အန်ဖီးကို လာကစား ရမယ့် ပွဲစဉ် မတိုင်မီ ၂ ပတ်လောက် အလိုမှာ လီဗာပူး ရဲ့ လာမည့် ချန်ပီယံလိဂ် ပြိုင်ဘက် နာပိုလီ အသင်းရဲ့ လက်ရှိ အသင်းတွင်း အခြေအနေဟာ ကသောင်းကနင်း ဖြစ်နေဟန် ရှိပြီး ကလပ်ရဲ့ ပိုင်ရှင် ဖြစ်သူဟာ အဝတ်လဲခန်း အတွင်း ပုန်ကန်မှု ပြီးနောက် တစ်သင်းလုံး ရောင်းချ သွားမယ်လို့ ခြိမ်းခြောက်မှု လုပ်ခဲ့တယ်လို့ သိရ ပါတယ်။

ယာဂန်ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က မက်ဒရစ် မှာ တော့တင်ဟမ် ဟော့စပါး အသင်းကို ၂-၀ နဲ့ အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့ ပြီးနောက် ဒီရာသီ ချန်ပီယံဆု အတွက် ပထမဦးဆုံး ကာကွယ် ရတဲ့ ပွဲစဉ်မှာ နာပိုလီ အသင်းကို ဆန်အိုပေါ်လို မှာ ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။ နာပိုလီ အသင်းဟာ လက်ရှှိ အချိန်မှာ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယား မှာလည်း အဆင့် ၇ နေရာထိ ရောက်သွား ခဲ့ပြီး ထိပ်ဆုံးက ဂျူဗင်တပ် အသင်းနဲ့ ၁၃ မှတ်တောင် ကွာသ သွားခဲ့ ပါတယ်။

ဒါပေမယ့် နာပိုလီ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာတော့ နောက်တဆင့် တက်ရောက် နိုင်ဖို့ အတွက် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပြီး အုပ်စု E ရဲ့ လေးပွဲ ကစား ထားပြီး ချိန်မှာ ထိပ်ဆုံးက လီဗာပူးရဲ့ အောက် တစ်မှတ် အကွာမှာ ရှိနေကာ တတိယ နေရာက ဆဲဘတ် နဲ့ ၄ မှတ် အကွာမှာ ရှိနေ ခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံး ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ရက်ဘူးဆဲဘတ် နဲ့ အိမ်ကွင်းမှာ ၁ ဂိုးစီ သရေကျ ခဲ့ပြီးနောက် ဥက္ကဋ္ဌ ဖြစ်သူ အော်ရယ်လီယို ဒီလော်ရန်တစ်က ချက်ချင်း ဆိုသလို training camp ကို စီစဉ် လုပ်ဆောင် ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီလို အတင်းအကျပ် လုပ်ဆောင်မှုကို ပုန်ကန်တဲ့ အနေနဲ့ နာပိုလီ ကစားသမား တွေဟာ ဒီ အပို လေ့ကျင့်မှု အစီအစဉ် ကို report မလုပ် ခဲ့ကြဘဲ ဒါဟာ ကစားသမား တွေနဲ့ လော်ရန်တစ် တို့ကြား တင်းမာမှုတွေ ဖြစ်သွား စေခဲ့ပြီး လက်ရှိ မှာတော့ နာပိုလီ ဥက္ကဋ္ဌ ဖြစ်သူဟာ အသင်းသား တွေကို လစာ ဖြတ်တောက်မှုတွေ လုပ်သွားမယ်လို့ စဉ်းစား နေတဲ့ အပြင် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ မှာလည်း သူ့ကြယ်ပွင့် အချို့ကို လက်လွှတ် သွားဖို့ ရည်ရွယ် နေပါတယ်။

ထွက်ပေါ် နေတဲ့ သတင်းများ အရ လက်ရှိ အချိန်မှာ လော်ရန်တစ်ဟာ အသင်းသား အားလုံးကို ရောင်းချ သွားဖို့ ဆန္ဒ ရှိတယ်လို့ သိရကာ အီတလီ ရုပ်ရှင် ထုတ်လုပ်သူ အဖြစ်လည်း ကျော်ကြားသူ ဖြစ်တဲ့ အသက် ၇၀ နှစ် အရွယ် ဥက္ကဋ္ဌ အနေနဲ့ ဒီကိစ္စ ကို စိတ်အလို မလိုက်ဘဲ အချိန်ယူကာ စဉ်းစား ဆုံးဖြတ် သွားရမယ် ဆိုတာ ၎င်းကိုယ်တိုင် ကောင်းကောင်း သိနေ မှာပါ။

Gazzetta dello Sport ရဲ့ ဖော်ပြချက် အရ ဒရီးစ်မာတန်စ်ဟာ လာမည့် နှစ်သစ်မှာ ကလပ် အသင်း ကနေ ထွက်ခွာခွင့် ပြုမယ့် ကစားသမား တွေထဲက တစ်ဦး ဖြစ်တယ်လို့ သိရပြီး အင်တာမီလန် အသင်းဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့ အပြင် ဇန်နဝါရီ မှာ နေပယ်ကို စွန့်ခွာ လိုနေတဲ့ ဘယ်ဂျီယံ စတားကို ခေါ်ယူရန် စိတ်အား ထက်သန် နေပါတယ်။

Daily Mail ရဲ့ ဖော်ပြချက် အရ တောင်ပံ ကစားသမား ဟိုဆေး ကယ်လီဟွန် ကလည်း ထွက်ခွာမယ့် အရိပ်အယောင်တွေ ပြသ နေပြီး ၎င်းကို တရုတ် စူပါလိဂ် ကလပ်တွေဟာ မြင့်မားလှတဲ့ လစာငွေ ပေးချေကာ ခေါ်ယူ သားဖို့ စိတ်ဝင်စား နေကြ ပါတယ်။ အသင်း ခေါင်းဆောင် လော်ရန်ဇို အင်ဆစ်နီ ကလည်း လာမည့် နွေရာသီ မှာ ကလပ် ကနေ ထွက်ခွာ သွားဖို့ ရှိနေကာ ပရီးမီးယားလိဂ် ကလပ် တွေရဲ့ ကာလရှည် စိတ်ဝင်စားမှုကို ရရှိ ထားတဲ့ နောက်ခံလူ ကာလီဒူ ကူလီဘာလီ ကိုလည်း ဥက္ကဋ္ဌ ဘက်က စျေးကောင်း ရရင် ရောင်းသွားဖို့ အသင့် ဖြစ်နေ ပါတယ်။

SM