ဂန်းနားတို့ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း မာတင်ကီယွန် က နည်းပြ အမ်မရီ လက်အောက်မှာ အာဆင်နယ် အသင်းရဲ့ ကိုယ်ပိုင် အမှတ်အသား တစ်ခု ပျောက်ဆုံး နေကြောင်း နဲ့ အခု လက်ရှိ အချိန်မှာတော့ အရင်တုန်းကလို အောင်မြင်မှုတွေ ရယူနိုင်ချေ မရှိကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ နည်းပြကြီး အာဆင်ဝင်းဂါး နဲ့ လမ်းခွဲပြီး နောက်ပိုင်း ပီအက်စ်ဂျီ နည်းပြဟောင်း အူနိုင်း အမ်မရီ ကို ခန့်အပ် ခဲ့တာလည်း ဖြစ်ပါတယ် ။ ကီယွန် ကတော့ နည်းပြ အမ်မရီ လက်ထက်မှာ အာဆင်နယ် အသင်း ရဲ့ စွဲမက်ဖွယ် ကစားဟန် ပျောက်ဆုံးသွားခဲ့ကြောင်း မချိတင်ကဲ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက်တိုက် နိုင်ပွဲ ​ပျောက်ဆုံးနေပြီး အဆင့် ၆ ကို ရောက်ရှိ နေသလို ပွဲစဉ် (၁၂) အပြီးမှာလည်း ထိပ်ဆုံး လေးသင်း နဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက် ၈ မှတ် အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်း ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားတာကြောင့် ပရိသတ်တွေ နဲ့ ဂန်းနား ဂန္တဝင် ကစားသမားဟောင်းတွေကတော့ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ လုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ ကတော့ ပရိသတ်တွေ ဆန္ဒရဲ့ ဆန့်ကျင်ဘက် အဖြစ် နည်းပြ အမ်မရီ ကို အပြည့်အဝ အားပေး ထောက်ခံ နေဆဲ ဖြစ်ပြီး နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ အစီစဉ် လုံးဝ မရှိသေးကြောင်း အတိအလင်း ပြောကြား ထားပါတယ် ။

အာဆင်နယ် အသင်းရဲ့ နောက်ခံလူဟောင်း မာတင်ကီယွန် က အမ်မရီ ဟာ အာဆင်နယ် အသင်းကို အောင်မြင်မှုတွေ ပြန်လည် ရယူပေးနိုင်မယ့် နည်းပြလား ဆိုတဲ့ မေးခွန်းကို talk Sport နဲ့ တွေ့ဆုံရာမှာ ” အချိန်က စကားပြောသွားပါလိမ့်မယ် ၊ အခု အချိန်မှာတော့ လုံးဝ မဖြစ်နိုင်သေးပါဘူး ၊ အခြေအနေ မကောင်းပါဘူး ။ ”

” အာဆင်နယ် အသင်းရဲ့ အထင်ကရ အမှတ်အသား တစ်ခု လုံးဝ ပျောက်ဆုံး သွားခဲ့ရပါပြီ ၊ အာဆင်ဝင်းဂါး လက်အောက်မှာ ကျနော်တို့ ကစားခဲ့ကြတဲ့ လှပ ညက်ညောတဲ့ ဘောလုံး ကစားဟန် မတွေ့ရတော့ပါဘူး ၊ ကျနော်တို့ရဲ့ ပျောက်ဆုံးနေတဲ့ ကစားဟန်ကို အလျင်အမြန် ပြန်ရအောင် လုပ်သင့်ပါပြီ ။ ”

” သူ(အမ်မရီ)ကလည်း ဖိအားတွေအောက် ရောက်နေပုံပါပဲ ၊ သူ့ပုံစံကလည်း မီဒီယာ နဲ့ ပြောဆို ဆက်ဆံရာမှာ အခက်အခဲ ရှိနေပါတယ် ၊ သူ ပြန်ဖြေတာတွေက သုံးလေးခွန်း လောက်ပါပဲ ၊ ဘုတ်အဖွဲ့ကတော့ တက်နိုင်သလောက် သူ့ကို ထောက်ခံ ပေးနေဦးမှာပါ ။

” ဒါပေမယ့် အမ်မရီကလည်း တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ် ၊ အမ်မရီ အကောင်းဆုံး လုပ်နိုင်ပါစေလို့ ဆုတောင်း ပေးနေပါတယ် ၊ ကျနော်တို့ အသင်းက တကယ့်ကို အကျပ်အတည်း ကာလ နဲ့ ရင်ဆိုင် နေရတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။