အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ဆန်တီ ကာဇိုလာ က ပရိသတ်တွေ အနေနဲ့ ဖိအားတွေ အများအပြား နဲ့ ရင်ဆိုင် နေရတဲ့ နည်းပြ အမ်မရီ ကို စိတ်ရှည် သည်းခံပြီး အချိန် ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ဂန်းနားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း မရှိသလို ဒီရာသီမှာလည်း ပွဲစဉ် (၁၂) အပြီးမှာ ထိပ်ဆုံးလေးသင်းနဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက်က ၈ မှတ်အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် ပရိသတ်တွေ နဲ့ ဂန္တဝင် ကစားသမားတွေကတော့ နည်းပြ အူနိုင်း အမ်မရီ အပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံး နေကြပြီး အမြန်ဆုံး ထုတ်ပယ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ ကတော့ နည်းပြ အမ်မရီ ကို အပြည့်အဝ အားပေး ထောက်ခံ နေဆဲ ဖြစ်ပြီး နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ အစီစဉ် လုံးဝ မရှိသေးကြောင်း အတိအလင်း ပြောကြား ထားပါတယ် ။

အာဆင်နယ် အသင်းမှာ ခြောက်နှစ်ကြာ ကစားပြီး မနှစ်ကမှ ဗီလာရီးရဲလ် အသင်းကို ပြောင်းရွှေ့ သွားခဲ့တဲ့ ကာဇိုလာ က အူနိုင်း အမ်မရီ ဟာ နည်းပြကောင်း တစ်ဦး ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ အချိန်ပေး စောင့်ကြည့်ဖို့ တိုက်တွန်း ပြောကြား သွား ခဲ့ပါတယ် ။

ကာဇိုလာ က Independent နဲ့ အင်တာဗျူးမှာ ” အူနိုင်း အမ်မရီ က နည်းပြကောင်း တစ်ဦးပါ ၊ အာဆင်နယ်က အသင်းကောင်း တစ်သင်းပါ ၊ သူတို့ ပွဲတွေကို ကျနော် မကြာခဏ ကြည့်ဖြစ်ပါတယ် ၊ ဒါပေမယ့် အမ်မရီ အနေနဲ့ အသင်းကို တည်ဆောက်ဖို့ အချိန် လိုအပ်ပါတယ် ။ ”

” အခု အာဆင်နယ် အသင်းက မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက် နေတာပါ ။ မန်စီးတီး ၊လီဗာပူး တို့နဲ့ တန်းတူ ယှဉ်ပြိုင် ကစားနိုင်ဖို့ကတော့ ခက်ခဲ ဦးမှာပါ ။ သူတို့မှာ ကစားသမားကောင်းတွေ ၊ ပရိသတ်တွေ ရှိပါတယ် ။ ”

” အာဆင်နယ် အသင်း ဘာကြောင့် အခုလို အဆင့်အထိ ရောက်နေသလဲ ဆိုတာ ပြောဖို့ အရမ်း ခက်ခဲပါတယ် ၊ သူတို့မှာ အရာအားလုံးကို အကုန်လုပ်နိုင်စွမ်း ရှိပါတယ် ၊ ဒါပေမယ့် ယုံ​ကြည်မှု ရှိဖို့တော့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ကာဇိုလာ ဟာ အာဆင်နယ် အသင်းမှာ ပွဲပေါင်း ၁၈၀ ကျော် ပေးခဲ့ပြီး ၂၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄၅ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းနဲ့ အတူ အက်ဖ်အေ ဖလား နှစ်ကြိမ် ၊ ကွန်မြူ နဒီဒိုင်း နှစ်ကြိမ် ရယူနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR