိုး ရှိမနေပဲ ဂုဏ်တောင်ယူနေမိပါတယ်။အာဂျင်တီးနားအသင်းက သူတို့ရဲ့စတားပါဝင်လာမှာဖြစ်ပေမယ့်ကျွန်တော်တို့ရဲ့စတားကတော့မရှိသေးပါဘူး။

ဒါပေမယ့်လည်း ဘရာဇီးလ်က ဘရာဇီးလ်ပါပဲ။ကိုပါအမေရိက ဖလားတုန်းကချန်ပီယံဆုကြီးကိုရယူပြီးဒါကို သက်သေပြသထားနိုင်ခဲ့ပြီးပါပြီ။ဘရာဇီးလ် vs အာဂျင်တီးနားပွဲ ဟာ အမြဲတမ်းပွဲကြီး ပွဲကောင်းဖြစ်ခဲ့ပါတယ်။

ကြီးကျယ်ကောင်းမွန်တဲ့ ဘောလုံး ကစားပုံတွေဂိုးသွင်းဖို့ အခွင့်အရေးကောင်းတွေ ဖန်တီးတာကိုမြင်ရမယ့်ပွဲမျိုးဖြစ်ပါတယ်။အနိုင်ရဖို့ က တသင်းစီအတွက် ၅၀:၅၀ အနေအထားမျိုးရှိပြီးအားပေးလှုံ့ဆော်မှုတွေကိုတော့သူတို့အသင်းထက် ကျွန်တော်တို့ပိုရဖို့ မျှော်လင့်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီ နဲ့ ပတ်သက်ပြီး ဘရာဇီးလ်အသင်းရဲ့ ချဲဆီးလ်တောင်ပံကစားသမား ဝီလီယံကလည်း – “သူ ဟာကြီးကျယ်ခန်းနားတဲ့ ကစားသမားကောင်းတဦး ဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံးဖြစ်လို့လည်း ဘယ်သူမှ လိုက်မမီပါဘူး။သူပါဝင်တဲ့ အာဂျင်တီးနားအသင်းကိုအရင်ကလည်းရင်ဆိုင်ထားခဲ့ဖူးပြီး အဲ့ဒီဖြစ်တွေလိုအခုလည်းဖြစ်လာပါလိမ့်မယ်။

သူ့ကို ပိုပြီး အာရုံစူးစိုက်ထားရမှာဖြစ်ပြီး နေရာလွတ်တွေ သိပ်မပေးမိအောင် ထိန်းချုပ်ကစားရမှာဖြစ်ပါတယ်။လူအများကြီးအသုံးပြု လိုက်ကပ်နေမှာမဟုတ်ပေမယ့် သူ့နားမှာရှိတဲ့သူကတော့ သူစဉ်းစားချိန်မရအောင် နေရာလွတ်မရအောင် လုပ်ရမှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

သီယာဂိုးဆေးလ်ဗားရဲ့ PSG အသင်းဟာ နိုင်ငံတကာပွဲတွေအပြီးမှာချန်ပီယံလိဂ်ပွဲအဖြစ် ရီးရဲလ်အသင်းကိုဘာနေဗျူးမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။အဆိုပါပွဲမှာ တနိုင်ငံတည်းသား ရိုဒရီဂိုနဲ့ ပြန်ပြီး မရင်ဆိုင်ရဖို့ကိုသူက မျှော်လင့်နေပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆေးလ်ဗားက – ” ဇီဒန်း ကသူ့ကို အရံခုံထိုင်ခိုင်းထားမယ် လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်။အသက်၁၈ နှစ်အရွယ်လောက်မှာပဲ သူဒီလို ထိုးထွက်လာပုံကိုကြည့်ပြီး လူတွေကတော့ အ့ံအားသင့်မိနေကြပါလိမ့်မယ်။

သူဟာ ချန်ပီယံလိဂ်မှာ ၃ဂိုးသွင်းထားပြီး ပါပြီ။သူ့ရဲ့ အရည်အသွေးနဲ့ ပါရမီအဟုန်တွေကြောင့် အထူးဂရုစိုက်ဖို့လိုတဲ့ ကစားသမားတဦးဖြစ်ပါတယ်။ဒီပွဲဟာ နှစ်သင်းလုံးအတွက် ပွဲကြီးပွဲကောင်းဖြစ်လာဖို့လည်းရှိနေပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM