ဘိုင်ယန် မြူးနစ် အသင်းရဲ့ ပင်တိုင် ဂိုးသွင်းရှင် လီဝန်ဒေါစကီး က အသင်းကို ယာယီ ထိန်းသိမ်း ကိုင်တွယ်နေတဲ့ ဟန်ဆီ ဖလစ် ဟာ အမြဲတမ်း နည်းပြ ရာထူး နဲ့ ထိုက်တန်တဲ့သူလို့ ယုံကြည်ကြောင်း ချီးကျူး ပြောကြား လိုက်ပါတယ် ။

ဘိုင်ယန် မြူးနစ် အသင်းဟာ ဘွန်ဒက်စ်လီဂါ မှာ ဖရန့်ဖတ် အသင်းကို ငါးဂိုး တစ်ဂိုး နဲ့ ရှုံးနိမ့်ပြီးနောက် နည်းပြ နီကို ကိုဗက် ကို ထုတ်ပယ်ပြီး ဖလစ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ် ထားတာလည်း ဖြစ်ပါတယ် ။

ဟန်ဆီ ဖလစ် ကိုင်တွယ်ထားတဲ့ နှစ်ပွဲမှာ ဘိုင်ယန် မြူးနစ် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အိုလံပီယာကောစ့် အသင်းကို ၂-၀ ၊ ဘွန်ဒက်စ်လီဂါ မှာ မဟာ ပြိုင်ဘက် ဒေါ့မွန် အသင်းကို လေးဂိုးပြတ် အနိုင် ရထားပြီး ရလဒ်ကောင်းတွေ ရယူ ထားနိုင်ပါတယ် ။

ဘိုင်ယန် မြူးနစ် အသင်း နဲ့ ပိုလန် လက်ရွေးစင် အသင်းတို့ရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး က နည်းပြသစ် မရှာဖွေဘဲ ဖလစ် ကို ရာသီကုန်အထိ နည်းပြ အဖြစ်တာဝန် ပေးအပ်ဖို့ တိုက်တွန်း ပြော ကြား လိုက် ပါ တယ် ။

လီဝန်ဒေါစကီးက TVN24 နဲ့ အင်တာဗျူးမှာ ” ဟန်ဆီ ဖလစ် က အသင်း အတွက် အမှန်ကန်ဆုံး နည်းပြ ဖြစ်တယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ် ၊ သူ့ကို အသင်းရဲ့ နည်းပြ အဖြစ် အခွင့်အရေး လုံးဝ ပေးသင့်ပါတယ် ၊ အနည်းဆုံးတော့ ရာသီကုန်ခါနီး အထိပေါ့ဗျာ ။ ”

” ကျနော်တို့ နဲ့ သူနဲ့ ကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ် ။ သူက နည်းစနစ်ပိုင်းကော ၊ ဘောလုံး အကြောင်းကော နှံ့နှံ့စပ်စပ် သိတဲ့ နည်းပြတစ်ဦးပါ ၊ အချိန်တိုလေး အတွင်းမှာပဲ အသင်းရဲ့ ကစားပုံ တိုးတက် ကောင်းမွန်လာအောင် နဲ့ နိုင်ပွဲတွေ ရအောင် စွမ်းဆောင် ပေးထား နိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘိုင်ယန်မြူးနစ် ရဲ့ ဥက္ကဌ လိုသာ မားသီးယက်စ် ကတော့ နည်းပြဟောင်း ဂွာဒီယိုလာ ကို ပြန်လည် ခန့်အပ်တာဟာ အသင်းအတွက် အကောင်းဆုံး အ​ဖြေ ဖြစ်တယ်လို့ ဝန်ခံ ထားပါတယ် ။

မားသီးယက်စ် က Bild နဲ့ အင်တာဗျူးမှာ ” ဘိုင်ယန် အသင်းအနေနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာပေး ကစားချင်တယ်ဆိုရင်တော့ ဂွာဒီယိုလာ ကို ခေါ်တာထက် ပိုကောင်းတဲ့ အဖြေ မရှိတော့ပါဘူး ၊ ဘိုင်ယန်မြူးနစ် အတွက်ကော ဘွန်ဒက်စ်လီဂါ အတွက်ပါ ပိုကောင်းသွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR