ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က နည်းပြ မော်ရစ်ဇီယို ဆာရီ လက်ထက် ၊ နွေရာသီ အပြောင်းအရွှေ့ အတွင်း ကစားသမား ၃ဦးသာ ခေါ်ယူ ခဲ့ပေမယ့် ၊ ချယ်လ်ဆီး အသင်း မခေါ်ယူလိုက်နိုင်ခဲ့တဲ့ ၊ ပစ်မှတ် ထားခဲ့တဲ့ ကစားသမား တချို့ လည်း ရှိခဲ့ပါတယ် ။ အဲ့ဒီထဲမှာ နာပိုလီ အသင်း ရဲ့ ညာနောက်ခံလူ အယ်လ်ဆိဒ် ဟိုင်းဆချ် လည်း ပါဝင် နေပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ၄င်း အယ်လ်ဘေးနီးယား လက်ရွေးစင် ညာနောက်ခံလူ ကို ခေါ်ယူဖို့ အတွက် ပေါင် ၄၃ သန်း နဲ့ ကမ်းလှမ်း ခဲ့ဖူးပြီး နာပိုလီ အသင်း ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလော်ရန်းတစ် က ၄င်းတို့ အသင်း ဆီကနေ ဂျော်ဂျင်ဟို ကို လက်လွှတ် လိုက်တာက လွဲလို့ ကျန်တဲ့ ကစားသမား တွေ ဆာရီ ရဲ့ အနောက် ကို လိုက်ပါခွင့် လုံးဝ မပေးခဲ့တာကြောင့် ဟိုင်းဆချ် လည်း ပြောင်းရွှေ့ခွင့် မရ ဖြစ်နေခဲ့ပါတယ် ။

ဆာရီ ဟာ မနှစ် က ချယ်လ်ဆီး ကို ကိုင်တွယ် ခဲ့စဉ် က ၄င်းရဲ့ နာပိုလီ မှ တပည့်ဟောင်း တွေ ဖြစ်ကြတဲ့ ဒရိုင်းစ် မာတင်စ် ၊ ကူလီဘာလီ ၊ ဟိုင်းဆချ် အပြင် အမ်ပိုလီ အသင်း မှာ ၄င်းနဲ့ လက်တွဲ ခဲ့ဖူးတဲ့ ဂျူဗင်တပ် ခံစစ်မှူး ဒန်နီရယ် ရူဂါနီ ကိုလည်း ခေါ်ယူနိုင်ဖို့ ချိတ်ဆက် ခဲ့ပါသေးတယ် ။

အဆုံးမှာတော့ ဆာရီ ဟာ ဂျော်ဂျင်ဟို ၊ ကီပါ ၊ ကိုဗာဆစ် တို့ကိုသာ ခေါ်ယူ နိုင်ခဲ့ပါတယ် ။ လက်ရှိ မှာတော့ ဂျော်ဂျင်ဟို ဟာ ချယ်လ်ဆီး အတွက် အရေးပါတဲ့ ခေါ်ယူမှု တခု ဖြစ်လာခဲ့ကာ အသင်း အတွက် များစွာ အကျိုးပြုလျက် ရှိနေပါတယ် ။ ကစားသမားသစ် ခေါ်ယူခွင့် က အပိတ်ခံထား ရတဲ့ အပြင် ညာနောက်ခံလူ နေရာ မှာလည်း လူငယ် သွေးသစ် တဦး ဖြစ်တဲ့ ရိစ်ဂျိမ်းစ် ရှိနေတဲ့ အတွက်ကြောင့် ဟိုင်းဆချ် ဟာ ယခု တခါမှာတော့ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ မှာ ရှိနေပါတယ် ။

နာပိုလီ အသင်း ဟာ ယင်း အသက် ၂၅ နှစ် အရွယ်ရှိ အယ်လ်ဘေးနီးယား ညာနောက်ခံလူ ကို စာချုပ်သစ် ထပ်ချုပ်ဖို့ အခက်အခဲ ဖြစ်နေတာကြောင့် ဒီနှစ် ဘောလုံး ရာသီကုန် မှာ အလွတ် နဲ့ ထွက်ခွာခွင့် ပြုရတော့မယ့် အခြေအနေ နဲ့ ရင်ဆိုင် နေရပါတယ် ။ ဒါဟာ ဥရောပ မှာ ထိပ်တန်း ကလပ် အသင်း တချို့ အတွက်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ခေါ်ယူမှု တခု ဖြစ်လာနိုင်ပါတယ် ။

မနေ့က Radio Punto Nuovo နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ဟိုင်းဆချ် ရဲ့ အေးဂျင့် ဖြစ်သူ မာရီယို ဂျီယူဖရက်ဒီ က ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရာသီ က ၄င်းရဲ့ ကစားသမား ကို ယူရိုသန်း ၅၀ နဲ့ ခေါ်ယူဖို့ အမှန်တကယ် ချဉ်းကပ် ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံခဲ့သလို ၊ အခုအခါ မှာ နာပိုလီ အသင်း ဟာ ၄င်းရဲ့ ကစားသမား ကို တပြားတချပ် မရပဲနဲ့ လက်လွှတ် ရတော့မှာ ဖြစ်တယ် လို့ သတိပေး ပြောဆိုလိုက်ပါတယ် ။

ဂျီယူဖရက်ဒီ က ” ကျွန်တော့ ကစားသမား အတွက် အနာဂတ် မှာ ဘာတွေပဲ ဖြစ်လာပါစေ ၊ သူ့ အတွက် ကောင်းတဲ့ အရာ တွေပဲ ရောက်ရှိလာမှာပါ ။ အကယ်၍ ကျွန်တော် တို့ ဒီ နာပိုလီ အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်မယ် ဆိုရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာ ကျွန်တော် တို့ လုပ်စရာ ရှိတဲ့ အလုပ် တွေ ဆက်လက် လုပ်ဆောင် သွားမှာပါ ။ ”

” အကယ်၍ ကျွန်တော် တို့က မထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုရင်တောင် နာပိုလီ အသင်း ဟာ ကစားသမား ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာခွင့် ပြုရမှာပါ ။ ဒါပေမယ့် ဒီလို အခြေအနေ ၂ခုလုံး ဟာ ကျွန်တော် တို့ အတွက်တော့ အလုပ် ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ တနှစ်ခွဲ ကာလ က နာပိုလီ ဟာ ချယ်လ်ဆီး ဖက်က ကမ်းလှမ်းခဲ့တဲ့ ယူရို သန်း ၅၀ ကို လက်ခံ ခဲ့သင့်ပါတယ် ။ ”

” အကယ်၍ ဟိုင်းဆချ် ဟာ နာပိုလီ မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင် နီယာပိုလစ်တန် တို့ သူ့ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့သာ လက်လွှတ် ရဖို့ သေချာနေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR