အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ရေးပါလာက သူ့ရဲ့ ဆရာဖြစ်သူ အာဆင်ဝင်းဂါး ဟာ ဘောလုံးကွင်းထဲမှာတော့ ကစားပုံ မကောင်းတဲ့သူ တစ်ယောက် ဖြစ်ကြောင်း အရွန်းဖောက် လိုက်ပြီး သူ့ရဲ့ ဘောလုံး စွမ်းရည်ဟာ အလွန် ဆိုးရွားကြောင်း စနောက် သွားခဲ့ပါတယ် ။

ရေးပါလာ ဟာ အာဆင်ဝင်းဂါး လက်အောက်မှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၄ ခုနှစ် အထိ ရှစ်နှစ်ကြာ ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ် ဖလား သုံးကြိမ် အထိ ရယူ နိုင်ခဲ့ပါတယ် ။ ဒါကြောင့် ရေးပါလာ ဟာ အာဆင်ဝင်းဂါး အကြောင်းကို ကောင်းကောင်းသိတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူရဲ့ ဆရာ ဖြစ်သူဟာ ဘောလုံး ကစားပုံ မကောင်းတဲ့သူ ဖြစ်ကြောင်း ပရိသတ်တွေကို ဖောက်သည် ချသွားခဲ့ပါတယ် ။

အာဆင်ဝင်းဂါး ဟာ နည်းပြ ဘဝမှာ အာဆင်နယ် အသင်း နဲ့ အတူ ဖလား အောင်မြင်မှုတွေ ရယူ နိုင်ခဲ့ပေမယ့် ကစားသမား ဘဝမှာတော့ မထင်မရှား ကလပ် အသင်းတွေမှာသာ ဖြတ်သန်း ခဲ့ဖူးပြီး အောင်မြင်မှု ကြီးကြီးမားမား ရယူ နိုင်ခဲ့ခြင်း မရှိ ပါဘူး ။

ရေးပါလာ က talkSport မှာ ပြောကြား ခဲ့ရာတွင် ” အာဆင်းက ဘောလုံးသမား တစ်ယောက် မဟုတ်ပါဘူးဗျာ ။ နည်းပြ တစ်ယောက်ယောက် ကွင်းထဲမှာ ဘောလုံး ကစားရင် အားလုံးက သူ့ရဲ့ ဘောလုံး စွမ်းရည်ကို မျှော်လင့် ကြမှာပါပဲ ။ ဒါပေမယ့် အာဆင်းရဲ့ ကစားပုံကတော့ တော်တော်လေး ဆိုးရွားပါတယ် ။ ”

” ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ လူခွဲ ကစားကြတဲ့ အချိန်မှာ သူလည်း ဝင်ကစားလေ့ ရှိပါတယ် ။ ဒါပေမယ့် နောက်ဆုံးမှာ ကျန်ပြီး ဘယ်သူမှ မလိုချင်တဲ့ ကစားသမား ကတော့ သူပါပဲ ။ ကျွန်တော်တို့ အားလုံးက အနိုင်ရချင် ကြတဲ့သူတွေပါ ၊ ဒါပေမယ့် အာဆင်း ကိုယ့်ဘက် ပါလာရင်တော့ အနိုင်ရနိုင်ချေ နည်းသွားပါပြီ ။ ”

” သူကစားတာ ကြည့်ရတာ ရယ်ချင်စရာကြီးပါ ။ သူ့ကိုယ်တိုင်လည်း ရယ်နေတာပါပဲ ။ သူ အမှား အကြီးကြီး လုပ်မိသွားရင်လည်း အေးဆေး ပါပဲ ၊ သူက ရယ်မိသွားရင် အတောမသတ်နိုင်တဲ့ လူစားမျိုးပါ ။ အာဆင်းက ဘောလုံး ကစားသမားကောင်း တစ်ဦးတော့ မဟုတ်ပေမယ့် သူ့လက်အောက်မှာ ကစားသမားတိုင်း ကစားချင်ကြတဲ့ နည်းပြ တစ်ဦးပါ ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် နဲ့ အာဆင်ဝင်းဂါး လမ်းခွဲ ခဲ့တာဟာ တစ်နှစ်ကျော် ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း နဲ့ လမ်းခွဲ ပြီးကတည်းက အာဆင်း ဟာ ဘယ်အသင်းကိုမှ ကိုင်တွယ် နည်းပြခြင်း မရှိသေးဘဲ ရံဖန်ရံခါမှသာ ဘောလုံး အစီအစဉ်တွေမှာ ဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင် နေတာလည်း ဖြစ်ပါတယ် ။

အသက် ၆၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဆင်ဝင်းဂါး ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ အာဆင်နယ် အသင်းကို နည်းပြ ခဲ့ပြီး အာဆင်နယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ၊ အက်ဖ်အေ ဖလား ခုနှစ်ကြိမ် အောင်မြင်မှု ရယူ နိုင်ခဲ့ပါတယ် ။

SPORTS MYANMAR