အာဆင်နယ် အသင်းဟာ ပွဲစဉ် (၁၂) အပြီးမှာ ထိပ်ဆုံးလေးသင်းနဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက်က ၈ မှတ်အထိ ရှိနေတာကြောင့် အမ်မရီ ကို ထုတ်ပယ်ဖို့ ဆန္ဒ ရှိကြတဲ့သူတွေ ရှိသလို နည်းပြကို အချိန်ပေးဖို့ လိုအပ်တယ်လို့ ယူဆ နေသူတွေလည်း ရှိကြပါတယ် ။

အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း ဗီအဲရာ နဲ့ မန်ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ် တို့ကတော့ အာဆင်နယ် ပရိသတ်တွေအနေနဲ့ နည်းပြ အမ်မရီ ကို ထောက်ခံ အားပေးဖို့ လိုအပ်ကြောင်း တိုက်တွန်း ထားပြီး နည်းပြကို ထုတ်ပယ်လိုက်တာနဲ့ ပြဿနာတွေ ပြေလည် သွားမှာ မဟုတ်ကြောင်း ဆိုထားပါတယ် ။

ဂန်းနား ကွင်းလယ်လူဟောင်း တစ်ဦး ဖြစ်တဲ့ အီမန်နျူရယ် ပီတစ်ကတော့ ဗီအဲရာ ၊ ဂယ်ရီနဗီးလ် တို့နဲ့ အမြင်မတူဘဲ အာဆင်နယ် အသင်း ကစားသမားတွေဟာ နည်းပြ အမ်မရီ အပေါ် ယုံကြည်မှု ပျောက်ဆုံး နေပြီ ဖြစ်တာကြောင့် အခု အချ်ိန်ဟာ အမ်မရီ ကို ထုတ်ပယ်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့ ဆိုပါတယ် ။

ပီတစ် က Paddy Power နဲ့ တွေ့ဆုံရာမှာ ” အမ်မရီ အနေနဲ့ အာဆင်နယ် အသင်းကနေ ထွက်ခွာဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါတယ် ၊ ရလဒ်တွေလည်း မကောင်းတော့ပါဘူး ၊ ကျနော်ကတော့ အခု လက်ရှိအသင်း ကို ဘယ်လိုမှ သဘောမကျပါဘူးဗျာ ။ ”

” အာဆင်ဝင်းဂါး က ဒီအသင်းကို နှစ် ၂၀ ကျော်ကြာ တည်ဆောက်ခဲ့တာပါ ၊ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို တည်ဆောက်ခဲ့တာပါ ၊ ဒါပေမယ့် အခု လက်ရှိ အသင်းက အနိုင်ရလိုစိတ်ကော ဖန်တီးနိုင်စွမ်းကော မရှိတဲ့ သာမန် အသင်း တစ်သင်း ပုံပေါက်နေပါပြီ ။ ကျနော်ကတော့ ကစားသမားတွေကို အပြစ်ပုံမချချင်ပါဘူး ။ ”

” ကစားသမားတွေကိုယ်တိုင်က နည်းပြ အမ်မရီ အပေါ် စိတ်ပျက် နေကြပါပြီ ၊ ဒါကြောင့် သူနဲ့ လမ်းခွဲချိန် တန်ပြီလို့ပဲ ဆိုရမှာပါ ။ လက်စတာ နဲ့ ပွဲ ကျနော် ကြည့်လိုက်ရပါတယ် ၊ တကယ့်ကို ဆိုးဆိုးရွားရွား ပါပဲ။ နိုင်လိုစိတ် ၊ဆာလောင်မှု တစ်ခုမှကို မတွေ့ရတာပါ ၊ ကျနော် အားပေးတဲ့ အသင်းကြီး ဘာတွေ ဖြစ်ပျက်နေတာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးယူရပါတယ် ။ ”

ဆက်လက်ပြီး ပီတစ် က အာဆင်နယ် အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ ဟာ နည်းပြ အမ်မရီ ကို အပြည့်အဝ အားပေး ထောက်ခံပေးထားပေမယ့် သူတို့ ပြောစကားကို ဆန့်ကျင့်ဘက် မှတ်ယူ ရမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ကလပ် အသင်းဘက်က အမ်မရီ ရဲ့ နည်းပြ ရာထူးအတွက် အာမခံချက် ပေးထားတာက အမှန်တကယ် မဟုတ်လောက်ပါဘူး ၊ ဒါ ဖြေနေကြ စကားတွေပါပဲ ။ ကျနော် ဒီလိုပြောစကားတွေကို ပိုင်ရှင် နဲ့ ရှယ်ယာရှင်တွေဆီက အကြိမ်ကြိမ် ကြားဖူးပါတယ် ၊ အခုဆို သူတို့ အမ်မရီကို ထုတ်ပယ်ဖို့ စဉ်းစားပြီးလောက်ပါပြီ ၊ သူတို့ ပြောစကားကို ဆန့်ကျင့်ဘက် ကောက်ယူမှသာ အမှန်ပါ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR