ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ အတွင်း ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံထား ရတဲ့ အပြင် ၄င်းတို့ရဲ့ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် ကိုပါ ရီးရဲလ် မက်ဒရစ် အသင်း ထံသို့ ရောင်းချ ခဲ့ရတာကြောင့် အသင်း ရဲ့ မန်နေဂျာသစ် ရွေးချယ် ခန့်အပ်ခဲ့တဲ့ နေရာ မှာတောင် ၄င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ကို ရွေးချယ် ခဲ့တာ ဖြစ်ပါတယ် ။

လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ဟာ ဟာဇတ် ကို ဆုံးရှုံး ထားရပေမယ့် အသင်း ရဲ့ အဓိက ကစားသမား အတော်များများ ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့သလို တချို့ လူငယ် ခြေတက် ကစားသမား တွေကိုလည်း စာချုပ်သစ် ချုပ်ဆို ဖို့ ကြိုးစားလျက် ရှိနေပါတယ် ။ အထူးသဖြင့် ပြီးခဲ့တဲ့ ရာသီ က ခြေစွမ်း ပြခဲ့တဲ့ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ လူငယ် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ကို စာချုပ် ချုပ်ဆို နိုင်ဖို့ အနီးစပ်ဆုံး အနေအထား ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ် ။

လမ်းပတ် ရောက်ရှိ လာမှုနဲ့ အတူ ချယ်လ်ဆီး အသင်း အဖို့ လူငယ် ကစားသမား တွေကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ အခွင့်အရေးကောင်း တခု ကို ပိုင်ဆိုင် ခဲ့ပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူးဟောင်း တိုနီ ကတ်စ်ကာရီနို ကတော့ လက်ရှိ ချယ်လ်ဆီး အသင်း ဟာ အီဒင် ဟာဇတ် ကို ဆုံးရှုံး ထားတဲ့ အနေအထား မှာတောင် ၄င်းရဲ့ ပြိုင်ဖက် ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် အသင်း တို့ရဲ့ လူစာရင်း ထက် ပိုမို သာလွန်မှု ကြောင်း သုံးသပ် ခဲ့ပါတယ် ။

The Times သတင်း ဌာန ရဲ့ ဆောင်းပါး တခု မှာ ကတ်စ်ကာရီနို က ” ကျွန်တော့ အနေနဲ့ ချယ်လ်ဆီး အသင်း ရဲ့ ဘုတ်အဖွဲ့ ကို လက်ရှိ အနေအထား နဲ့ ပတ်သက်ပြီး သတိပေးမှု တချို့ လုပ်ကောင်း လုပ်နိုင်ပေမယ့် ဖရန့် ဟာ အခု ချယ်လ်ဆီး အသင်း မှာ ကြယ်ပွင့် ကစားသမား အများအပြား ကို ဆက်လက် ကိုင်တွယ်ခွင့် ရှိနေတုန်းပါပဲ ။ အကယ်၍ ကစားသမား ခေါ်ယူခွင့် သာ ရှိမယ် ဆိုရင် သူတို့ဟာ လာမယ့် ရာသီ မှာ တောင့်တင်း တဲ့ အနေအထား နဲ့ အဆင့် အမြင့် တနေရာ မှာ ဆက်လက် ရပ်တည် နေဦးမှာပါ ။ ”

” ကျွန်တော့ အမြင် အရတော့ လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ဟာ အီဒင် ဟာဇတ် ကို ဆုံးရှုံး ထားတဲ့ အခြေအနေ မှာတောင် မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် အသင်း တွေရဲ့ ကစားသမား အင်အား ထက် ပိုပြီး တောင့်တင်း နေတုန်းပဲ လို့ ထင်မိပါတယ် ။ ”

” အန်ဂိုလို ကန်တေ ဟာ အခု အချိန် မှာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ တွေထဲက တဦး ဖြစ်သလို ၊ ကီပါ ဟာလည်း တကယ် တော်ပြီး အလားအလာ ရှိတဲ့ ကြယ်ပွင့် ဂိုးသမား ဖြစ်ပါတယ် ။ နောက်ပြီး ဝီလီယံ နဲ့ ပူလီဆစ် တို့ဟာလည်း ပရီးမီးယားလိဂ် က ဘယ်အသင်း ကို မဆို ခြိမ်းခြောက် နိုင်တဲ့ ခြေစွမ်း ကို ပိုင်ဆိုင် ထားကြပါတယ် ။ ”

” ချယ်လ်ဆီး အသင်း မှ ပြင်ဆင်ဖို့ လိုအပ် နေတာကတော့ အထောင် တိုက်စစ် အပိုင်း ပါပဲ ။ ဂွန်ဇာလို ဟီဂွာအင် ဟာလည်း အငှား စာချုပ် ပြည့်ခဲ့လို့ ဂျူဗင်တပ် အသင်း ဆီကို ပြန်သွား ခဲ့သလို အယ်လ်ဗာရို မိုရာတာ ကတော့ အက်သလက်တီကို မှာ ဆက်ပြီး ကစားနိုင်ဖို့ မျှော်လင့် နေဆဲ ဖြစ်ပါတယ် ။ ဒီ အနေအထား တွေကြောင့် လမ်းပတ် အတွက် ချယ်လ်ဆီး မှာ အသုံးပြုနိုင်တဲ့ အထောင် တိုက်စစ်မှူး တွေ ဆိုလို့ အိုလီဗီယာ ဂျရူး ၊ တမ်မီ အေဘရာဟမ် နဲ့ မစ်ချီ ဘတ်ရှူဝါရီ တို့ပဲ ရှိပါတော့တယ် ။ ”

” ဂျရူး ဟာ ကွင်းလယ်လူ တွေ ၊ တောင်ပံ ကစားသမား တွေနဲ့ အကောင်းဆုံး ချိတ်ဆက် ကစား နိုင်တဲ့ ဝါရင့် တိုက်စစ်မှူး တဦး ဆိုတာ ကျွန်တော် တို့ အားလုံး သိထား ကြပေမယ့် မစ်ချီ ဘတ်ရှူဝါရီ မှာ ချယ်လ်ဆီး အသင်း အတွက် အမှန်တကယ် ကစားပေးနိုင်ဖို့ အရည်အချင်း ပြည့်မှီ ရဲ့လား ဆိုတာတော့ သံသယ ဖြစ်မိပါတယ် ။ ” လို့ ရေးသား သုံးသပ် ခဲ့ပါတယ် ။

SPORTS MYANMAR