ဝိန်းရွန်းနီ ဟာ သူ့ရဲ့ ဆရာဟောင်း တစ်ဦး ဖြစ်တဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကို မယုံကြည် နိုင်ဖွယ် ဥပေက္ခာ ပြုသွား ခဲ့ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင် က သူနဲ့ အလုပ်အတူ တွဲလုပ် ခဲ့ဖူးတဲ့ မန်နေဂျာ တွေထဲမှာ လူးဝစ်ဗန်ဟား ဟာ အကောင်းဆုံး ဖြစ်တယ်လို့ ထွက်ဆိုလိုက်ပါတယ်။

ဗန်ဟား ဟာ မန်ယူနိုက်တက် ကို ၂ ရာသီကြာ ကိုင်တွယ် ခဲ့သူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခြင်း ခံခဲ့ ရကာ အိုးထရပ်ဖို့ဒ် ကလပ် ကို အက်ဖ်အေဖလား အောင်မြင်မှု ရယူ ပေးခဲ့ပါတယ်။

ဖာဂူဆန် နဲ့ တိုက်စစ်မှုး ရွန်းနီ တို့ဟာ အိုးထရပ်ဖို့ဒ် မှာ အလုပ်အတူ တွဲလုပ် ခဲ့တဲ့ ၉ နှစ်တာ ကာလ အတွင်း လူသိရှင်ကြား မပြေမလည် ဖြစ်မှု များစွာ ရှိခဲ့ပြီး အောင်မြင်မှုတွေလည်း များစွာ ရရှိ ခဲ့ကြပါတယ်။ ဒါပေမယ့် အသက် ၃၃ နှစ် အရွယ် ကစားသမား အနေနဲ့ သူ့ရဲ့ အကောင်းဆုံး မန်နေဂျာ အဖြစ် ဗန်ဟား ကို ရွေးချယ်ခဲ့မှု ကတော့ အံ့ဖွယ် ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ရွန်းနီ က “ဗန်ဟား ဟာ ကျွန်တော် အလုပ်အတူ တွဲလုပ်ဖူး ခဲ့တဲ့ သူတွေထဲမှာ အကောင်းဆုံး မန်နေဂျာ ဖြစ်ပါတယ်။ ၁၀၀% သေချာ ပါတယ်။ သူ့ရဲ့ နည်းစနစ် ကြွယ်ဝမှု ၊ သူ့ရဲ့ ပြင်ဆင်ပုံတွေ ၊ အသေးစိတ် အချက်အလက်တွေကို သူ့ရဲ့ အာရုံစိုက်မှုတွေဟာ အရမ်းကို ကောင်းလှတယ် ဆိုတာ ကျွန်တော် တွေ့ရှိ ခဲ့ပါတယ်။ ကျွန်တော် အရင်တုန်းက ဒီလိုမျိုး ပုံစံကို မမြင်တွေ့ ခဲ့ဖူးပါဘူး။” လို့ ဆိုလိုက် ပါတယ်။

၂၀၀၄ ခုနှစ်က ဆယ်ကျော်သက် ကစားသမား ဘ၀မှာ အဲဗာတန် ကနေ ဖာဂူဆန် ခေါ်ယူ ခဲ့တဲ့ ရွန်းနီ ဟာ စကော့တလန် နည်းပြ လက်အောက်မှာ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား တစ်ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဗန်ဟား ဟာ ယူနိုက်တက် နည်းပြ ရာထူး ကို ၂၀၁၄ နွေရာသီမှာ ရယူ ခဲ့သူ ဖြစ်ပြီး ကလပ် ကို ချန်ပီယံလိဂ် ပြိုင်ပွဲ ၀င်ခွင့်ရအောင် ဦးဆောင် ပေးခဲ့ပါတယ်။ နယ်သာလန် နည်းပြဟာ ၂၀၁၆ ခုနှစ် မှာ ယူနိုက်တက် ကို အက်ဖ်အေဖလား ရယူ ပေးခဲ့ ပေမယ့် ချန်ပီယံလိဂ် ၀င်ခွင့် နဲ့ လွဲချော် ခဲ့တာကြောင့် ဖလား ရယူပြီး ၂၄ နာရီ အကြာမှာပဲ ထုတ်ပယ် ခံခဲ့ ရတာ ဖြစ်ပါတယ်။

ရွန်းနီ က “ဗန်ဟား ဟာ သူ အလုပ်လုပ်တဲ့ ပုံစံဟာ ကစားသမားတွေ အတွက် ခက်ခဲတယ် ဆိုတာ သိပါတယ်။ ကျွန်တော် တစ်ချိန်တုန်းက သူ့ကို ဒီအကြောင်း သိစေ ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအကြောင်းနဲ့ ပက်သက်ပြီး ကောင်းကောင်း စကား ပြောဖြစ် ခဲ့ကြပါတယ်။

အားလုံး အဆုံးသတ် သွားခဲ့တဲ့ ပုံစံကိုတော့ ကျွန်တော် ၀မ်းနည်း မိပါတယ်။ သေချာတဲ့ဟာ တစ်ခု ကတော့ ကျွန်တော် သူ့ဆီက အများကြီး လေ့လာ သင်ယူ နိုင်ခဲ့ပါတယ်။ ကျွန်တော် မန်နေဂျာ တစ်ဦး ဖြစ်လာခဲ့တဲ့ အခါ ဒီ သင်ခန်းစာ တွေကို သေချာပေါက် ပြန်လည် အသုံးချ သွားမှာ ဖြစ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

နယ်သာလန် သတင်းစာ De Telegraaf နဲ့ အင်တာဗျူး မှာတော့ ရွန်းနီ ဟာ ဒတ်ခ်ျ ကစားသမားတွေ ဖြစ်ကြတဲ့ ဗန်နစ္စတယ်ရွိုင်း ၊ ရော်ဘတ်ဗန်ပါစီ တို့နဲ့ ဆက်ဆံရေး ထုတ်ဖော် ခဲ့ပါတယ်။ ရွန်းနီ က အသက် ကွာဟချက်ကြောင့် နစ္စတယ်ရွိုင်း နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မတည်ဆောက် နိုင်ခဲ့ဘူးလို့ ဖွင့်ဟ ခဲ့ပြီး ဗန်ပါစီ နဲ့တော့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်လို့ ဆိုသွား ပါတယ်။

ရွန်းနီ က “ရူ့ဗန်နစ္စတယ်ရွိုင်းဟာ ကြီးကြယ်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ သူဟာ ကျွန်တော် ငယ်စဉ် တုန်းက ကျွန်တော့်ရဲ့ ဟီးရိုးကြီးတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော် သူနဲ့ ကွင်းထဲမှာ အတူ ရှိနေတဲ့ အချိန်ကတော့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာ သလို ပါပဲ။

သူ့ကို အနီးကပ် စောင့်ကြည့်ခွင့် ရတာ ကတော့ ဂုဏ်ယူစရာ တစ်ခု ပါပဲ။ သူဟာ အရမ်းကို အဆုံးသတ် ကောင်းတဲ့ သူပါ။ ရူ့နဲ့တော့ ကွင်းပြင်ပ မှာ လုံးဝ မရင်းနှီး ခဲ့ပါဘူး။ အဓိက အကြောင်းရင်းကတော့ အသက် ကွာဟချက်ကြောင့် ဖြစ်ပါတယ်။ ရူ့ဟာ ၃၀ နား ကပ်နေချိန်မှာ ကျွန်တော် ကတော့ ကလေးပဲ ရှိပါသေးတယ်။ ပြီးတော့ သူဟာ အရမ်း ကို အတွေ့အကြုံရင့်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ကျွန်တော် ဗန်ပါစီ နဲ့ တွဲကစား ရတာ နှစ်သက်ပါတယ်။ သူဟာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ပြီး သူနဲ့ တွဲဖက် ကစား ရတာဟာ တကယ့်ကို အခွင့်ထူး ပါပဲ။ ဒါပေမယ့် ကွင်းပြင်ပ မှာလည်း ဗန်ပါစီ နဲ့ အရမ်း ကောင်းတဲ့ အမှတ်တရတွေ ရှိခဲ့ပါတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ရဲ့ ကာရာအိုကေည ကတော့ အရမ်း ကောင်းတဲ့ အမှတ်တရပါပဲ။ ရော်ဘင်ရဲ့ ဇနီး ဘူချရာ နဲ့ ကျွန်တော် သီချင်း တွဲဆို ဖူးခဲ့တာ မှတ်မိ နေပါသေးတယ်။ သူမရဲ့ အသံကတော့ အံ့ဖွယ် ပါပဲ။ ကျွန်တော် ရောဘင်နဲ့ တကယ့်ကို ရင်းနီး ခဲ့ပါတယ်။ ကွင်းတွင်း ကွင်ပြင် ဆက်ဆံရေး တကယ် ကောင်းခဲ့တာပါ။ ကျွန်တော်တို့ နှစ်ဦး ကောင်းမွန်တဲ့ အချိန်တော်တော်များများ ဖြတ်သန်း ခဲ့ကြပါတယ်။’ လို့ ဖွင့်ဟ ခဲ့ပါတယ်။

SM