ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ခြေစစ်ပွဲ အုပ်စု အဆင့် ပွဲစဉ်မှာ မြောက်အိုင်ယာလန် အသင်းနဲ့ နယ်သာလန် အသင်းတို့ ဂိုးမရှိသရေကျခဲ့ပါတယ်။နှစ်သင်းလုံးအတွက်အဆုံးအဖြတ်ပွဲမျိုးဖြစ်ခဲ့ပြီး နယ်သာလန်အသင်းအတွက်တော့ သရေရလဒ်က ကျေနပ်စရာကောင်းခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရမှတ် တမှတ်ရခဲ့တာကြောင့်လည်း နယ်သာလန် အသင်းဟာ အုပ်စု Cကနေ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ကမ္ဘာ့ဘောလုံးလောကမှာ လိမ္မော်ရောင် တပ်သားတွေလို့ကျော်ကြားတဲ့ နယ်သာလန်အသင်းအတွက်တော့အဓိကပြိုင်ပွဲကြီးတွေရဲ့နောက်ဆုံးအဆင့်ပွဲတွေနဲ့ ဆက်တိုက်လွဲချော်ထားခဲ့ရမှုကို ရပ်တန့်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန် အသင်းဟာ ဥရောပရဲ့ လူရိုသေ ရှင်ရိုသေ အသင်းတသင်းအဖြစ် ရှိနေခဲ့ပေမယ့် ၂၀၁၆ ဥရောပ ချန်ပီယံ ရှစ် ပြိုင်ကြီးနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင် ပွဲကြီး ၂ခုဆက်တိုက် ခြေစစ်ပွဲ အောင် မြင် ခဲ့ခြင်း မရှိလို့ စိတ်ပျက်စရာအခြေအနေမျိုးကို ကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။

မြောက်အိုင်ယာလန် အသင်းဟာ အခုပွဲစဉ်ကို အနိုင်ရလိုက်ပါက ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်ရှိနေတာဖြစ်လို့ အကောင်းဆုံးကြိုးစားသွားခဲ့ပြီး၊ ပွဲချိန်ကထမပိုင်းမှာရခဲ့တဲ့ ပင်နယ်တီ အခွင့်အရေးကိုစတင်ဗင်ဒေးဗစ်က အသုံးမချနိုင်ခဲ့ လို့သာ နယ်သာလန် အသင်းကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဓိကတိုက်စစ် ကစားသမား တဦးဖြစ်တဲ့ ဒီပေး ဒဏ်ရာကြောင့် မပါဝင် နိုင်ခဲ့လို့ နယ်သာလန် တိုက်စစ်က အနည်းငယ် အားနည်းခဲ့ရပြီး သွင်းဂိုးတောင်မရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့ သရေတမှတ်ကိုရအောင်ယူနိုင်ခဲ့လို့ လာမယ့်နွေမှာကျင်းပမယ့်နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးမှာ နေရာတနေရာသေချာသွားခဲ့ပါတယ်။

ပွဲအပြီး မှာ ဒတ်ချ်ရုပ်သံလိုင်း တခုဖြစ်တဲ့ NOS နဲ့အင်တာဗျူးမှာ နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်က – ” အခုဆိုရင် ကျွန်တော်တို့အသင်းဟာ ယူရိုုပြိုင်ပွဲကြီးကို တဖန်ပါဝင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအရာလည်းဖြစ်ပါတယ်။

ဒီနေ့ ပွဲကို ကျွန်တော်တို့ အသင်း အနိုင်ရချင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။မလွယ်ကူလောက်ဘူးဆိုတာ နားလည်ထားပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ အသင်းခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ဒီပွဲကို မနိုင်လိုက်တာ သိပ်တော့အရေးမကြီးပါဘူး။

ပွဲအစ ၁၅မိနစ် လောက်မှာ မြောက်အိုင်ယာလန် အသင်းက ဘောလုံးတိုက်ရိုက်ပေးပို့မှုတွေနဲ့ ပွဲကို ကစားခဲ့ပြီး အလွတ်တည်ကန်ဘောတွေ၊ ထောင့်ကန်ဘောတွေကနေ ဂိုးရဖို့ မျှော်လင့်ခဲ့ကြပါတယ်။ကျွန်တော်တို့ အသင်းအတွက်တော့ ထက်ထက်မြတ်မြတ်ရှိနေနိုင်ဖို့ လိုအပ်ခဲ့ပြီး ကောင်းကောင်းလည်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ အခုဆိုရင် ဥရောပ ချန်ပီယံ ရှစ်ပြိုင်ပွဲကြီးကို သွားရောက်ပြီးပါဝင်ကစားရတော့မှာဖြစ်ပါတယ်။ဒီအတွက်လည်းကျွန်တော်တို့ အခုချိန်မှာ ကျေနပ်ပျော်ရွှင်နေရမှာဖြစ်ပါတယ်။အဲ့ ဒီီနောက်ဆုံးအဆင့်ပြိုင်ပွဲကြီးအတွက်ကျွန်တော်တို့ကောင်းကောင်းပြင်ဆင်သွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

နယ်သာလန် အသင်း ဟာ အခုပွဲမှာ ၂မှတ်လျော့ခဲ့လို့ ဦးဆောင်သူ ဂျာမနီအသင်းနဲ့ ၂မှတ်အကွာ အနေအထားကိုရောက်သွားခဲ့ပါတယ်။မြောက်အိုင်ယာလန် အသင်း ကတော့ တိုက်ရိုက်ဝင်ခွင့်ဆုံးရှံုးခဲ့ရပေမယ့် ရှံုးထွက် လမ်းကြောင်းကနေ နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကို မျှော်လင့်နိုင်သေးတာဖြစ်ပါတယ်။

အုပ်စု C ရဲ့ နောက်ဆုံးအပိတ်ပွဲစဉ်တွေကို လာမယ့်ကြားရက် အတွင်းမှာ ဆက်လက်ကစားသွားကြ မှာဖြစ်ပြီး နယ်သာလန်အသင်းက အက်စ်တိုးနီးယား၊ ဂျာမနီ အသင်းက မြောက်အိုင်ယာလန် တို့ကို အိမ်ကွင်းတွေမှာ အသီးသီးဧည့်ခံရမှာဖြစ်ပါတယ်။

SM