ချဲလ်ဆီးဟာ လာမည့် ၂ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ကို အမှန်တကယ် စိန်ခေါ် နိုင်တဲ့ အသင်း ဖြစ်လာ လိမ့်မယ်လို့ လန်ဒန် ကလပ်ရဲ့ ကွင်းလယ်လူ နဲ့ မန်နေဂျာဟောင်း ဖြစ်သူ ဂလင်းဟိုဒယ် က ပြောလိုက် ပါတယ်။ ဖရန့်လမ်းပတ် ဟာ ဒီရာသီ မှာမှ ချဲလ်ဆီး အသင်းကို စတင် ကိုင်တွယ် ခဲ့တာ ဖြစ်ပေမယ့် ၎င်းရဲ့ စွမ်းဆောင်မှု တွေဟာ လူတော်တော် များများ ကို အံ့အားသင့် စေပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ အဓိက ကစားသမား ဖြစ်သူ အီဒင်ဟာဇက်ကို ရီးရဲယ်မက်ဒရစ် အသင်းထံ လက်လွှတ် ခဲ့ရတဲ့ အပြင် အပြောင်းအရွေ့ လည်း ပိတ်ပင် ခံထား ခဲ့ရတာကြောင့် ကစားသမား ခေါ်ယူခွင့် မရှိခဲ့ဘဲ လမ်းပတ် အနေနဲ့ အခက်အခဲ များစွာ ရင်ဆိုင် ရလိမ့်မယ်လို့ ခန့်မှန်း ထားခဲ့ ကြပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ဂန္တ၀င်ဟာ ဒီရာသီ မေဆင်မောင့် ၊ တမ်မီအေဗရာဟမ် နဲ့ တိုမိုရီ တို့ကို အကယ်ဒမီ ကစားသမား တွေကို စင်တင် ပေးခဲ့ပြီး ဒီကစားသမား တွေဟာ အကောင်းဆုံး စွမ်းဆောင် ပြနေတာကြောင့် လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်ဟာ အတော့်ကို အလုပ် ဖြစ်သွား ခဲ့ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည် နေပြီး ဒုတိယ နေရာက လက်စတာ နဲ့ ရမှတ်တူ နေကာ စတုတ္ထနေရာက လက်၇ှိ ချန်ပီယံ မန်စီးတီးထက် ၁ မှတ် ပိုသာ နေပါတယ်။ ဘောလုံး ကျွမ်းကျင်သူ အချို့ နဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုး တို့ကတော့ The Blues တို့ဟာ ဒီရာသီ အမှတ်ပေးဖလား အတွက် စိန်ခေါ် နိုင်လိမ့်မယ်လို့ သုံးသပ် နေကြပါတယ်။

ဟိုဒယ် ကတော့ ဒီလို လုပ်နိုင်ဖို့ စောနေ သေးတယ်လို့ အကဲဖြတ် ခဲ့ပေမယ့် ချဲလ်ဆီးဟာ အလားအလာ ကောင်းတွေ အများကြီး ရှိနေသေးတယ်လို့ ဆိုခဲ့ ပါတယ်။

ဟိုဒယ်က “သူတို့ဟာ ကြည့်ရတာ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အသင်းပါ။ ကျွန်တော့် အထင် ခင်ဗျားရဲ့ အတွေး မှန်ပါတယ်။ အကယ်၍ ချဲလ်ဆီးသာ အပြောင်းအရွေ့ ပိတ်ပင် ခံထား ရခြင်း မရှိဘူး ဆိုရင် ဒီလူငယ် ကြယ်ပွင့်တွေ အခွင့်အရေးကော ရနိုင် ပမလား ဆိုတာ မသေချာ ပါဘူး။ ဒါပေမယ့် ဒီလူငယ်တွေ အခွင့်အရေး ရသွား ခဲ့ပါတယ်။

အဓိက ကျတဲ့ အရာ ကတော့… လူငယ် ကစားသမား တွေကို အသင်းကြီးမှာ နေရာ ပေးတော့မယ် ဆိုရင် ဒီလူတွေ အနေနဲ့ လုံလောက် ကောင်းမွန်တဲ့ အရည်အသွေးတော့ ရှိနေ ရပါမယ်။ ဒီလူငယ် တွေဟာ လုံလောက်တဲ့ အရည်အသွေးကောင်း ရှိခဲ့ ပါတယ်။ အဲဒီမှာ ငါးယောက်လောက် ရှိပါတယ်။ ကျွန်တော့် အမြင့် လာမည့် ၂ နှစ် အတွင်း သူတို့ဟာ ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူး နိုင်ဖို့ အသင့် ဖြစ်နေ နိုင်ပါတယ်။

ချဲလ်ဆီး အသင်းမှာ ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ် ရှိနေတယ်လို့ ကျွန်တော် လုံး၀ ခံစား ရပါတယ်။ သူတို့ဟာ စပယ်ရှယ် အရာတွေ ဖြစ်လာ နိုင်ဖို့ အတွက် ကောင်းကောင်း တည်ဆောက် ထားနိုင် ခဲ့ပါပြီ။’ လို့ ဆိုလိုက် ပါတယ်။

ဟိုဒယ်က လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ မေဆင်မောင့် ၊ တမ်မီအေဗရာဟမ် နဲ့ တိုမိုရီ တို့ရဲ့ စွမ်းဆောင်ရည် တွေဟာ ချဲလ်ဆီး အသင်းရဲ့ အတွေ့အကြုံရင့် ကစားသမား တွေရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ဆွဲထုတ် နိုင်လိမ့်မယ်လို့ ဆိုသွား ပါတယ်။

ဟိုဒယ်က “ကျွန်တော့် အမြင် ဒီလူငယ် ကြယ်ပွင့် တွေရဲ့ စွမ်းဆောင်ရည် ကောင်းတွေဟာ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ဝီလီယံ ၊ အက်ပီလီကွေတာ ၊ ဂျော်ဂျင်ညို ၊ ကိုဗာဆစ် တို့ရဲ့ အရည်အသွေး တွေကို ပိုမို မြင့်တက် စေတယ်လို့ ထင်ပါတယ်။ ကိုဗာဆစ် ဆိုရင် ကျွန်တော် အရင် တွေ့ခဲ့တာထက် ပိုကောင်းအောင် ကစား နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူ ဒီလို မကစား နိုင်ခဲ့ဘူးလို့ ထင်ပါတယ်။

ဒါပေမယ့် ဝါရင့် ကစားသမားတွေရဲ့ ခြေစွမ်းတွေ မြင့်တက် လာကြတာတော့ အမှန်ပါပဲ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ နောက်ကို ပြန်လှည့်ကြည့်ပြီး ငါတို့သာ ခြေစွမ်း မပြနိုင်ဘူး ဆိုရင် ဒီလူငယ် ကြယ်ပွင့်တွေဟာ ငါတို့ နေရာကို ရယူ သွားမယ် ဆိုတာကို သိနေ ပါတယ်။ ဒါဟာ အသင်းရဲ့ ခြေစွမ်းကို အများကြီး မြင့်တက် စေခဲ့ပါတယ်။ သူတို့ဟာ တကယ့်ကို စိတ်လှုပ်ရှား စရာ အသင်းပါ။” လို့ ဆိုသွား ပါတယ်။

SM