ပြင်သစ် လက်ရွေးစင် အသင်း ဟာ ယနေ့ည မှာ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် အဖြစ် မော်လ်ဒိုဗာ လက်ရွေးစင် အသင်း ကို လက်ခံ ကစား ရမှာ ဖြစ်ပြီး ဒီ ပွဲစဉ် ကို အနိုင်ရတာနဲ့ ပြင်သစ် တို့ ယူရို ၂၀၂၀ ကို သွားခွင့် ရတော့မှာ ဖြစ်ပါတယ် ။

လက်ရှိ ပြင်သစ် အသင်း ရဲ့ လက်ကျန် ယူရို ခြေစစ်ပွဲ ၂ပွဲ အတွက် ကစားသမား ရွေးချယ်မှု တွေထဲမှာ အထောင် တိုက်စစ် နေရာ က ရွေးချယ်မှု က ပြောစရာ ဖြစ်နေခဲ့ပါတယ် ။ ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက််ချမ့်စ် ဟာ ပရီးမီးယားလိဂ် မှာ ကစားခွင့် တွေ အသီးသီး ရနေပြီး ခြေစွမ်းကောင်း တွေ ပိုင်ဆိုင် ထားတဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇတ် နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ် တို့ကို လုံးဝ မရွေးချယ် ခဲ့တာ ဖြစ်ပါတယ် ။

 

ဒက်စ်ချမ့်စ် ဟာ ၄င်းတို့ထက် ချယ်လ်ဆီး အသင်း မှာ လုံးဝနီးပါး ပွဲကစားခွင့် ပျောက်ဆုံး နေတဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကိုပဲ ယခု တခေါက် မှာ ထပ်မံ ရွေးချယ် သွားခဲ့ပါတယ် ။ ဂျရူး ဟာ ပြင်သစ် အသင်း ၂၀၁၈ ကမ္ဘာ့ ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ကာလ ကတည်းက အဓိက အထောင် တိုက်စစ်မှူး အဖြစ် ကစား နေခဲ့တာ ဖြစ်ပါတယ် ။

လက်ရှိ ပြင်သစ် လက်ရွေးစင် သမိုင်း တလျှောက် တတိယ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည် နေတဲ့ ဂျရူး ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ပြင်သစ် အသင်း ချန်ပီယံ ဖြစ်ခဲ့ပေမယ့် သွင်းဂိုး တဂိုး မှ မရရှိခဲ့တဲ့ တိုက်စစ်မှူး အဖြစ် မှတ်တမ်း ဝင်သွား ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ဂျရူး လို ရှေ့မှာ မားမားမတ်မတ် ရပ်တည် ပေးမယ့် တိုက်စစ်မှူးမျိုး ပြင်သစ် လက်ရွေးစင် အသင်း မှာ ရှားပါး သလို ၊ ၄င်းဟာ ပြင်သစ် နည်းပြ ဒက်စ်ချမ့်စ် ရဲ့ ကစားကွက် မှာ အံဝင်တဲ့ တိုက်စစ်မှူး လည်း ဖြစ်ပါတယ် ။ ယခု တခေါက် ယူရို ခြေစစ် ပွဲစဉ် တွေ အတွက် ဂျရူး ကို ထပ်မံ ရွေးချယ်ခဲ့မှု အတွက် ဒက်စ်ချမ့်စ် က သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ကို အခုလိုပဲ ကာကွယ် ပြောဆို ခဲ့ပါတယ် ။

ဒက်စ်ချမ့်စ် က ” အခု တခေါက် ယူရို ခြေစစ် ပွဲစဉ် တွေ အတွက် ဂျရူး ကို လက်ရွေးစင် အသင်း မှာ ကျွန်တော် ခေါ်ခဲ့တာ ဟာ တခုခု ကို ဆိုလိုရာတော့ ရောက်မှာပါ ။ ဒါပေမယ့် တကယ့် ပွဲမှာ စွမ်းဆောင် ထားနိုင်ခဲ့တဲ့ အရာများစု က ပိုပြီး အဓိပ္ပာယ် ရှိမယ် လို့ ထင်ပါတယ် ။ အကယ်၍ သူဟာ ကျွန်တော် ပွဲတွေမှာ အများဆုံး အသုံးပြု တဲ့ တိုက်စစ်မှူး တဦး ဆိုရင် ၊ သူ့ရဲ့ ပွဲ အရေအတွက် နဲ့ သွင်းဂိုး အချိုး ကို မမေ့ဖို့ ကျွန်တော် ပြောချင်ပါတယ် ။ ”

” ပြင်သစ် လက်ရွေးစင် သမိုင်း တလျှောက် မှာ သူ့ထက် ဂိုးသွင်းများတဲ့ ကစားသမား တွေ အများကြီး ရှိမနေပါဘူး ။ သူဟာ မှန်တဲ့ အရာ တွေကို ဆက်တိုက် လုပ်ဆောင်နေတယ် ၊ ကျွန်တော့ ရဲ့ သူ့ အပေါ် ထားတဲ့ ယုံကြည်မှု ကိုလည်း ကောင်းကောင်း အဖြေထုတ် ပေးနေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ဒက်စ်ချမ့်စ် က မာရှယ် အတွက်လည်း ပြင်သစ် လက်ရွေးစင် အသင်း က အခွင့်အရေး ပေးနေဆဲ ဖြစ်ကာ ၊ လတ်တလော ဒဏ်ရာကြောင့် မရွေးဖြစ်ခဲ့ဘူး လို့ ရှင်းလင်း ပြောဆို ခဲ့ပါတယ် ။

 

ဒက်စ်ချမ့်စ် က ” မာရှယ် ဟာ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ တစိတ်တပိုင်း ပါဝင် ခဲ့ဖူးပါတယ် ။ ဒါပေမယ့် လတ်တလော ကာလ အတွင်းမှာ သူ ဒဏ်ရာ ရနေခဲ့တာ က များပါတယ် ။ ဒဏ်ရာ က သူ ပြန်လာတာ မကြာသေးသလို ၊ မန်ယူနိုက်တက် နဲ့လည်း ခြေစွမ်းကောင်း တွေ ပြသ နေပါတယ် ။ သူဟာ ကျွန်တော် ပြင်သစ် လက်ရွေးစင် အသင်း မှာ ရွေးချယ်ဖို့ အချိန် အကြာကြီး ကတည်းက စောင့်ကြည့် နေတဲ့ ကစားသမား တဦး လည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR