လီယွန်နယ် မက်ဆီ က ကိုပါအမေရိက ဖလား ပြိုင်ပွဲဟာ ဘရာဇီး အသင်း အတွက် စီစဉ်ထားတာ ဖြစ်တယ်လို့ မကြာသေးမီက ဝေဖန်ပြောဆို ခဲ့ပြီး Selecao နည်းပြ တီတီ ကတော့ ဘာစီလိုနာ စတား အနေနဲ့ လေးစားမှု ပိုမို ထားရှိရန် နဲ့ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ ရတဲ့ အခါ လက်သင့်ခံဖို့ လိုအပ် တယ်လို့ ပြန်လည် တုန့်ပြန် လိုက်ပါတယ်။

အာဂျင်တီးနား အသင်းဟာ ဘရာဇီး ကို ရှုံးနိမ့် ခဲ့တဲ့ ကိုပါအမေရိက ဖလား ဆီမီးဖိုင်နယ်မှာ ၎င်းတို့ ရသင့်တဲ့ ပင်နယ်တီ သွင်းဂိုး ၂ ဂိုး ခွင့်ပြုခြင်း မခံ ခဲ့ရတဲ့ အပြင် ချီလီ ကို အနိုင် ရခဲ့တဲ့ တတိယ နေရာလုပွဲ မှာ ဆိုရင်လည်း မက်ဆီ ဟာ အငြင်းပွားဖွယ် အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ ရပါတယ်။

မက်ဆီ ဟာ ဒိုင်တွေဟာ ပြိုင်ပွဲ တစ်လျှောက်လုံး အိမ်ရှင် အသင်းကို ပစား ပေးခဲ့တဲ့ အပြင် ဒီပြိုင်ပွဲမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတယ်လို့ ဝေဖန် ပြစ်တင် လိုက်ပါတယ်။ ဘရာဇီး အသင်းဟာ မနေ့ညက ဖိုင်နယ် ပွဲစဉ်မှာ ပီရူး အသင်းကို ၃ – ၁ နဲ့ အနိုင် ရရှိခဲ့ကာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကိုပါအမေရိက ဖလား ကို ပြန်လည် ရရှိ ခဲ့ကာ အဆိုပါ ပွဲပြီးနောက် တီတီက မက်ဆီ ရဲ့ ဝေဖန်ပြောဆိုမှုတွေဟာ မှားယွင်းတယ်လို့ ဆိုလိုက် ပါတယ်။

တီတီ က “သာမန်ထက် ထူးကဲလွန်းသူလို့ ကျွန်တော် ယူဆတဲ့သူ ၊ အခြား ကမ္ဘာက လာတဲ့သူလို့ ကျွန်တော် သတ်မှတ် ထားတဲ့သူ အနေနဲ့ ပိုမို လေးစားမှု ရှိဖို့ နဲ့ ရှုံးနိမ့်တဲ့ အခါ လက်ခံ သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ပွဲပေါင်းများစွာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ထိခိုက် နာကျင် ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ အာဂျင်တီးနားနဲ့ တစ်ပွဲလုံး သန့်ရှင်းစွာ ကစား ခဲ့ပါတယ်။ ကျွန်တော် ရိုးသားစွာ ပြောတာပါ။ သူဟာ သူ့ရဲ့ ဂုဏ်သိက္ခာကြောင့် ကြီးမားတဲ့ ဖိအားတွေကို ထမ်းပိုး ထားရပါတယ်။” လို့ ဆိုသွား ပါတယ်။

မက်ဆီ ရဲ့ ပြောဆိုမှု အပေါ် မပျော်မရွှင် ဖြစ်နေ ပေမယ့် တီတီ က အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ချီလီနဲ့ ပွဲမှာ ထုတ်ပယ်ခြင်း မခံထိုက်ဘူးလို့ ပြောသွား ပါတယ်။ အသက် ၃၂ နှစ် အရွယ် ကစားသမားဟာ ချီလီ နောက်ခံလူ မီဒယ် နဲ့ တစ်ဦးနဲ့ တစ်ဦး အချင်းများခဲ့မှု ကနေ တဆင့် ပထမပိုင်းမှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။

တီတီ က “သူဟာ မမျှတတဲ့ ပုံစံနဲ့ ထုတ်ပယ် ခံခဲ့ ရပါတယ်။ အနီကတ် ထိသင့်တာ မီဒယ်ပါ။ သူ့အတွက် အ၀ါကတ်ဆိုတာ အများဆုံး ပါပဲ။” လို့ ဆိုလိုက် ပါတယ်။

ဘရာဇီး ကို မိခင်မြေမှာ ဆုဖလား ရယူ ပေးခဲ့ပြီးနောက် တီတီ ဟာ ကိုပါအမေရိက ၊ ကိုပါ လီဘာတေးဒိုး နဲ့ ကိုပါဆက်အမေရိကနာ ဖလား တို့ကို ဆွတ်ခူး နိုင်ခဲ့တဲ့ ပထမဦးဆုံး မန်နေဂျာ ဖြစ်လာ ခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရရှိ ခဲ့တဲ့ ဒါနီအဲဗက်စ် ဟာ နည်းပြ တီတီ ကို ချီးကျူး ပြောဆို သွားခဲ့ပါတယ်။

အဲဗက်စ် က “ကျွန်တော်တို့ သင်္ဘောရဲ့ ခေါင်းဆောင်ဟာ တီတီပါ။ ကျွန်တော်တို့ နဲ့ ကျွန်တော်တို့ လူမျိုးတွေဟာ ဂုဏ်ယူ နေကြပါတယ်။ ကျွန်တော် ထပ်ပြော ချင်ပါတယ်။ ကျွန်တော်တို့ ၀န်ထမ်းတွေ အတွက်လည်း ဂုဏ်ယူ ပါတယ်။ မာရာကန်နာ မှာ ကစားရတာဟာ အမြဲတမ်း စပယ်ရှယ် ပါပဲ။ ဒါဟာ ကျွန်တော်တို့ အိမ်ပါ။

မက်ဆီ ပြောခဲ့တာကို ကျွန်တော် လက်မခံ ပါဘူး။ ကျွန်တော်တို့ဟာ ချန်ပီယံ ဖြစ်ဖို့ တအား ကြိုးစား ခဲ့ရတာပါ။ ကျွန်တော်တို့ စွမ်းအင်တွေ အများကြီး အသုံးပြု ခဲ့ရပါတယ်။ မက်ဆီ စိတ်ပျက်လက်ပျက် ဖြစ်နေတာကို ကျွန်တော် နားလည် နိုင်ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲဟာ ဘရာဇီး အတွက် ဖန်တီး ပေးထားတယ် ဆိုတဲ့ စကားကိုတော့ ကျွန်တော် သဘောမတူ ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီဖလားကို ရဖို့ အတွက် ကျွန်တော်တို့ အစွမ်းကုန် အားထုတ် ခဲ့ရလို့ပါပဲ။” လို့ ဆိုသွား ပါတယ်။

SM