အာဆင်နယ် အသင်း တိုက်စစ်မှူး လာကာဇက် က အူဘာမီယန်း ဟာ အသင်း ခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ချီးကျူး လိုက်ပြီး အသင်းသားတွေဟာ အူဘာမီယန်း အသင်းခေါင်းဆောင် ဖြစ်လာတဲ့အပေါ် မကျေမနပ် ဖြစ်နေကြတယ်ဆိုတဲ့ ကောလဟလ သတင်းတွေကိုလည်း ငြင်းဆန် ပယ်ချ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ၂၀၁၉-၂၀၂၀ ရာသီအတွက် အသင်း ခေါင်းဆောင် ငါးဦးကို အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းခဲ့ပြီး ရှာကာ က ပထမ အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။

ဒါပေမယ့်လည်း ရှာကာ ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ လူစားလဲ ခံရတဲ့ အချိန် ပရိသတ်တွေကို ရိုင်းပျစွာ ပြုမူ ဆက်ဆံ ခဲ့တာကြောင့် နည်းပြ အမ်မရီ ဟာ ရှာကာ ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပြီး တိုက်စစ်မှူး အူဘာမီယန်း ကို အသင်း ခေါင်းဆောင်သစ် အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့ပါတယ်။

အာဆင်နယ် အသင်းမှာ ယခု လက်ရှိ အသင်းခေါင်းဆောင်တွေ အဖြစ် အူဘာမီယန်း ၊ ဘယ်လာရင် ၊ လာကာဇက် ၊ အိုဇေးလ် တို့ ရှိနေကြပါတယ် ။ဂန်းနား တိုက်စစ်မှူး လာကာဇက် က သူ့ရဲ့ အသင်းဖော် အူဘာမီယန်း ဟာ အသင်းကို ဦးဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ် ။

လာကာဇက် က အာဆင်နယ် ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ ” အူဘာ အသင်း ခေါင်းဆောင် ဖြစ်လာတာ သိပ်ကောင်းပါတယ် ၊ သူက ကွင်းထဲမှာလည်း ခေါင်းဆောင်ကောင်း တစ်ဦးပါ ၊ သူ့မှာ အသင်းကို ခေါင်းဆောင်နိုင်စွမ်း ရှိတယ်လို့ ကျနော်ကတော့ ထင်ပါတယ် ။ ”

” နောက်ပြီး အသင်း ခေါင်းဆောင် အစဉ်လိုက်မှာလည်း သူက ဒုတိယ နေရာမှာ ရှိနေသူ ဖြစ်တာကြောင့် အမြဲတမ်း အသင်း ခေါင်းဆောင် ဖြစ်လာတာက ပုံမှန်ပါပဲ ။ ” လို့ ပြောကြား သွား ခဲ့ ပါ တယ် ။

ခရစ္စတယ် ပဲလေစ့် အသင်း နဲ့ ပွဲမှာ အာဆင်နယ် ပရိသတ်တွေနဲ့ ပြဿနာ ဖြစ်ပွားပြီးနောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရတဲ့ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ကတော့ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချ ထားပါတယ် ။

ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ က ပွဲထွက် ကစားခွင့် ပြန်လည် ရရှိဖို့ နဲ့ ပရိသတ်တွေရဲ့ လေးစားမှု ပြန်လည် ရယူနိုင်ဖို့ ကြိုးစား လေ့ကျင့် နေကြောင်း ဆွစ်ဇာလန် သတင်း ဌာန တစ်ခု နဲ့ အင်တာဗျူးမှာ ဖြေကြား ခဲ့ပါတယ် ။

ရှာကာ ဟာ ခရစ္စတယ် ပဲလေစ့် နဲ့ ပွဲ နောက်ပိုင်း အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး လေးပွဲဆက်တိုက် ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိဘဲ နည်းပြ အမ်မရီ ကတော့ ကာယကံရှင် ကိုယ်တိုင်က ကစားဖို့ အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားလာတာကြောင့် ချန်လှပ် ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ် ။

SPORTS MYANMAR