စပိန် ကွင်းလယ်လူ ဆန်တီ ကာဇိုလာ ဟာ အာဆင်နယ် အသင်းမှာ ခြောက်နှစ်ကြာ ကစားခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ် ။ ဂန်းနားတို့ little magician လို့ ချစ်စနိုး ခေါ်ဝေါ် ခဲ့ကြတဲ့ ကာဇိုလာ ဟာ ယခုလက်ရှိ အချိန်မှာ စပိန် လာလီဂါ ကလပ် ဗီလာရီးရဲလ် အသင်းမှာ ကစားနေပါတယ် ။

ဂွန်းနားတို့ရဲ့ အချစ်တော် ဆန်တီ ကာဇိုလာ က Independent နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းနဲ့ ပတ်သက်တဲ့ အရာအားလုံးကို လွမ်းဆွတ် သတိရမိကြောင်း နဲ့ အနားမယူခင် အမ်းမရိတ်မှာ ကွင်းမှာ ဘောလုံး ကစားချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ကာဇိုလာက ” အာဆင်နယ် လို အသင်းမှာ ကစားနေတဲ့ အခါမှာ အသင်းကနေ မထွက်ခွာသေးသရွှေ့ အသင်းက ကိုယ့်အတွက် ဘယ်လောက် အထိ အဓိပ္ပာယ် ရှိသလဲ ဆိုတာ နားလည်မှာ မဟုတ်ပါဘူး ၊ ကျနော် သူတို့ကို(ပရိသတ်) သေသေချာချာ မနှုတ်ဆက် ခဲ့ရပါဘူး ။ ”

” အာဆင်နယ် က ကျနော် ကစားဖူးသမျှ အသင်းထဲမှာ အကြီးကျယ်ဆုံး အသင်းပါ ၊ အာဆင်နယ် နဲ့ ပတ်သက်တဲ့ အရာအားလုံးကို သတိရ လွမ်းဆွတ် မိပါတယ် ။ ကျနော် အဲ့ဒီမှာ ဘယ်လို အမွေအနှစ်တွေ ချန်ထားနိုင်ခဲ့သလဲ ဆိုတာ မသိပါဘူး ၊ ပရိသတ်တွေကို မေးကြည့်မှပဲ သိမှာပါ ။ ”

” ပရိသတ်တွေ အားလုံးကို ကျေးဇူးတင် စကားဆိုချင်ပါတယ် ၊ အနားမယူခင် တစ်ကြိမ်လောက် ဖြစ်ဖြစ် အမ်းမရိတ်ကွင်းကြီးထဲက ပရိသတ်တွေ ရှေ့မှောက်မှာ ဘောလုံး ကစားချင်ပါသေးတယ် ၊ အနားယူပြီးသွားရင် ဘာဆက်လုပ်ဖြစ်မလဲ ဆိုတာ ကျနော် ကိုယ်တိုင်လည်း မသိပါဘူး ။ ”

” နည်းပြလည်း ဖြစ်နိုင်သလို အားကစား ဒါရိုက်တာလည်း ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် အာဆင်နယ် ကို ပြန်လာချင်တော့ အသေအချာပါပဲ ၊ ကျနော် လန်ဒန်မှာ ခြောက်နှစ်ကြာ နေခဲ့ပါတယ် ၊ ကျနော့်သားကလည်း လန်ဒန်မှာ နေရတာ သဘောကျပါတယ် ၊ လာမယ့် အနာဂတ်မှာ အသင်းမှာ ကျနော့်ကို ပြန်မြင်တွေ့ရနိုင်ချေ ရှိပါတယ် ။ ” လို့ ဆိုပါတယ် ။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကာဇိုလာ ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ကစားသမား ဘဝကနေ အနားယူရမယ့် အခြေအနေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ ကာဇိုလာ ဟာ ဖနောင့်ကြော နဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် အာဆင်နယ် အသင်းအတွက် တစ်ရာသီလုံး မကစားပေးနိုင်ခဲ့သလို နှစ်ရာသီအတွင်း ပွဲပေါင်း ၁၀၀ ကျော် လွဲချော် ခဲ့ပါတယ် ။

ဆန်တီ ကာဇိုလာ ဟာ ဆိုးရွား ပြင်းထန် လွန်းလှတဲ့ ဖနောင့်ကြော ဒဏ်ရာကြောင့် နှစ်နှစ် နီးပါး အနားယူ ခဲ့ရပြီးခွဲစိတ်မှုတွေလည်း အကြိမ်ကြိမ် ပြု လုပ် ခဲ့ ရ ပါ တယ် ။ အာဆင်ဝင်းဂါး အသင်းကနေ ထွက်ခွာ သွားပြီးနောက်ပိုင်း အမ်မရီ နည်းပြ ဖြစ်လာတဲ့ အချိန်မှာတော့ ကာဇိုလာ ဟာ အသင်းဟောင်း ဗီလာရီးရဲလ် အသင်းကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဒါပေမယ့် ကာဇိုလာ ဟာ ဒဏ်ရာ ပြဿနာတွေကနေ ရုန်းထ နိုင်ခဲ့ပြီး ဗီလာရီးရဲလ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ စပိန် လက်ရွေးစင် အသင်းကြီးမှာပါ ပြန်လည် ရွေးချယ် ခံခဲ့ရပါတယ် ။

ကာဇိုလာ ဟာ အာဆင်နယ် အသင်းမှာ ပွဲပေါင်း ၁၈၀ ကျော် ပေးခဲ့ပြီး ၂၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄၅ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းနဲ့ အတူ အက်ဖ်အေ ဖလား နှစ်ကြိမ် ၊ ကွန်မြူ နဒီဒိုင်း နှစ်ကြိမ် ရယူနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR