ရုရှား သူဋ္ဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ် ဟာ လန်ဒန် မြို့ခံ ကလပ် ချယ်လ်ဆီး အသင်း ကို ၂၀၀၃ ခုနှစ် မှာ ဝယ်ယူခဲ့ပြီး ၄င်း ဝယ်ယူခဲ့တဲ့ ကာလ မှ အခု အချိန် အထိ နာမည်ကျော် ထိပ်တန်း ကစားသမားကောင်း များစွာ ရောက်ရှိ လာခဲ့သလို ၊ နာမည်မကြီးပဲ အသင်း အတွက် အကျိုးပြုခဲ့တဲ့ ကစားသမားကောင်း များစွာ ကိုလည်း ပိုင်ဆိုင် ခဲ့ဖူးပါတယ် ။ ဒါ့အပြင် ဆိုးရွားတဲ့ ကစားသမား ခေါ်ယူမှု များစွာလည်း ရှိခဲ့ပြီး အဲ့ဒီထဲက ၁၀ခု အကြောင်း ကို အခုလိုပဲ ဖော်ပြ ပေးလိုက်ရပါတယ် ။

၁ ။ မာကို မာရင် ( ဝါဒါ ဘရီမင် မှ ချယ်လ်ဆီး သို့ )

တချိန် က ဂျာမန် မက်ဆီ လို့ နာမည် ကြီးခဲ့ဖူးပြီး ရော်ဘတ်တို ဒီမတ်တီယို လက်ထက် ဝါဒါဘရီမင် ကနေ ပေါင် ရသန်း နဲ့ ခေါ်ယူခဲ့တဲ့ တောင်ပံ ကစားသမား မာကို မာရင် ဟာ ပရိသတ် တွေ ထင်သလောက် ခြေစွမ်းမပြ နိုင်ခဲ့တဲ့ အပြင် အငှား ၄ကြိမ် အချခံ ခဲ့ရပါတယ် ။ ဒါ့အပြင် မာရင် ဟာ ချယ်လ်ဆီး အသင်း နဲ့လည်း ပွဲကစားခွင့် ၆ပွဲသာ ရရှိခဲ့ပါတယ် ။ အငှားထွက် ကစားရမှာ တိုးတက်မှု မရှိခဲ့တာကြောင့် ၂၀၁၆ ခုနှစ် မှာ မာကို မာရင် ဟာ အိုလံပီယာကော့စ် အသင်း သို့ အပြီးသတ် ပြောင်းရွှေ့ ခဲ့ပါတယ် ။

အခုအခါ မှာတော့ မာရင် ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ရက်ဒ်စတား ဘဲလ်ဂရိတ် အသင်း ရဲ့ အဓိက ပွဲထွက် ကစားသမား တယောက် အနေနဲ့ ရပ်တည်လျက် ရှိနေပါတယ် ။ မာရင် ဟာ ချယ်လ်ဆီး က ထွက်ခွာလာရတာ ကို နောင်တ မရခဲ့ပေမယ့် ပွဲကစားခွင့် မရသည့်တိုင် ချယ်လ်ဆီး အသင်း ရဲ့ အနီးကပ် စောင့်ကြည့် ထိန်းကျောင်းပေးခဲ့တာ အတွက် ကျေးဇူးတင်တယ် လို့ ဆိုခဲ့ဖူးပါတယ် ။

၂ ။ ဒန်နီ ဒရင့်ခ်ဝါးတား ( လက်စတာ မှ ချယ်လ်ဆီး သို့ )

အန်တိုနီယို ကွန်တီ ရဲ့ ဒုတိယမြောက် ရာသီ မှာ ဒရင့်ခ်ဝါးတား ဟာ လက်စတာ ကနေ ချယ်လ်ဆီး ထံသို့ ပေါင် ၃၅ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့ပါတယ် ။ ကွန်တီ ရဲ့ ပထမ ရာသီ မှာ အန်ဂိုလို ကန်တေ ကို လက်စတာ ကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာ အကျိုးအမြတ် များစွာ ဖြစ်ပေါ်ခဲ့ပေမယ့် ကန်တေ ရဲ့ အသင်းဖော် ဒရင့်ခ်ဝါးတား ကတော့ ဆန့်ကျင်ဖက် အခြေအနေ တခု ကိုသာ ဖန်တီး နိုင်ခဲ့ပါတယ် ။

စရောက်တဲ့ နှစ်တနှစ်လုံးနီးပါး ဒဏ်ရာကြောင့် ကြံ့ခိုင်မှု အပြည့်အဝ မရနေခဲ့တဲ့ ဒရင့်ခ်ဝါးတား ဟာ ပြီးခဲ့တဲ့ ရာသီ မှာလည်း မော်ရစ်ဇီယို ဆာရီ ရဲ့ အကြိုက် ကစားသမား မဖြစ်ခဲ့တာကြောင့် တပွဲ မှ ကစားခွင့် မရခဲ့တဲ့ အထိ အခြေအနေ ဆိုးရွား ခဲ့ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာတော့ ဘန်လေ သို့ အငှား ထွက်ကစား ခဲ့ပေမယ့် ဒရင့်ခ်ဝါးတာ ဟာ ဒဏ်ရာ ပြဿနာ တချို့ ရှိနေခဲ့သလို ၊ ကလပ် ပြင်ပ ပြဿနာ တချို့ကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဘန်လေ ဖက်က ၄င်းကို အငှား စာချုပ် ဖျက်သိမ်းဖို့ ရှိနေပါတယ် ။

၃ ။ အေဒရီယန် မူတူး ( ပါးမား မှ ချယ်လ်ဆီး သို့ )

တချိန် က နာမည်ကျော် တိုက်စစ်မှူး တဦး ဖြစ်ခဲ့ဖူးတဲ့ မူတူး ဟာ ၂၀၀၃ ခုနှစ် မှာ စီးရီးအေ ကလပ် ပါးမား အသင်း ကနေ ချယ်လ်ဆီး အသင်း သို့ ပေါင် ၁၅.၈ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့ကာ ၊ ၅နှစ် စာချုပ် ချုပ်ဆို ခဲ့ပါတယ် ။ ယင်း ရိုမေးနီးယား တိုက်စစ်မှူး ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ အဖွင့် ကတော့ လှပခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပြီး စကစားခွင့် ရခဲ့တဲ့ လက်စတာ နဲ့ ပွဲမှာပဲ အသင်း အတွက် ပထမဆုံး သွင်းဂိုး ကို ရယူ နိုင်ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ၄င်းရဲ့ ကစားသမား ဘဝ အကျဖက် ကို အဓိက ရောက်ရှိ စေခဲ့တဲ့ အခိုက်အတန့် နဲ့ ရင်ဆိုင် ခဲ့ရပြီး ကိုးကိန်း သုံးစွဲမှု တွေ့ရှိခဲ့တာကြောင့် ရလ အထိ ဘောလုံး ကစားခြင်း မှ အပိတ်ခံခဲ့ရသလို ၊ မန်နေဂျာ ဖြစ်သူ ဟိုဆေး မော်ရင်ဟို နဲ့လည်း ကတောက်ကဆ တွေ ဖြစ်ခဲ့ပါတယ် ။ အဲ့ဒီနောက် မှာ မူတူး ဟာ ဂျူဗင်တပ် အသင်း သို့ ပြောင်းရွှေ့ ခဲ့ပေမယ့် ချယ်လ်ဆီး အသင်း မှာ စာချုပ် အချက်အလက် ဖောက်ဖျက်ခဲ့မှု ကြောင့် ပေါင် ၁၅ သန်း လျော်ကြေး ပေးဆောင် ခဲ့ရပါတယ် ။

၄ ။ ဖရန်ကို ဒီဆန်တို ( အော်ဒက်စ် အီတာလီယာနို မှ ချယ်လ်ဆီး သို့ )

ဒီ အာဂျင်တိုင်းသား ကတော့ ချယ်လ်ဆီး ကို မရောက်ရှိလာခင် က နာမည်ပြောင် တွေ ၊ ထိပ်တန်း တိုက်စစ်မှူး တွေရဲ့ လက်သစ် ဖြစ်လာမယ့်သူ လို့ ကျော်ကြား ခဲ့ပါတယ် ။ ဒီ နာမည်ပြောင် တွေကပဲ ၄င်းရဲ့ ကစားသမား ဘဝ အရှိန်အဟုန် တွေကို ကျဆင်း စေခဲ့တာ ဖြစ်ပါတယ် ။ ဒီဆန်တို ဟာ ချယ်လ်ဆီး အသင်း ကို ၂၀၀၈ ခုနှစ်မှာ ချီလီ ကလပ် အော်ဒက်စ် အီတာလီယာနို အသင်း ကနေ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး အဲ့ဒီတုန်း က ခရက်စပို အငယ်စား အဖြစ် နာမည်ကြီး ခဲ့ပါတယ် ။

အဲ့ဒီနောက် ချယ်လ်ဆီး ကို ပြောင်းရွှေ့ လာခဲ့တဲ့ အခါမှာလည်း ဒီဆန်တို ဟာ အများက မှားယွင်း နာမည်တပ်မှု ဖြစ်တဲ့ မာရာဒိုနာ လက်သစ် အဖြစ် အခေါ်ခံခဲ့ရကာ ဒီနာမည် ရဲ့ ဖိအားဒဏ် ပိခဲ့ရပါတယ် ။ ချယ်လ်ဆီး အတွက် ၁၆ပွဲ ကစားခဲ့ရာ တဂိုးမှ မသွင်းနိုင်ခဲ့သလို ၊ ဝီဂန် သို့ အပြီးသတ် မပြောင်းရွှေ့ခင် ဘလက်ဘန်း မှာ တရာသီ အငှား ကစားခဲ့ရပါတယ် ။ အဲ့ဒီနောက် ဘွန်ဒက်စ်လီဂါ သို့ ပြောင်းရွှေ့ ခဲ့ကာ ၊ အခုအခါ မှာတော့ ဒီဆန်တို ဟာ တောင်အမေရိက မှာ ပြန်ပြီး အခြေချ လျက်ရှိပါတယ် ။
၅ ။ ဂေးလ် ကာကူတာ ( လန်းစ် မှ ချယ်လ်ဆီး သို့ )

၂၀၀၇ ခုနှစ် မှာ လန်းစ် ကနေ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာခဲ့တဲ့ ကွန်ဂို နွယ်ဖွား ပြင်သစ် လူမျိုး တောင်ပံ ကစားသမား ဂေးလ် ကာကူတာ ဟာ လန်းစ် အသင်း ကနေ ချယ်လ်ဆီး သို့ လူငယ် ကစားသမား တယောက် အနေနဲ့ ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း စာချုပ်ပါ အချက်အလက် တချို့ ကို ချိုးဖောက် ခဲ့တာကြောင့် ကစားခွင့် အပိတ်ခံ ခဲ့ရသလို ၊ ဒဏ်ကြေး လည်း ပေးဆောင် ခဲ့ရပါတယ် ။

ကစားခွင့် ရတဲ့ အချိန် မှာ မိုက်ကယ် ဘောလက် နဲ့ အတူ ပွဲထွက်ခွင့် တကြိမ် ရခဲ့ကာ ၊ ဘောလက် ကိုယ်တိုင် က ကာကူတာ ဟာ ရဲရဲတောက် ကြယ်ပွင့် တဦး ဖြစ်တယ် လို့ ချီးကျူး ခဲ့ဖူးပါတယ် ။ အဲ့ဒီနောက် မှာတော့ ကာကူတာ ဟာ ချယ်လ်ဆီး ဖက်က ထင်ထားသလို တိုးတက်မှု တွေ မရှိခဲ့တာကြောင်း ထုံးစံ အတိုင်း အငှား သံသရာ ထဲ ပါခဲ့ရကာ ၆ကြိမ် တိုင်တိုင် အငှားချခံ ခဲ့ရပါတယ် ။

ပရီးမီးယားလိဂ် မှာလည်း ၆ကြိမ်သာ ကစားခွင့် ရခဲ့တဲ့ ကာကူတာ ဟာ အငှား ၆ကြိမ် ကစားပြီးနောက် ချယ်လ်ဆီး ကနေ အထုတ် ခံခဲ့ရပြီး ၊ ဆီဗီလာ အသင်း သို့ ပြောင်းရွှေ့ ကစားခဲ့ပါတယ် ။ ချယ်လ်ဆီး ကနေ ထွက်ခွာခဲ့ပြီးနောက် မှာ ကာကူတာ ဟာ ကလပ် ၅သင်းလောက် ကို ပြောင်းရွှေ့ ခဲ့ပြီး အခုအခါ မှာတော့ လီဂူးဝမ်း ကလပ် အေမီယန်စ် အသင်း မှာ ပွဲထွက် ကစားသမား တယောက် အနေနဲ့ ကစားနေပါတယ် ။

၆ ။ ပတ်ပီ ဂျီလိုဘော်ဂျီ ( နန့်တက်စ် မှ ချယ်လ်ဆီး သို့ )

၂၀၁၅ နွေရာသီ အပြောင်းအရွှေ့ မှာ ပြင်သစ် လီဂူးဝမ်း ကလပ် နန့်တက်စ် ကနေ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာခဲ့တဲ့ ဆီနီဂေါ ခံစစ်မှူး ဂျီလိုဘော်ဂျီ ဟာ စရောက်ရောက်ချင်း နှစ်မှာ ချယ်လ်ဆီး အတွက် ဝါဆောလ် အသင်း ကို အနိုင်ရခဲ့တဲ့ လိဂ်ဖလား ပွဲစဉ် တပွဲ မှာ လူစားဝင်ခွင့် တကြိမ် သာ ရခဲ့ပါတယ် ။ အဲ့ဒီနောက် ဝါဒါဘရီမင် ကို အငှား နဲ့ ထွက်ခွာ ခဲ့ကာ ၊ နောက်တရာသီ မှာတော့ ဆန်းဒါးလန်း သို့ ပြောင်းရွှေ့ ခဲ့တဲ့ ဂျီလိုဘော်ဂျီ ဟာ ဟာသ ဆန်လွန်းတဲ့ ခံစစ် အမှား များစွာ ကြောင့် နာမည် ပျက်ခဲ့ရပါတယ် ။

၇ ။ အေဆီယာ ဒယ်လ်ဟော်နို ( ဘီလ်ဘာအို မှ ချယ်လ်ဆီး သို့ )

တော့တင်ဟမ် ကို အဝေးကွင်း မှာ သွင်းဂိုး တဂိုး သွင်းနိုင်ခဲ့ပြီး ၊ ပရီးမီးယားလိဂ် ချန်ပီယံ ဆုတံဆိပ် ကို ရယူကာ စတမ်းဖို့ဒ် ဘရစ်ချ် က ထွက်ခွာ ခဲ့တဲ့ စပိန် ဘယ်နောက်ခံလူ ဒယ်လ်ဟော်နို နဲ့ ပတ်သက်ပြီး အများက မှတ်မိ ကြမှာက ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာ လီယွန်နယ် မက်ဆီ ကို လျှောထိုး ဖျက်ထုတ်ခဲ့လို့ အနီကတ် နဲ့ အထုတ်ခံ ခဲ့ရတဲ့ အခိုက်အတန့် ပဲ ဖြစ်ပါလိမ့်မယ် ။

သူ အထုတ်ခံ ခဲ့ရတာကြောင့် ချယ်လ်ဆီး အသင်း လည်း ချန်ပီယံလိဂ် ကနေ စောစောစီးစီး ထွက်ခွာ ခဲ့ရကာ ၊ အများ ရဲ့ ပြစ်တင် ဝေဖန်ခြင်း ကို ခံခဲ့ ရပါတယ် ။ ချယ်လ်ဆီး မှာ တရာသီ သာ ကစားခဲ့ပြီး နောက်တနှစ် မှာပဲ ဗလင်စီယာ အသင်း သို့ ရောင်းချ ခံခဲ့ရပါတယ် ။

၈ ။ မာတီဂျာ ကတ်ဇ်မန်း ( ပီအက်စ်ဗွီ မှ ချယ်လ်ဆီး သို့ )

ပီအက်စ်ဗွီ အသင်း မှာ ဂိုး ၁၀၀ ကျော် သွင်းယူပြီး ခြေစွမ်း ပြနိုင် ခဲ့တာကြောင့် ယင်း ဆားဘီယန်း တိုက်စစ်မှူး ဟာ ချယ်လ်ဆီး ကို ရောက်လာတဲ့ အခါ ပရိသတ် တွေရဲ့ အများကြီး မျှော်လင့် အားကိုးခြင်း ကို ခံခဲ့ရပေမယ့် ချယ်လ်ဆီး အတွက် တရာသီ သာ ကစား ပေးခဲ့ပြီး သွင်းဂိုး ၄ဂိုးတည်း ရရှိခဲ့ပါတယ် ။ အဲ့ဒီနောက် ကတ်ဇ်မန်း ဟာ အက်သလက်တီကို အသင်း သို့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

၂၀၁၁ ခုနှစ် ၊ Sky Sports နဲ့ အင်တာဗျူး မှာတော့ ကတ်ဇ်မန်း က ချယ်လ်ဆီး အသင်း ဆီကို ပြောင်းရွှေ့ လာခဲ့တာ သူ့ ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး ၊ အထွတ်အထိပ် အောင်မြင်မှု ကို ရရှိခဲ့တာ ဖြစ်ကြောင်း ၊ လန်ဒန် မှာ နေထိုင်ရတာ သူ့ အတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ အခိုက်အတန့် ဖြစ်ကြောင်း နဲ့ ချယ်လ်ဆီး မှာ လာကစား ရတာ သူ့ ဘဝ အတွက် အကောင်းဆုံး အရာ တွေထဲက တခု ဖြစ်ကြောင်း ဆိုခဲ့ဖူးပါတယ် ။

၉ ။ အန်ဒရေ ရှက်ဗ်ချန်ကို ( အေစီမီလန် မှ ချယ်လ်ဆီး သို့ )

ထိုစဉ် ထိုအခါ က ရှက်ဗ်ချန်ကို ဟာ ဥရောပ ထိပ်တန်း ဂိုးသွင်းစက် တခု အဖြစ် နာမည်ကြီး ခဲ့ကာ ၊ ချယ်လ်ဆီး အသင်း ဟာ ယင်း ယူကရိန်း တိုက်စစ်မှူး ကို ပေါင်သန်း ၃၀ အထိ စံချိန်တင် ပေးကာ ခေါ်ယူခဲ့ပါတယ် ။ ဒီ စံချိန်တင် ပြောင်းရွှေ့ကြေး ကြောင့်ပဲ ရှက်ဗ်ချန်ကို လည်း အတော်လေး ရုန်းကန် ခဲ့ရကာ ၊ ဦးစားပေး တိုက်စစ်မှူး လုံးဝ မဖြစ်ခဲ့ရပါဘူး ။

လူးဝစ် စကိုလာရီ ချယ်လ်ဆီး ကို ကိုင်တွယ်တဲ့ အချိန် မှာ နည်းပြ ကို်ယ်တိုင် အလိုမရှိခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ခဲ့တာကြောင့် ထို ရာသီ မှာပဲ အေစီမီလန် သို့ အငှား ပြန်ကစား ခဲ့ပါတယ် ။ ရှက်ဗ်ချန်ကို ဟာ ချယ်လ်ဆီး အသင်း မှာ ၄၈ပွဲ ကစား ၊ သွင်းဂိုး ၉ဂိုးသာ ရရှိခဲ့ပါတယ် ။

 

၁၀ ။ ခါလစ် ဘူလာရုဇ် ( ဟမ်းဘတ် မှ ချယ်လ်ဆီး သို့ )

ချယ်လ်ဆီး မှာ ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစားခဲ့လို့ နာမည်ကြီး ခဲ့တဲ့ နယ်သာလန် ခံစစ်မှူး ဘူလာရုဇ် ဟာ ၂၀၀၆ သြဂုတ် မှာ ဟမ်းဘတ် ကနေ ချယ်လ်ဆီး အသင်း ကို ပေါင် ၈.၅ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ဘူလာရုဇ် ဟာ တယ်ရီ ၊ ကာဗယ်လ်ဟို တို့ကို ကျော်ဖြတ်ပြီး ချယ်လ်ဆီး အသင်း ရဲ့ ပွဲထွက် ခံစစ်မှူး နေရာ ကို မရရှိခဲ့ပါဘူး ။ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားသာ ကစားခွင့် ရခဲ့ကာ ၊ ဆီဗီလာ သို့ အငှား ထွက်ခဲ့ ရပါတယ် ။ နောက် ၂ရာသီ အကြာမှာတော့ ဘူလာရုဇ် ဟာ ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ် သို့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

SPORTS MYANMAR