အာဆင်နယ် အသင်း ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ရောင်းထုတ်ခံရဖို့ ရေပန်းစားနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ဂျင်မီကာတာ က အိုဇေးလ် အနေနဲ့ အသင်းက မထွက်ခွာ ချင်ပါက ထိပ်တန်း ကစားသမား တစ်ဦး ရဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ လိုအပ်ကြောင်း ဆိုပါတယ် ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်းကို ၂၀၁၃ ခုနှစ်က ရီးရဲလ် မက်ဒရစ် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အိုဇေးလ် ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူပါ ။

အိုဇေးလ် ဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ အူနိုင်း အမ်မရီ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့ဘဲ ၊ ပွဲထွက် လူစာရင်းမှာ ပါလိုက် မပါလိုက်ဘဲ နဲ့ တစ်ရာသီလုံးကို ဖြတ်သန်း ခဲ့ရပါတယ် ။ နည်းပြ အမ်မရီ ဟာ နည်းစနစ်ပိုင်း အရကော ၊ အိုဇေလ် ရဲ့ ကြံခိုင်မှု အရကော ပွဲထွက် လူစာရင်း ကနေ အိုဇေးလ် ကို မကြာခဏ ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

Assist King လို့ တင်စား ခေါ်ဝေါ် ကြတဲ့ အိုဇေးလ် ဟာ ပြီးခဲ့တဲ့ ရာသီ မှာတော့ ဂိုးဖန်တီးမှုနှုန်း သိသိသာသာ ကျဆင်း သွားခဲ့ပြီး အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ယှဉ် ပြိုင် ကစားခဲ့ရာမှာ ၆ ဂိုး သွင်း ယူ ကာ ဂိုး ဖန်တီးမှု ၃ ကြိမ် သာ ပြု လုပ် နိုင် ခဲ့ ပါ တယ် ။

ဂျင်မီကာတာ က Goal နဲ့ အင်တာဗျူးမှာ ” အိုဇေးလ် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ပုံမှန် ခြေစွမ်းအောက် ရောက်နေတာကို သူကိုယ်တိုင်လည်း သိမှာပါ ။ သူ အနေနဲ့ အသင်း ပြောင်းမလား ၊ ဒါမှမဟုတ် လာမယ့် ရာသီမှာ ပိုကောင်းအောင် ကြိုးစားပြီး ထိပ်တန်း ကစားသမား တစ်ဦး ဆိုတာ သက်သေပြမလားပေါ့ ။ ”

” သူအနေနဲ့ အသင်းမှာ ထူးထူးခြားခြား လုပ်ပြ နိုင်ဖို့ လိုအပ်ပါတယ် ။ အသင်းအတွက် မကစားပေးချင်ဘူးဆိုရင် သူ့ အနေနဲ့ အသင်းက ထွက်ခွာရမှာပါ ၊ သူ့ပုံစံကလည်း ပေးဆပ် ကစားချင်တဲ့ပုံ မရှိပါဘူး ။ ကျနော် သာ နည်းပြ ဆို အိုဇေးလ် အတွက် ကမ်းလှမ်းမှု ကောင်းကောင်းရရင် ချက်ချင်း လက်ခံ သွားမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ သုံးရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့တာကြောင့် ကစားသမားတွေရဲ့ လစာနှုန်းထားကို လျော့ချဖို့ စီစဉ် နေပြီး အိုဇေးလ် ၊ မီခီတာရန်း ၊ မူစတာဖီ တို့ကို ရောင်းထုတ် သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အိုဇေးလ် ကတော့ အာဆင်နယ် အသင်းမှာ ပျော်ရွှင်နေကြောင်း နဲ့ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ထားပါတယ် ။

SPORTS MYANMAR