မေး – ယာဂန် ကလော့ပ် က ဒေါသကြီးတဲ့ လူတစ်ယောက်လား?
ကလော့ပ် – ကျနော်က တော်တော်လေး ဒေါသ ထွက်ခဲတဲ့သူဗျ။ လူဆိုတော့ ခဏတစ်ဖြုတ်တော့ ဒက် ခနဲ ဒေါသကြီးတဲ့ အခိုက်အတန့်တော့ ရှိတာပေါ့။ ဒါပေမယ့် ခဏလေး ပါပဲ။ ဒေါသတွေ အကြာကြီး ထွက်နေတာ ကိုယ့်အတွက် ဘာအကျိုးရလာဒ်မှ မရှိဘူးလို့ ခံစားမိတာလေ။

တကယ်တော့ ကျနော်က ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ချစ်တဲ့ ၊ ဂရုစိုက်တတ်တဲ့ လူတစ်ယောက်ပါ။ ဒါနဲ့…..ကျနော့် ပုံစံက တော်တော်လေး ဒေါသကြီးတဲ့ ပုံ ပေါက်နေလို့လားဗျာ………ဒီလို မေးခွန်းမျိုးမေးရတာ။ ကွင်းထဲက ပုံစံ တစ်ချို့ကို တွေ့လို့ မေးကြတာ ထင်ပါရဲ့ဗျာ………..

မေး – ကလော့ပ် ဘာသာစကား ဘယ်နှစ်မျိုးလောက် ပြောနိုင်သလဲ?
ကလော့ပ် – ဘာသာစကား ဆိုရင် 2 မျိုး နဲ့ တစ်ဝက် လောက် ပြောနိုင်တယ် ထင်ပါတယ်။ ဂျာမန် နဲ့ အင်္ဂလိပ် စကားပေါ့။ ပြီးရင် ပြင်သစ် စကားလဲ နားလည်တယ်ဗျ။ တစ်ချို့ ပြင်သစ် စကားပဲ ပြောတဲ့ ကစားသမားတွေ အသင်းရောက်လာပြီ ဆိုရင် ပြင်သစ်လို ကြိုးစားပြီး ပြောကြည့်တာပေါ့။

ဒါပေမယ့် အသေးစိတ် ပုံစံဖြစ်အောင် မပြောနိုင်ပါဘူး။ ဥပမာ ပေးရရင် နာဘီကီတာ ပေါ့ဗျာ။ သူက ပြင်သစ်လိုပဲ ပြောတော့ ၊ ကျနော်လဲ သူနားလည်အောင် ကြိုးစားပြောပါတယ်။

ကိုယ့်ဆန္ဒအတိုင်း ဆိုရင်တော့ ဘာသာစကားတွေ အများကြီး ပြောနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ စပိန်လို ပြောတတ်ဖို့ အတွက်တော့ အဲဒီမှာ နေပြီး သင်ယူမှ ဖြစ်နိုင်တာမို့ ၊ ကိုယ့်အတွက်က အချိန် သပ်သပ်ကြီး မပေးနိုင်ဘူးလေ။

ဒါနဲ့ ကျနော့် အသင်းက လိုဗရန် ကတော့ ဘာသာစကား တော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်ဗျ။

ဂျာမန် ၊ အင်္ဂလိပ် ၊ ပြင်သစ် ၊ ခရိုရေးရှား ဘာသာစကားတွေ ကောင်းကောင်း ပြောနိုင်သလို ၊ ပေါ်တူဂီ လား/ စပိန်လား မသိဘူး သူ ထပ်ပြီး ပြောသေးတယ်ဗျ။ အသင်းမှာ ဆိုရင် ကြိုက်တဲ့ ကစားသမား က သူ့ကို ကြိုက်တဲ့ သာသာ စကားနဲ့ လာပြော ၊ သူက ရေရေလည်လည်ကို ပြန်ပြောတတ်တဲ့သူပါ။

မေး – ကလော့ပ် ရဲ့ ဘ၀ ဇာတ်ကြောင်းကို ဇာတ်လမ်း ရိုတ်ကူးမယ် ဆိုရင် ဘယ်မင်းသား နဲ့ အသင့်တော်ဆုံး ဖြစ်မယ်ထင်လဲ?
ကလော့ပ် – ကျနော့် စိတ်ထဲမှာတော့ ဘရက်ပစ် နဲ့ သင့်တော်မယ် ထင်တယ်ဗျ။ ဒါပေမယ့် သူက ကျနော့်ထက် အများကြီး ပိုပြီး ကြည့်ကောင်းတဲ့ သူတစ်ယောက်ပါ။ စိတ်ထဲမှာ ခံစားမိတာက သူ့ရဲ့ Character နဲ့ ပိုပြီး လိုက်ဖက် မယ်ပေါ့။

ကျနော်ဖြင့် သူနဲ့ အပြင်မှာ တွေ့ဖူးချင်တာ ၊ အခုထိ ဆန္ဒမပြည့်ဝသေး ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်က သူ့ရဲ့ အမာခံ ပရိသတ် တစ်ယောက်လေ။ သူရိုတ်ကူးတဲ့ ဇာတ်လမ်းတွေကလဲ ထူးခြားတယ်လေ။ သူနဲ့ အပြင်မှာ တွေ့ဖြစ်တဲ့ အချိန် ကျရင်လဲ အဲဒီနေရာလေးမှာ ဒီလို လေးလုပ်လိုက်ရင် ပိုကောင်းတယ် ၊ ဟိုလို လုပ်လိုက်ရင် ပိုပြီး သင့်တော်မယ် ထင်တဲ့ စကားမျိုးနဲ့ ဆရာကြီး လုပ်မိဦးမယ် ထင်ပါတယ်။

မေးခွန်းကို ပြန်ကောက်ရရင် ကျနော့် ရဲ့ ဘ၀က ဇာတ်လမ်း ရိုတ်ကူးဖို့လောက် အထိလဲ စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ပါဘူးဗျာ…..

မေး – ယာဂန် ကလော့ပ် က Social Media သုံးလား?
ကလော့ပ် – အဲဒီ အကြောင်း ကျနော် ခဏခဏ ပြောဖူးပါတယ်။ ကျနော်က Social Media မသုံးပါဘူး။ အွန်လိုင်းမှာ ကျနော့် အကောင့်တွေ တွေ့ရတယ်လို့ ပြောကြတယ်ဗျ ၊ တကယ်တော့ အဲဒါတွေဟာ ကျနော် မဟုတ်ဘူးဆိုတာ ထပ်ပြီး ပြောချင်ပါတယ်။

မေး – ကလော့ပ် ရဲ့ အကြိုက်ဆုံး ဇာတ်ကား က ဘယ်ကား ဖြစ်မလဲ?
ကလော့ပ် – Forrest Gump …ပါ ။ ကြိုက်တဲ့ ဇာတ်တွေကနေ အများကြီးပါပဲ ၊ အဲဒီ အထဲကမှ Forrest Gump ကတော့ စိတ်ထဲမှာ အစွဲနေဆုံး ပေါ့။ ဒါနဲ့ ကျနော်က ဂျိမ်းစ်ဘွန်း ဇာတ်လမ်းတွေ လဲ စွဲတယ်ဗျ။ အဲဒီထဲကမှ လီဗာပူး ဖန် ဂျိမ်းစ်ဘွန်း နဲ့တောင် တွေ့ပြီးပါပြီ။ တကယ်ကို တော်တဲ့သူဗျာ။ စကားတွေလဲ အများကြီးတောင် ပြောဖြစ်ခဲ့ ပါသေးတယ်။

မေး – ယာဂန် ….မေးခွန်း မေးသွားတဲ့ ပရိသတ်တွေကို ဘာပြောချင်သေးလဲ?
ကလော့ပ် – ကျနော့် ရဲ့ သွားတွေ အကြောင်း မမေးကြတာ တော်တော်လေး အံ့အားသင့်မိတယ်ဗျာ။ တကယ်တော့ ကျနော် ငယ်ငယ်က ပုံစံနဲ့ အခု ပုံစံက မတူဘူး ဆိုတာ သတိထားမိကြမှာပါ။ သွားတွေ အားလုံးက ပြင်ထားရတာဗျ။ ဒါကြောင့် ကျနော်ဖြင့် ဖာမင်နို ပြုံးတာ မြင်လိုက်တိုင်း အားကျနေမိတာပေါ့ (ရယ်လျှက်) ။

SM