ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က အာဆင်နယ် အသင်း အနေနဲ့ ရလဒ်ပိုင်း ကော ခြေစွမ်းပိုင်းပါ အတော်လေး ဆိုးရွား နေပေမယ့် အသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ်တွေ အရ နည်းပြ အမ်မရီ ကို ထုတ်ပယ် နိုင်ချေ မရှိသေးကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားတာကြောင့် ပရိသတ်တွေ နဲ့ ဂန်းနား ဂန္တဝင် ကစားသမားဟောင်းတွေကတော့ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး နည်းပြအပြောင်းအလဲ လုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ ကတော့ ပရိသတ်တွေ ဆန္ဒရဲ့ ဆန့်ကျင်ဘက် အဖြစ် နည်းပြ အမ်မရီ ကို အပြည့်အဝ အားပေး ထောက်ခံ နေဆဲ ဖြစ်ပြီး နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ အစီစဉ် လုံးဝ မရှိသေးကြောင်း အတိအလင်း ပြောကြား ထားပါတယ် ။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင် ကတော့ Sky Sports နဲ့ တွေ့ဆုံရာမှာ ” အာဆင်နယ် အသင်းမှာ ပြောင်းလဲ တိုးတက်လာတာ ဘာမှ မတွေ့ရပါဘူး ၊ Clean-Sheet လည်း မရသလို ဂိုးတွေကို ပျော်ပျော်ပါးပါးကြီး ခွင့်ပြု နေပါတယ် ၊ အခု အချိန်မှာ ဘယ်အရာက အသင်းမှာ အဆိုးရွားဆုံး ဖြစ်နေသလဲ ဆိုတာ ခင်ဗျားတို့သိလား ။ ”

” ဂိုးရအောင် သွင်းမယ်ဆိုတဲ့ စိတ်ဓတ်မျိုး မရှိကြတာပါပဲ ၊ နောက်တန်းက ဂိုးတွေ အလွယ်တကူ ပေးနေရတာတောင်မှ ဂိုးရအောင် သွင်းရမယ် ဆိုတဲ့ စိတ်ဓတ်မျိုး မမွေးထားကြပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နိုင်ငံတကာ ပွဲတွေ အပြီးမှာတော့ အမှတ်ပေး ဇယား အောက်ပိုင်းက ဆောက်သမ်တန် ၊ နောဝှစ်ချ် တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်တာကြောင့် ရလဒ်ကောင်းတွေ ပြန်လည် ရယူနိုင်ဖွယ် ရှိပါတယ် ။

ဆက်လက်ပြီး ပေါလ်မာဆင် က လာမယ့် ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ပွဲချောင်နေတာကြောင့် နည်းပြ အမ်မရီ အတွက် ကံကောင်း သွားကြောင်း နဲ့ အဆိုပါ ပွဲတွေမှာသာ ရလဒ်မကောင်းပါက ထုတ်ပယ် ခံရနိုင်ချေ ရှိကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ်တွေကို ကြည့်လိုက်တော့ အမ်မရီ အသင်းမှာ အချိန်အတော်ကြာ ဆက်ရှိမယ်လို့ ထင်ပါတယ် ၊ ဒီပွဲတွေမှာသာ ရလဒ်မကောင်းရင်တော့ နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ အချိန်ကောင်းပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR