ပြီးခဲ့တဲ့ အပတ် ကြားရက် အတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ရီးရဲလ် အသင်းက ဂါလာတာဆာရေး အသင်းကို ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ အထူးခြေစွမ်းပြသသွားခဲ့တာကတော့ ကြယ်ပွင့်ကွင်းလယ်ကစာသမား လေးရိုဒရီဂိုဖြစ်ပြီး ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

ရိုဒရီဂိုဟာရီးရဲလ် အသင်းရဲ့ ဂန္တဝင်ဟောင်း တဦးဖြစ်တဲ့ ရာအူးလ်ရဲ့ နောက် ဒုတိယမြောက် အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဟတ်ထရစ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။၂၀၀၁ ခုနှစ်ဖွား ရိုဒရီဂိုဟာ ၁၈နှစ်အရွယ်သာရှိသေးပြီး ဘာနေဗျူးလို နာမည်ကျော်တွေပေါလွန်းတဲ့ နေရာမှာ ထွန်းတောက်ဖို့ တာဆူနေတာဖြစ်ပါတယ်။

သူဟာ၂၀၁၇ ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်ကနေ ရောက်လာခဲ့တာဖြစ်ပြီး ရီးရဲလ် အရံအသင်းမှာ ဦးစွာကစားခဲ့အပြီး စီနီယာ အသင်းကို ရောက်လာတာဖြစ်ပါတယ်။၆ပွဲကစားအပြီး ၅ဂိုးသွင်းယူထားတဲ့ သူ့ကို အသင်းရဲ့ ဂိုးအများဆုံး စံချိန်ရှင် တဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တောင် နှိုင်းယှဉ်ချီးကျူးမှုတွေရှိနေပါတယ်။

ဒါပေမယ့် ကာယကံရှင် ကစားသမားလေးကတော့ ရော်နယ်ဒိုလို ဂရိတ်တဦး နဲ့ ခိုင်းနှိုင်းခံရမှုကြောင့် သူ့ကိုယ်သူဖိအားတွေ မဖြစ်စေဖို့အတွက် သတိပြုနေတဲ့ ပုံပါပဲ။အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်ရမယ့်ခြေစမ်းပွဲစဉ်အတွက် ဘရာဇီးလ် အသင်းရဲ့ ခေါ်ယူခြင်းခံထားရတဲ့ ရိုဒရီဂိုက –

” ရီးရဲလ် အသင်းမှာ ရော်နယ်ဒိုနဲ့ အတူတဲဖက် ကစားနိုင်ဖို့ ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်တခုလည်းဖြစ်ပါတယ်။ဒါပေမယ့် အခုအချိန်မှာ သူမရှိတော့ လို့ စိတ်ပျက်မိပါတယ်။ဘာကြောင့်လည်းဆိုတော့ သူနဲ့ တွဲဖက်ကစားနိုင်ဖို့ဆိုတာမလွယ်တော့ဘူးလို့တွေးမိတာကြောင့်ဖြစ်ပါတယ်။

ရော်နယ်ဒို မရှိတော့ တဲ့ နေရာကို ဖြည့်စွက်ပေးဖို့ အတွက်အကြောင်းကို ပြောဆိုဖို့ ဆိုတာ ကျွန်တော်က အရမ်းငယ်လွန်းနေပါသေးတယ်။သူဟာဒီအသင်းရဲ့ သမိုင်းမှာ အကြီးကျယ်အခန်းနားဆုံးတွေထဲကတဦးလည်းဖြစ်ပါတယ်။အကြီးကျယ်ဆုံး မဟုတ်ဘူးဆိုရင်တောင်ပေါ့ဗျာ။ဒီလိုကစားသမားမျိုးကိုအစားထိုးဖို့အတွက်ဆိုပြီး ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ဖိအားမဝင်စေချင်ပါဘူး ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ရိုဒရီဂိုဟာ ရီးရဲလ် ကစားသမားဘဝ ပထမဆုံး ပွဲအဖြစ် အိုဆာဆူနာနဲ့ ပွဲမှာပါဝင်ခွင့်ရခဲ့ပြီး ၉၃ စက္ကန့်အကြာမှာပဲ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ရီးရဲလ်လို အသင်းမျိုးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ဆောင်ပြနေတာတွေအတွက် အများရဲ့ အထင်ကြီးလေးစားမှူကို ခံနေရာပြီလည်းဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရိုဒရီဂိုက –
” ရလဒ်ကောင်းတွေထွက်ပေါ်လာဖို့ အရာရာကို အပြည့်အဝပြင်ဆင်ထးဖို့လိုပါတယ်။ခဏတာလေးအတွင်း ချန်ပီယံလိဂ်မှာ ပွဲထွက်ခွင့်ရခဲ့လို့ ကျွန်တော်အတော်လေး အံ့အားသင့်မိပြီး အများဆုံး အနေနဲ့ ဂိုးတဂိုးလောက်ပဲ သွင်းနိုင်မယ်လို့ ယူဆခဲ့ပါတယ်။

ဟတ်ထရစ် သွင်းနိုင်မယ်လို့ တော့ ဘယ်သူကမှ ထင်မထားခဲ့ကြပါဘူး။ဒါကြောင့်လည်း ပွဲအပြီး ဘယ်လိုခံစားနေရတယ်ဆိုတာ ရှင်းတောင်ရှင်းမပြနိုင်ခဲ့ပါဘူး။ဘဝမှာ တခါသာရနိုင်တဲ့ အပျော်မျိုးကို ခံစားနေရသလိုပါပဲ ” လို့ပြောခဲ့ပါတယ်။

နိုင်ငံ လက်ရွေးစင် အသင်းမှာ ရွေးချယ်ခြင်း ခံထားခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ရိုဒရီဂိုက – ” ကျွန်တော်အမြဲတမ်းမက်ထားခဲ့တဲ့ အိပ်မက် အမှန်တကယ်ပြည့်မြောက်ခဲ့ပြီလို့ ခံစားနေရပါတယ်။ကလေးဘဝကတည်းက နိုင်ငံအသင်းအတက် ကိုယ်စားပြုပြီး ကမ္ဘာကျော်တွေနဲ့တွဲကစားခွင့်ရဖို့ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ကစားသမား တွေဆိုတာ ကျွန်တော်ကစားသမား ဘဝ တလျှောက် အတူယူ လိုက်နာ ခဲ့ရတဲ့ သူတွေလည်းဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော့်ရဲ့ အပျော်တွေကိုစကားလုံးနဲ့ဖော်ပြလို့တောင်မရပါဘူး။ဘဝမှာဖြစ်ပျက်နေတဲ့အရာတိုင်းအတွက်ကျွန်တော်ပျော်ရွှင်နေမိပါတယ် ” လို့ပြောခဲ့ပါတယ်။

SM