အာဆင်နယ် အသင်းရဲ့ ယခု လက်ရှိ အသင်း ခေါင်းဆောင် လေးဦးထဲမှာ တစ်ဦး အပါအဝင် ဖြစ်တဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင် ဟာ ရာသီကုန်မှာ အသင်း ရပ်တည်မှု မကောင်းခဲ့ရင် အီတလီ စီရီးအေ ကို ပြောင်းရွှေ့ကစားဖွယ် ရှိကြောင်း သူ့ရဲ့ အေးဂျင့် ဖြစ်သူက အရိပ်အမြွက် ပြောကြား လိုက်ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ကနေ အာဆင်နယ် အသင်းကို ၁၆ နှစ်သား အရွယ်မှာ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဘယ်လာရင် ဟာ နည်းပြကြီး အာဆင်ဝင်းဂါး အရောင်တင်ပေးခဲ့တဲ့ လူငယ် ကြယ်ပွင့် တစ်ဦးလည်း ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ခုနှစ် ဘောလုံး ရာသီက စတင်ပြီး အာဆင်နယ် အသင်းကြီးမှာ စတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။

ဘယ်လာရင် ဟာ အခု နှစ်အစတုန်းက ချဲလ်ဆီး အသင်း နဲ့ ပွဲမှာ ရ ရှိ ခဲ့ တဲ့ ဘယ်ဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ရာသီကုန် အထိ လက် ကျန် ပွဲ စဉ် အား လုံး ကို လွဲ ချော် ခဲ့ပြီး ၊ ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမှသာ ပြန်လည် ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

ဘယ်လာရင် ရဲ့ အေးဂျင့် ဖြစ်သူက Sky Sports Italia နဲ့ အင်တာဗျူးမှာ ” အခု လက်ရှိ အချိန်မှာတော့ ဘယ်လာရင် အနေနဲ့ အသင်းအတွက်ပဲ အာရုံ စိုက်နေပါတယ် ။ ဆိုးရွားတဲ့ ဒဏ်ရာကနေ လွန်မြောက်လာပြီးတဲ့ အခါမှာတော့ သူ့အနေနဲ့ ပုံမှန် ခြေစွမ်းပြန်ရအောင် လုပ်ဆောင် နေပါတယ် ။ ”

” ဘယ်လာရင် ကလည်း အီတလီ ကို ကြိုက်နှစ်သက်ပြီး အီတလီ ကလပ် အသင်းတွေဆီကလည်း သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ် ၊ ဒါပေမယ့် ဘယ်အသင်းတွေလဲ ဆိုတာတော့ ကျနော် ပြောလို့ မရပါဘူး ။ ”

” ဘယ်လာရင် က အသင်း နဲ့ စာချုပ် သက်တမ်း အများကြီး ကျန်နေပါသေးတယ် ၊ နောက်ပြီး သူက အသင်းရဲ့ ဒုတိယ အသင်း ခေါင်းဆောင် ဖြစ်တာကြောင့် ခေါ်ဖို့တော့ လွယ်မှာ မဟုတ်ပါဘူး ၊ ဒီရာသီမှာ အသင်းရဲ့ အခြေအနေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် သွားရမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပိန် ညာနောက်ခံလူ ဟက်တာ ဘယ်လာရင် ကို ခေါ်ယူဖို့ စီရီးအေ ထိပ်သီး ကလပ် အသင်းတွေ ဖြစ်တဲ့ အေစီမီလန် ၊ ဂျူဗင်တပ်စ် ၊ နာပိုလီ တို့က စိတ်ဝင်စား နေကြတယ်လို့ သိရပါတယ် ။

SPORTS MYANMAR