ချန်ပီယံလိဂ် ပြိုင်ပွဲဟာ လာမည့် ၂၀၂၀-၂၁ ဘောလုံး ရာသီ မတိုင်မီ ပြိုင်ပွဲ ကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့်နဲ့ ပက်သက်ပြီး ကြီးမားတဲ့ ပြောင်းလဲမှု ရှိလာ နိုင်ပါတယ်။ UEFA ဥက္ကဋ္ဌ အလက်ဇန်းဒါ ဆီဖာရင် က သူတို့ အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်သွားဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်လိုက်ပြီး ဒီအပြောင်းအလဲ ဘယ်လို အသင်းတွေကို ကာကွယ်ပေးဖို့ အကောင်အထည် ဖော်တာလဲ ဆိုတာ ရှင်းပြ လိုက်ပါတယ် ။

စီစဉ်နေတဲ့ စိတ်ကူး ကတော့ UEFA ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်တွေကို တက်ရောက် နိုင်ခဲ့တဲ့ အသင်းတွေကို နောက်တစ်နှစ်မှာ ထပ်မံ ယှဉ်ပြိုင်ခွင့် ပြုဖို့ ဖြစ်ပြီး ဆိုလိုတာ ကတော့ ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်တွေကို တက်ရောက် နိုင်ခဲ့တဲ့ အသင်းတွေ အနေနဲ့ ပြည်တွင်း ပြိုင်ပွဲမှာ အရေးမလှ ခဲ့ဘူး ဆိုရင်တောင် ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

လာမည့် စက်တင်ဘာလ ၁၁ ရက်နေ့ မှာတော့ အရေးပါတဲ့ အစည်အဝေး ပြုလုပ် သွားဖို့ ရှိနေပြီး ဆီဖာရင် က အထက်ပါ အကြောင်းအရာ နဲ့ ပက်သက်တဲ့ အဆို တင်သွင်းမှုတွေကို အသေးစိတ် ထပ်မံ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ ၀န်ခံ သွားပါတယ်။ အဆို တင်သွင်းမယ့် အကြံ ပြုချက် ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံး ၄ သင်း အဆင့် ကို တက်ရောက် နိုင်တဲ့ အသင်းတွေဟာ နောက်ရာသီမှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရဖို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြီးခဲ့တဲ့ ရာသီ ဥရောပ ချန်ပီယံ လီဗာပူး နဲ့ အခြား ပရီးမီးယားလိဂ် အသင်း တွေဟာ အနာဂတ် မှာ အကျိုး ရှိလာနိုင်ပြီး အကယ်၍ ၎င်းတို့ အနေနဲ့ ပရီးမီးယားလိဂ် မှာ top 4 မ၀င်ပေမယ့် ချန်ပီယံလိဂ် မှာ အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့မယ် ဆိုရင် ပြိုင်ပွဲကို ထပ်မံ ယှဉ်ပြိုင်ခွင့် ရမယ့် အခြေအနေ ဖြစ်ပါတယ်။

ဆီဖာရင် က “ဒီနှစ် မှာ ဆိုရင် အိုင်ယက်လို အသင်း ၊ အဲဒီမတိုင်မီ က ဆိုရင် မိုနာကို နဲ့ လက်စတာ တို့လို အသင်းတွေကို ကျွန်တော်တို့ ကာကွယ် ပေးချင်တာ ဖြစ်ပါတယ်။ အိုင်ယက်ဟာ ဒီနှစ်မှာ ဆီမီးဖိုင်နယ် ကို ကစား ခဲ့ပြီး အခု ဆိုရင် သူတို့ဟာ ကစားသမား တော်တော်များများ ကို ရောင်းထုတ် သွားရမယ့် အနေအထား ဖြစ်နေ ပါတယ်။ ဘာလို့လဲ ဆိုတော့ လာမည့်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူတို့ အနေနဲ့ ဒီလို အခြေအနေ ပြန်ရမရ ဆိုတာ မသိလို့ပါ။

ကျွန်တော်တို့ အနေနဲ့ ကလပ် အသင်း တော်တော် များများ ကို ကာကွယ် ပေးဖို့ မလိုပါဘူး။ ဒါပေမယ့် အရမ်းကို နီးစပ်လွန်းတဲ့ အခြေအနေ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ ကလပ် အချို့ကို ကာကွယ် ပေးရမယ်လို့ ထင်ပါတယ်။ အိုင်ဒီယာ တစ်ခု ကတော့ ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်တွေကို တက်ရောက် နိုင်ခဲ့တဲ့ ကလပ်တွေဟာ နောက်တစ်နှစ်မှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရမယ် ဆိုတာ ပါပဲ။

ဒါပေမယ့် ဆွေးနွေးတာပဲ ရှိပါသေးတယ်။ လာမည့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ လိဂ်တွေ ကလပ်တွေနဲ့ အတူ ဒီကိစ္စကို ဆွေးနွေး သွားရမယ့် အစည်းအဝေး ရှိပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံး လေးသင်း အဆင့်ကို လီဗာပူး ၊ တော့တင်ဟမ် ၊ ဘာစီလိုနာ ၊ အိုင်ယက် တို့ တက်ရောက် နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ် ၂ သင်းဟာ အိုင်ယက်နဲ့ ဘာကာ တို့ကို ကျော်ကာ ဖိုင်နယ်ကို တက်ရောက် ခဲ့ကြပြီး မက်ဒရစ် မှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ လီဗာပူးဟာ တော့တင်ဟမ် ကို ၂ – ၀ နဲ့ နိုင်ကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလမှာ နောက်ထပ် ဆွေးနွေး သွားရမယ့် ကိစ္စ ကတော့ ပြိုင်ပွဲ ရဲ့ ပုံစံကို အသင်းလေးသင်း ပါတဲ့ ရှစ်အုပ်စု မှ အသင်းရှစ်သင်း ပါတဲ့ အုပ်စု လေးခု ပြောင်းလဲ သွားမယ့် ကိစ္စပဲ ဖြစ်ပါတယ်။

SM