ယမန်နေ့ ညပိုင်းမှာ ကစားသွားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ် မှာ အာဂျင်တီးနား အသင်းက ဘရာဇီးလ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အာဂျင်တီးနားအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားမက်ဆီဟာပွဲပယ်ပြစ်ဒဏ်အပြီးပထမဆုံးအဖြစ်ပြန်လည်ပါဝင်လာခဲ့ပြီး တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ကိုပါအမေရိကဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံထားခဲ့သေးတာဖြစ်ပြီး အိမ်ရှင်ဘရာဇီးလ်အသင်းက ၂-၀ ဂိုးနဲ့ ကျော်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းအနေနဲ့ အဆိုပါရှံးပွဲကိုပြန်ပြီး လက်စားချေလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ ကိုပါအမေရိက ဖလားပြိုင်ပွဲ ဖိုင်နယ်မှာ ပီရူး အသင်းကို အနိုင်ရဗိုလ်စွဲထားခဲ့ပေမယ့် အဲ့ဒီနောက် ကစားခဲ့တဲ့နိုင်ငံတကာပွဲစဉ် ၅ပွဲဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး သရေပွဲ၃ပွဲ ၊ ရှုံးပွဲ ၂ပွဲကြံုတွေ့ထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘရာဇီးလ်နည်းပြကြီး တီတေးက သူတို့အသင်းဟာ ဖိအား တွေ အောက်ကိုရောက်နေပြီ လို့ ဝန်ခံသွားခဲ့ပြီး ကောင်းမွန်တဲ့ ရလဒ်တွေ မဖြစ်မနေပြန်ရဖို့ လိုအပ်နေပြီလို့ သတိပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ မက်ဆီဟာ ပင်နယ်တီကန်သွင်းမှုကို အယ်လီဆင်က ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကိုမက်ဆီကပဲ ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် အစောပိုင်းမှာ ဘရာဇီးလ်အသင်း က ပင်နယ်တီအခွင့်အရေး အရင်ရခဲ့ပေမယ့် ဂျေးဆုက အသုံးမချနိုင်ခဲ့လို့ ဘရာဇီးလ်အသင်း ရလဒ်ကောင်းနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။ပွဲအပြီး မီဒီယာတွေ့ဆုံ ပွဲမှာတော့ နည်းပြကြီးတီတေးက –

” ရလဒ်ကောင်းတွေရဖို့ အတွက် လိုအပ်ချက် တခုခုတော့ရှိနေပါပြီ။လတ်တလောအချိန်ဟာ ဖိအားတွေ ကြံုတွေ့နေရချိန်ဖြစ်ပြီး အခုပွဲလည်းအပါအဝင်ဖြစ်ပါတယ်။ပွဲကို ကျွန်တော်တို့ဂရုစိုက်ပြီး ကစားသွားခဲ့ပေမယ့် အခုလိုပြင်ဆင်နေတဲ့ အချိန်မှာတောင်ရလဒ်ကောင်းထွက်ဖို့တခုခုလိုနေပါတယ်” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းရဲ့ ကြယ်ပွင့်တိုက်စစ် ကစားသမား နေမာ ဟာဒဏ်ရာကြောင့် အခုပွဲစဉ်ကို လွဲချော်ခဲ့ပြီး ဒီ PSG ကစားသမား မပါဝင်နိုင် မှုက အတော်လေးသိသာခဲ့တာဖြစ်ပါတယ်။နာမည်ကြီး ဘရာဇီးလ်အသင်းဟာ နောက်ဆုံး ၅ပွဲမှာ တိုက်စစ်ပိုင်းက သွင်းဂိုး ၄ဂိုးသာရထားတဲ့အထိအခြေအနေ ဆိုးနေတာဖြစ်ပါတယ်။

နည်းပြတီတေးကတော့ အခွင့်အရေးတွေကို အသုံးချနိုင်စွမ်း မရှိမှုအပေါ်ကို အပြစ်ဖို့သွားခဲ့ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး တီတေးက – ” အခွင့် အလမ်းတွေကို ဂိုးတွေအဖြစ် ပြောင်းလဲနိုင်ဖို့က အရေးကြီးပါတယ်။ကျွန်တော်ပြေတဲ့ အထဲမှာပင်နယ်တီလည်း ပါပါတယ် ” လို့ဆိုသွားခဲ့ပါတယ်။

တီတေးဟာ အခုပွဲစဉ်မှာ မက်ဆီကို အဝါကဒ်ပြသဖို့ ကွင်းလယ်ဒိုင်ကို အော်ဟစ် တောင်းဆိုခဲ့ပြီး အဆိုပါအနေအထားမှာမက်ဆီက နှုတ်ခမ်းကို လက်နဲ့ပိတ်တဲ့ အမူအရာနဲ့ ‘ ပါးစပ်ပိတ်ထား’ လို့ပြန်ပြီးတုန့်ပြန်သွားခဲ့ပါတယ်။မက်ဆီဟာကိုပါအမေရိက ပြိုင်ပွဲတုန်းကလည်းကျင်းပရေးကော်မတီကို ဝေဖန်တဲ့စကားတွေပြောဆိုခဲ့မှုကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခဲ့ရပါသေးတယ်။

SM