ဘရာဇီးလ်နိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၉ကိုပါအမေရိကဖလားပြိုင်ပွဲကြီး ဟာ မနက်ဖြန်နံနက်အစောမှာ ကစားမယ့် ဗိုလ်လုပွဲစဉ်နဲ့ အတူ အဆုံးသတ်တော့မှာလည်းဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ရင်ဆိုင်သွားဖို့ရှိနေတဲ့ အသင်းတွေကတော့ ဘရာဇီးလ် နဲ့ ပီရူးတို့ ပဲဖြစ်ပါတယ်။ဘရာဇီးလ် အသင်းဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ဒေသတွင်းမဟာပြိုင်ဘက် အာဂျင်တီးနားအသင်း ကို ၂-၀ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပြီး ပီရူး အသင်းကလည်း လက်ရှိ ၂ကြိမ်ဆက် ချန်ပီယံ ချီလီအသင်းကို ၃-၀ ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူပြီး ဖိုင်နယ်ကို တက်လှမ်းလာတာဖြစ်ပါတယ်။ဘရာဇီးလ် အသင်းဟာ သူတို့ရဲ့ အဓိက ကစားသမား လို့ဆိုရမယ့် PSG တိုက်စစ်မှူး နေမာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် အခုနှစ်ကိုပါအမေရိကဖလားမှာ အံ့မခန်းပုံစံမျိုးကိုပြသနေခဲ့တာဖြစ်ပါတယ်။တိုက်စစ်က ၁၀ ဂိုးအထိရရှိထားပြီး ခံစစ်က လည်း အခုထိပေးဂိုးမရှိထားသေးတာဖြစ်ပါတယ်။
(ပါရာဂွေးနဲ့ ကွာတားဖိုင်နယ်မှာတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရ )

နေမာ ပါဝင်လာနိုင်ခြင်း မရှိပေမယ့် ဖာမီနို နဲ့ ဂျေးဆု တို့က အတွဲညီညီ ခြေစွမ်းပြနေပြီး အာဂျင်တီးနားနဲ့ ပွဲမှာ အပြန်အလှန် ဂိုးဖန်တီးပေးမှု တွေ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။အခုလိုအစစအရာအကောင်းဘက်ကို ဦးတည်နေပေမယ့် နည်းပြကြီးတီတေးကတော့ ဘရာဇီးလ်အသင်းနဲ့ အနာဂတ်တည်ငြိမ်မှု မရှိသေးဘူးလို့သိရပါတယ်။တီတေးဟာ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ရဲ့ အားပေးထောက်ခံမှုရနေတာဖြစ်ပေမယ့် တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ဆွေးနွေးမှု အချို့ရှိထားတယ်လို့သတင်းတွေကဆိုပါတယ်။ကွင်းလယ်လူတဦးဖြစ်တဲ့ကေ့စ်မီယိုကတော့ တီတေးကို ဘရာဇီးလ် အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ဆိုပါတယ်။

ကေ့စ်မီယိုက အင်တာဗျူးတခုမှာ -” သူဟာ ပြည်တွင်း နဲ့ နိုင်ငံတကာဆုဖလားတွေ အများအပြား ဆွတ်ခူးထားခဲ့ဖူးတဲ့ သူတယောက်ဖြစ်ပါတယ်။ဘရာဇီးလ် အသင်းနည်းပြအဖြစ်လည်း ၃နှစ်လောက် ရှိနေခဲ့ပြီးပြီဖြစ်ပြီး ပွဲတွေရဲ့၈၀ရာခိုင်နှုန်းကျော်ကျော်အနိုင်ရအောင်စွမ်းဆောင်ပေးထားပါတယ်။(အမှန်တကယ်နိုင်ပွဲရာခိုင်နှုန်း ၇၈.၀၅ %)ဒါကြောင့် လည်း သူဟာကျွန်တော်တို့ကိုစိတ်ပိုင်းဆိုင်ရာ တောင့်တင်းသန်မာစေဖို့ အတွက်ဖြစ်စေပြီး မတည်မငြိမ်မနေအထားကို တော့ မဖြစ်စေပါဘူး။သူဟာအသင်းကို စုစည်းမှုကောင်းအောင်လုပ်ပေးတဲ့နေရာ နဲ့ ပြိုင်ဘက်ရဲ့ထောင်ချောက်ထဲ မကျအောင်သင်ပေးတဲ့ နေရာမှာထူးချွန်ပြောင်မြောက်ပါတယ်” လို့ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။

>>> ၁၂နှစ်ကြာ ဆုဖလားလက်မဲ့အနေအထားကို ဘရာဇီးလ်တို့ ချေဖြတ်နိုင်မှာလား ?

၂၀၀၇ ခုနှစ်က ကျင်းပခဲ့တဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲ ဖိုင်နယ် ပွဲစဉ်မှာ ဘရာဇီးလ် အသင်းက အာဂျင်တီးနား အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ဘရာဇီးလ်တို့ဟာ ကွန်ဖက်ဒရေးရှင်းဖလား၊ ကမ္ဘာ့ဖလား ၊ ကိုပါအမေရိက ဖလား အစရှိတဲ့နိုင်ငံတကာ ပြိုင်ပွဲစုံမှာ ဆုဖလားလက်မဲ့ အခြေအနေကိုဖြတ်သန်းထားခဲ့ရတာဖြစ်ပါတယ်။လက်ရှိ ကိုပါအမေရိကဖလားပြိုင်ပွဲကတော့ သူတို့ရဲ့ အဆိုပါမှတ်တမ်းဆိုးကို ရပ်တန့်နိုင်ဖို့ အခွင့်အရေးကောင်းအဖြစ် ရှိနေတာလည်းဖြစ်ပါတယ်။ဖိုင်နယ်မှာရင်ဆိုင်ရမယ့် ပီရူးအသင်းဟာ အုပ်စုတွင်းမှာ သူတို့နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ၅ဂိုးပြတ် ချေမှုန်းထားခဲ့ဖူးတာဖြစ်ပါတယ်။ဒါကြောင့် လည်းအိမ်ရှင်ပရိသတ်တွေရဲ့ ရှေ့မှာ ဘရာဇီးလ် အသင်းက အစစအရာအသာရဖို့ရှိနေတာဖြစ်ပါတယ်။

>>>Giant Killer အဖြစ်ဆက်လုပ်ပြနိုင်ဦးမှာလား ပီရူးအသင်း ?

ကိုပါအမေရိကဖလားသမိုင်းမှာ ချန်ပီယံ ဆု ၂ကြိမ်ရခဲ့ဖူးတဲ့ ပီရူးအသင်းဟာ၁၉၇၅ နောက်ပိုင်းဖိုင်နယ်ကိုပထမဆုံးအဖြစ်ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။အုပ်စုတွင်းမှာ ဘရာဇီးလ်နဲ့ တွေ့ဆုံစဉ်က ရလဒ်ကြောင့်တော့ လာမ်ယ့်ပွဲမှာ အများကြီး မျှော်လင့်လို့တော့ရမှာမဟုတ်တာသေချာပါတယ်။ဒါပေမယ့် ဘရာဇီးလ်ကို ၅ဂိုးပြတ် အရေးနိမ့်ခဲ့ တဲ့ အဆိုပါပွဲစဉ်အပြီးမှာတော့ ပီရူးတို့ ပေးဂိုးမရှိတော့တာဖြစ်ပါတယ်။ကွားတားဖိုင်နယ်အဖြစ် ဥရုဂွေးနဲ့ရင်ဆိုင်ရာမှာ ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီမှာအနိုင်ရခဲ့ပါတယ်။ဆီမီးဖိုင်နယ်မှာလည်း လက်ရှိ ချန်ပီယံ ချီလီကို ၃-၀ ဂိုးနဲ့ချေမှုန်းထားခဲ့ လို့လျှော့တွက်လို့တော့မရတာဖြစ်ပါတယ်။

ဘရာဇီးလ်နဲ့ ပွဲအပေါ် ပီရူးနည်းပြကြီးဂါရီကာက – ” ဖိုင်နယ်အဆင့်ကိုရောက်လာပြီးရင်တော့ ဗိုလ်စွဲဖို့ ကြိုးစားရမှာကလွဲရင် တခြားလုပ်စရာမရှိပါဘူး။ဒီအဆင့်ကို ရောက်လာတာဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ဖြစ်ပါတယ်။ကျွန်တော့်အသင်းဟာ အခက်အခဲတွေကို ကျော်လွန်နိုင်စွမ်းရှိကြပါတယ်။အကောင်းဆုံးတွေလုပ်ဆောင်နိုင်တဲ့ ကစားသမားတွေလည်းရှိထားတာဖြစ်ပြီး အခုဆို အသင်းဟာအမြင့်မားဆုံး အနေအထားကိုရောက်နေပါပြီ။ဗိုလ်လုပွဲကိုရောက်ချင်တဲ့ အချိန်ကိုရွေးခွင့်ရမယ်ဆိုရင်လည်းလက်ရှိအချိန်ကိုပဲရွေးမှာဖြစ်ပါတယ်။ဘရာဇီးလ်နဲ့ရင်ဆိုင်ရမှာမလွယ်ပေမယ့် ကိုယ့်ရဲ့ပုံစံအတိုင်းကစားသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။

>>> နှစ်ဖက်အသင်းတွေရဲ့ နောက်ဆုံးအခြေအနေ

ဘရာဇီးလ်နည်းပြကြီး တီတေးဟာ အာဂျင်နဲ့ ပွဲက လူစာရင်းအတိုင်းနီးပါး ကိုပဲ ပွဲထုတ်လာဖို့ရှိနေပြီး ဖိလစ်ပီလူးဝစ်နဲ့ ဆန်ဒရို ကိုပဲ အပြောင်းအလဲလုပ်လာဖွယ်ရှိနေပါတယ်။ဝီလီယံ ကတံကောက်ကြောဒဏ်ရာကြောင့် ပါနိုင်ဖို့မရှိသလို ရစ်ချက်လီဆင်က လည်း ပါးချိတ်ရောင်နာခံစားနေရပါတယ်။ဖာနန်ဒင်ဟိုကလည်း ဒဏ်ရာရှိနေပြီး ၊ ဂိုးသမားအယ်လီဆင်ကတော့ နောက်ကျောဒဏ်ရာရှိနေပေမယ့်ပါဝင်လာဖို့အများနေပါတယ်။တိုက်စစ်မှာ ဖာမီနို၊ ဂျေးဆု၊ ကော်တင်ဟို၊ အဲဗာတန် အတွဲကိုဆက်ပြီး ပွဲထုတ်လာဖို့ရှိနေပါတယ်။ပီရူးအသင်းကတော့ အခုပြိုင်ပွဲအစပိုင်းမှာ ဒူးဒဏ်ရာကြုံတွေ့ခဲ့တဲ့ ဖာဖန် ကလွဲပြီး ဒဏ်ရာပြသနာကင်းနေပါတယ်။ဒါကြောင့်လည်းချီလီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်းထပ်မံ ပွဲထွက်လာဖို့များနေပါတယ်။

SM