လီဗာပူး အသင်းရဲ့ ကစားသမားဟောင်း ဒန်နီ မာဖီ က နည်းပြ အူနိုင်း အမ်မရီ နေရာမှာသာ ဘန်လေ နည်းပြ ရှောင်ဒိုက် နဲ့ ရှက်ဖီးယူနိုက်တက် နည်းပြ ခရစ် ဝိုလ်ဒါ တို့ ဆိုရင် အာဆင်နယ် အသင်းဟာ ရမှတ်တွေ ပိုမို စုဆောင်း နိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ယခု တစ်ပတ်မှာ လက်စတာ အသင်းကို ရှုံးနိမ့် သွားတာကြောင့် ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက်တိုက် နိုင်ပွဲ ​ပျောက်ဆုံး သွားခဲ့ရပြီး အဆင့် ၆ ကို ရောက်ရှိ သွားခဲ့သလို ထိပ်ဆုံး လေးသင်း နဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက် ၈ မှတ် အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

 

လီဗာပူး အသင်း ကစားသမားဟောင်း ဒန်နီ မာဖီ က talkSport မှာ ” ရှောင်ဒိုက် နဲ့ ရှက်ဖီး ယူနိုက်တက် နည်းပြ ခရစ် ဝိုင်ဒါ တို့ကို ကြည့်လိုက်ပါ ၊ သူတို့ နှစ်ဦးက ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်လာတဲ့ အင်္ဂလိပ် နည်းပြ နှစ်ဦးပါ ။ ”

” အခု အချိန်မှာ ရှောင်ဒိုက် နဲ့ ခရစ်ဝိုင်ဒါ တို့သာ အာဆင်နယ် အသင်းကို ကိုင်တွယ်လိုက်ရင် သူတို့ အဆင့်ကောင်းကောင်း ရနိုင်လား ၊ အမှတ်တွေ ပိုရနိုင်လားလို့ မေးရင် ကျနော်ကတော့ သူတို့ လုပ်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ် ။ ” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

 

အာဆင်နယ် အသင်း ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားတာကြောင့် ပရိသတ်တွေ နဲ့ ဂန်းနား ဂန္တဝင် ကစားသမားဟောင်းတွေကတော့ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ ကတော့ ပရိသတ်တွေ ဆန္ဒရဲ့ ဆန့်ကျင်ဘက် အဖြစ် နည်းပြ အမ်မရီ ကို အပြည့်အဝ အားပေး ထောက်ခံ နေဆဲ ဖြစ်ပြီး နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ အစီစဉ် လုံးဝ မရှိသေးတာလည်း ဖြစ်ပါတယ် ။

တနင်္လာနေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ပွဲမှာ အာဆင်နယ် အသင်း ရဲ့ အကြီးအကဲ နှစ်ဦး ဖြစ်တဲ့ ဆမ်လီဟီ နဲ့ ရာအူးလ် ဗစ်ကာတက်ရှန် တို့က ရလဒ်တွေ ဆိုးရွား နေတဲ့ အပေါ် စိတ်ပျက်မိပေမယ့် နည်းပြ အမ်မရီ ဟာ အာဆင်နယ် အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဆွဲတင်ပေးနိုင်မယ့်သူလို့ ယုံကြည်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ဒီရာသီ အသင်းရဲ့ရလဒ် နဲ့ စွမ်းဆောင်ရည် အပေါ် အားလုံး စိတ်ပျက် နေကြသလိုမျိုး ကျနော်တို့လည်း စိတ်ပျက် တာပါပဲ ၊ ဒီလို အခြေအနေဆိုးတွေကို ပရိသတ်တွေ ၊ အူနိုင်း ၊ ကစားသမားတွေ ၊ ဝန်ထမ်းတွေနဲ့ အတူတကွ ရင်ဆိုင် ကျော်ဖြတ်ရမှာပါ ၊ အခုအချိန်မှာ အသင်းက ကျနော်တို့ မျှော်လင့်ထားသလို ကစားနိုင်ခြင်း မရှိသေးပါဘူး ။ ”

“ဒီရာသီ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက် ပြည့်မြောက်နိုင်ဖို့ အတွက် တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေ ရှိနေပါသေးတယ် ၊ ကျနော်တို့ကတော့ အူနိုင်း အမ်မရီ ဟာ အာဆင်နယ် နည်းပြရာထူးအတွက် မှန်ကန်တဲ့သူလို့ ခိုင်မာစွာ ယုံကြည် လက်ခံ ထားပါတယ် ။ ”

” ကျနော်တို့ အားလုံး ရလဒ်ဆိုးတွေကို ပြောင်းပြန် လှန်ပစ်နိုင်ဖို့ နောက်ကွယ်မှာ ပြင်းထန်စွာ ကြိုးစား လုပ်ဆောင် နေကြပါတယ် ၊ လုပ်နိုင်မယ်လို့လည်း ယုံကြည်မှု ရှိပါတယ် ၊ ကျနော်တို့တစ်တွေ ဒီလို စိန်ခေါ်မှု ပြင်းထန်တဲ့ ကာလမျိုးမှာ အတူတကွ စုစုစည်းစည်း ရှိကြဖို့ မျှော်လင့်ပါတယ် ၊ အားလုံး အတူတူဆို ပိုပြီး အလုပ်ဖြစ်ပါတယ် ။ ” လို့ ပြောကြား ထားပါတယ် ။

SPORTS MYANMAR